လာလမ်းကမှုံ၊ရိပ်မြုံကကင်း
ထွာနံကျင်းကျင်း၊ဝမ်းအိမ်တွင်းမှ
ငါကရောက်ရှိ၊လောက၏ဒဏ်
ခံပြန်ရတာ၊ဓမ္မတာမို့
တွေးလို့မပူ၊ငါသည်လူဟာ
တစ်ကိုယ်သာထဲ၊ရဲရဲလျှောက်မယ်
ပင်လယ်လိုဝေ၊ဒုက္ခဖွေရင်း
ချစ်ခြင်းမုန်းခြင်း၊စုံအောင်ခင်းကာ
ကစားရှာတယ်၊ယောင်လည်လည်နဲ့။
လားရပ်ကဝါး၊ဆန်းပြားမနော
လူ့သဘောထွေ၊တွေတွေခတ်လူး
အာရုဏ်ဦးမှ၊တစစတည်
မွန်းတည့်ဆီကို၊တစ်ဖန်ထိုမှ
ခဝါချပြီ၊နေခြည်ညိုရယ်
အဘယ်ရပ်သို့၊မြန်းလို့သင်သွား
ငါ့အားအသင်၊လမ်းထွင်ပြလား
ဟုတ်ငြားခဲ့လျှင်၊အကြင်ဆွေတော်
ရောက်လိုသောဆု၊ငါခုပြုမယ်
အချစ်ရယ်ကင်း၊အမုန်းရှင်းသော
ဒုက္ခတောမှ၊ဖယ်ရအမှန်
နိဗ္ဗာန်ရွှေပြည်၊ရောက်စေရည်သည်
ဆွေညီတစ်သင်း၊ပေါင်းရင်းဖော်မို့
ရလို့အာရုံ၊ချပြရုံမျှ
တစ်ခဏတွင်၊သင့်ဘဝင်မှာ
အသိစင်ကာရှိပါစေ။
No comments:
Post a Comment