အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Sunday 25 November 2012

အဝေးကချစ်သူသို့

ညို့မှိုင်းတောင်စဉ်များ........

အထပ်ထပ်ဝန်းရံကာဆီးထား.......

ငွေနှင်းမြူအေး.......

ဖြူဖြူဖွေးတို့........

ဝေဆာလို့ရယ်......

အလွမ်းမိုင်တိုင်ပေါင်း......

များစွာတို့ကြား........

ရေမြေတွေခြား.......

တစ်နယ်စီဝေးကွာနေရတယ်......

လွမ်းတယ်ချစ်ရယ်.......

နှစ်ကိုယ်တူပျော်မြူး.......

ကြည်နူးခဲ့ဖူးတဲ့.......

နေ့ရက်တွေကိုလည်း......

သတိရမိတယ်.......

တမ်းတမိတယ်ချစ်ရယ်........

ပြန်မဆုံနိုင်သေး.......

အနေဝေးချိန်မှာ.......

ဟိုး.....အရင်ကမင်းနဲ့.....

ပတ်သတ်ခဲ့တဲ့အရာတိုင်းဟာ.......

လွမ်းစရာချည်းမို့.......

လွမ်းလို့နေဆဲ......

လွမ်းနေမြဲပါချစ်ရယ်....။

Saturday 24 November 2012

အဆောင်သူလေးသို့

တစ်ခုသောညရဲ့ကောင်းကင်

ကြယ်တာရာစုံကာလင်း

လမင်းလည်းဝင်းပါသည်

မှန်ရွှေပြူတင်းမှာတော့

သူကပေါ်မလာပါ။

အဆောင်သူမြသက်ဖူး

အချစ်ဦးသူမောင့်မေပျို

တေးချိုချိုလေးသီလို့ပေး

ကိုသိန်းတန်ရဲ့တေးနဲ့ပေါ့။

ဖိုးလမင်းကိုအောင်သွယ်ခိုင်း

သူ့ကိုချစ်တဲ့အကြောင်း

ပြန်ပြောင်းပြောစေ။

ဖိုးရွှေလမင်းတိမ်မြူကင်းမို့

ဝင်းလို့စိုပြေမေ့မျက်ရွှေကို

ဘဝင်ဖိုကာစောင့်မျှော်နေရဲ့

အလွမ်းသဲ့သဲ့နဲ့ပေါ့။

မောင့်သီချင်းသံဆုံး

မေ့အသည်းနှလုံး

ကြည်နူးမှုအပြုံးတွေဖုံးကာ

အကြင်နာညချမ်းမှာ

မောင့်အနမ်းများနှင့်

မှေးစက်ပါချစ်သူ။

မှတ်ချက်။။ဂစ်တာမတီးတတ်လို့မယ်ဒလင်နဲ့ဆိုခဲ့ရခြင်းပါ။

လေးစားလျှက်

ရင်ခုန်ရသူ

အမျိုးပျောက်မှာစိုးကြောက်ပါ

ချစ်သောမိတ်ဆွေတို့တစ်တွေသည်

အေးမြတဲ့အရိပ်စစ်မှန်တဲ့လမ်း

ငြိမ်းချမ်းတဲ့ပန်းတိုင်ရှိတာအသိပါ

တို့များဘာသာတို့သာဿနာဟာ

တို့ဘုရားရှင်လျှောက်

ရောက်လို့သွားတာတို့အသိပါ

တို့နောက်များစွာတို့သဟာတွေ

လမ်းမှချော်ထွက်ပျော်ပျက်ခြင်းတွေ

ဝေးကြပါစေ

တို့များဘာသာတို့သာဿနာ

အဓွန့်ရှည်ကြာတည်စေရေးဟာ

တို့များဝန်တာသိရှိပါ

မလိုမုန်းထားအဖျက်သမားသည်

ရှေ့ကလာသည်နောက်ကလည်းလာသည်

အသီသီနဲ့သတိမမဲ့ကြလေနဲ့ကွယ်

စကားကဖျက်အဝတ်ကဖျက်

အနေဖျက်မို့

အပျက်ပျက်နှာခေါင်းသွေးမထွက်စေချင်

စောင့်ပါမိတ်ဆွေမျိုးဂုဏ်သရေကို

မေ့ကာမထားကြလေနဲ့ကွယ်...

ရေးသူဆန္ဒကဗျာမကျလျှင်

ဝန္တာမိတောင်းပန်ပါ၏......။

လေးစားလျှက်

ရင်ခုန်ရသူ

***လွမ်းလို့နေမှာပေါ့***

ဟိုး.....အရင်ကပေါ့ဗမာနဲ့ပလောင်နဲ့
ကြက်တိုက်ကြမယ်လို့ချိန်းကြတာပေါ့
အဲတော့ဗမာကဥာဏ်များတယ်ဆိုတော့
တဇပြင်ကလင်းတကြီးကို
ဖမ်းထားတာပေါ့
ပလောင်ရောက်လာတော့
ကြက်ချင်းတိုက်ကြတာပေါ့
စဉ်းစားကြည့်ပါဦး
ကြက်နဲ့လင်းတနဲ့တိုက်မှတော့
ကြက်ဘယ်လိုနိုင်မှာလဲ
ဒီတော့ပလောင်က
"ဗမာနင့်ကြက်ကြီးငါ့ကိုရောင်းပါ့လား"တဲ့
ဗမာကလည်း"ခင်ဗျားလိုချင်ရင်
ကျုပ်မရောင်းချင်ပေမဲ့ရောင်းပါ့မယ်"တဲ့
သူကခပ်တည်တည်ပြောလိုက်သေးတယ်လေ
ဒီလိုနဲ့
ပလောင်ကလင်းတကြီးတောင်ပေါ်ယူသွားတာပေါ့
တောင်ပေါ်ရောက်တော့လင်းတကြီးကတမှိုင်မှိုင်နဲ့ပေါ့
ကောက်ဆန်လဲမစားဘူးပေါ့လင်းတကိုဗျ
ဒီလိုနဲ့ပလောင်ကဗမာနဲ့
တနေရာမှာတွေ့တော့
"ဗမာနင့်ကြက်ဖကြီးက
အောက်အီးလည်းမတွန်
ကောက်ဆန်လည်းမစားဘူး"တဲ့
ဗမာကဘာပြောလိုက်လည်းဆိုတော့
(ဗမာပြည်ကို)"လွမ်းလို့နေမှာပေါ့"တဲ့

ရယ်ရွှင်နိုင်ကြပါစေ

လေးစားလျှက်

***ရင်ခုန်ရသူ***

**+မေမေ့အားပေးသံ+**

အမေ့သားလေး

လုလင်သွေး

ရှေ့ရေးဘယ်ပုံတွေး.....။

လောကလမ်းဝယ်

လျှောက်စဉ်မယ်

အားရယ်မငယ်မာန်ဝင့်ကြွယ်.....။

ကြုံမယ်ဒုက္ခော

လူ့သဘော

ထူပြောလှပေတယ်.....။

အမောင်လျှောက်လမ်း

မဆုတ်တမ်း

တက်လှမ်းရပေမည်.....။

လဲရင်ပြန်ထ

ဇွဲမချ

မှန်းဆပန်းတိုင်ဆီ....။

အောင်မြင်ဖို့ရေး

ရှုမျှော်တွေး

အားမွေးထားမေ့သား.....။

လေးစားလျှက်

ရင်ခုန်ရသူ

အလွမ်းသဝဏ်လွှာ

စမ်းရေကအေး

လေပြေသွေးမှာ

သင်းစွာရနံ့ပန်း။

နေခြည်ကဖွေး

ဆိုလွမ်းတေးတို့

ဝေးသို့မျှော်ကာလွမ်း။

ရော်ရွက်တွေကြွေ

ခလို့မြေဝယ်

သွယ်သွယ်လွင့်လို့ပေါ့။

မျောက်ကကြိုးခွေ

ဒေါင်းအိုးဝေ

မဲဇာတောင်ခြေရောက်သည်ပင်။

မြိုင်ယံသာမော

ဂိမာန်တောမို့

မောင်ဖုန်းလွမ်းလို့ဖြေမဆည်။

ဗွေသီထက်ခေါင်

ကြားနိုင်အောင်

လွမ်းမောင်အော်လို့ဆွေး။

မယ်ထွေးလုံမ

လေးဝတော်ဝင်

ပျိုခင်လှသက်ထား။

ကြင်သူနဲ့ဝေး

တို့မဆွေးရန်

အပြေးအမြန်လာခဲ့မည်။

ထောက်လို့ကြိုစေ

မောင့်ချစ်ဆွေရယ်

လမ်းဝယ်ဆီးလို့လေး။

Tuesday 20 November 2012

***မောင့်ဘဝပိုးစုန်းကြူးနှယ်***

လရောင်ကွယ်ပျောက်၊တိမ်မဲနှောက်ချိန်

ခပ်မှိန်မှိန်လက်၊တစ်ချက်တစ်ချက်

သွက်သွက်ခတ်လူး၊ပိုးစုန်းကြူးငယ်

အလှရယ်က၊လမိုက်ညမှာ

တင့်တယ်တာပေါ့။

စန္ဒာလမင်း၊ထိန်လင်းပြည့်ခါ

လင်းရောင်ဖြာကျ၊ရေကန်လှပေါ်

ဖွားဖက်တော်သူ၊ကြာဖြူကလန်း

ဘယ်စခန်းမှာ၊ပျော်ရှာရပါ့

ပိုးစုန်းကြူးအလှရယ်။

သို့နည်းဟန်လို၊ချစ်သက်ပျိုရယ်

ဂုဏ်ငယ်သူမှာ၊ပမာပိုးစုန်း

လမိုက်တုန်းသာ၊ပျော်ရတာမို့

ဂုဏ်မြင့်သူတို့၊ဝန်းရံလို့စံ

မင်းသဏ္ဌာန်ကို၊ပျော်ရွှင်လိုသော်

မလျော်တာမို့၊အဝေးသို့သာ

ပြေးလို့လာခဲ့ပါပြီ။

လေးစားလျှက်

ရင်ခုန်ရသူ

Monday 19 November 2012

တို့မြန်ပြည်မှာလန်းတဲ့ပန်း

ခါတန်ခူးမှာလလွန်လှထူး

ရွှေရည်လူးပါတဲ့ပိတောက်ငယ်

လမ်းတစ်လျှောက်ဝယ်သင်း။

ပန်းစကားဝါရုံအစု

ကဆုန်နုချိန်ခါယံ

ဆု၊ဖွား၊ပွင့်၊စံလေးတန်မှု

ဗုဒ္ဓပြုရာရက်မြတ်ခါ။

ငွေစံပယ်ဖူးဖွေးဖွေးဖြူ

မိုးဖွဲငယ်ပျော်ကာကြူးမြက်သားငယ်မြူး

အလှထူးတဲ့နယုန်လ။

ပုန်းညက်နဲ့ခိုင်သင်ယှဉ်ပြိုင်ကာအလှပို

လဝါဆိုသပြေညိုခူးစိတ်ဝယ်ကြည်နူး။

ရွှေဝါခေါင်ရေဖောင်ဖောင်စီး

ရှုမညီးတဲ့ပန်းခတ္တာသင်းရနံ့တို့ဖြာ

ဂရုဓမ္မအခါယင်းမာတို့လန်း

မြတ်ပန်းတို့အလှဆင်လှေသဘင်ဆင်ကာနွှဲ

တော်သလင်းအလှပိုလွန်ကဲ။

အဘိဓမ္မာထိုအခါဇလ္လာထက်ဝယ်

ကြာဖြူရယ်လန်းသီတင်းကျွတ်ပန်း။

ခဝဲပွင့်တုန်းတန်ဆောင်မုန်းမှာ

ခင်းကာကထိန်ပွဲ

တူယှဉ်နွှဲလို့မယ်နဲ့မောင်နိဗ္ဗူဘောင်လှမ်း။

ဂမုန်းနဲ့သဇင်နတ်တော်ကိုအလှဆင်

ပန်းတော်ဝင်လွန်တင့်ဆန်းအမြင်လန်းပါဘိ။

ခွာညိုတွေကြိုင်လှိုင်သင်း

ပြာသိုလ်တွင်းဆောင်းလလယ်

ထမင်းနယ်ပြိုင်ကထိုးအလှတိုးတဲ့ဆူးပန်းရယ်

သန္တာငယ်အင်ကြင်းဖူးကွန့်လင်းတယ်

လတပေါင်းဝယ်အလှထူး

တူပျော်မြူးမယ်နဲ့မောင်လှမ်းခဲ့အောင်ခေါ်ချင်ပ

မြန်ပြည်အလှသာလို့ကဲ။

လေးစားလျှက်

ရင်ခုန်ရသူ

Friday 16 November 2012

****ဖေဖေသို့လွမ်းတေး****

ဖေဖေ....သားရဲ့ဖေဖေ

သားလေးလူ့လောကထဲ

ရောက်လာချိန်ကစလို့

နေပူမရှောင်မိုးရွာမရှောင်

လှုပ်ရှားရုန်းကန်ခဲ့တယ်....

သားလေးလူပုံအလယ်

မျက်နှာမငယ်ရအောင်

ကြံဆောင်အားထုတ်

တကုတ်ကုတ်နဲ့

ကြိုးစားခဲ့တဲ့ဖေဖေ.....။

သားလေးအိပ်ယာဝင်တိုင်း

မယ်ဒလင်အိုလေးတီး

သီချင်းလေးညီးကာ

ချော့သိပ်ရှာတဲ့ဖေဖေ

သားရဲ့နားထဲ

အမြဲကြားလို့နေဆဲပါ.....။

သားလေးကျောင်းသွားတိုင်း

ဖေဖေမေးတဲ့စကားလေးတစ်ခွန်း

ဖေ့သားကြီးရင်ဘာလုပ်မယ်

သားအမြဲဖြေခဲ့တယ်

အဆိုတော်ကြီးလုပ်ပါမယ်.....။

ဖေဖေ....အခုသားလေး

တေးဆိုသမားလေးဖြစ်နေပြီ

သားချစ်ဖေဖေ

သားကိုခွဲခွာ

နှစ်(20)ကြာပေမဲ့

သားရဲ့ရင်ထဲ

အမြဲလွမ်းနေရလို့

ဖေဖေ....ဖေဖေ......

ဖေဖေရေ...............လို့

ကမ္ဘာတစ်ခုလုံးကြားအောင်

သားအော်ဟစ်နေမိတယ်ဖေဖေ

သားတို့ဆီကို

ဖေဖေပြန်မလာတော့ပေမဲ့

သားတို့မျှော်ဆဲ

မျှော်လင့်လို့နေမြဲပါ

ချစ်သောဖေဖေရယ်.........။

လေးစားလျှက်

***ရင်ခုန်ရသူ***

Tuesday 13 November 2012

ဖုန်းမောင့်မေပျို

ခြေတစ်လှမ်းရယ်

ကုဋေတစ်သန်းတန်ပေတဲ့

ခါးသေးလို့ရင်ချီ

ပဒုမ္မနီအလား

အသားတော်ဝါဝါညက်ကယ်

လှမျက်ခြယ်သူဇာပျို

မူယာပိုလွန်တင့်ဆန်း

ပတုန်းရောင်ကေသာမြမှ

စပယ်ကုံးလေးမြန်းလို့ဆင်

နန်းပျိုပင်ထင်မှတ်ရ

ရွှန်းလဲ့တောက်ပ

ရွှေသမင်မ

မျက်လုံးလှရယ်

ညွှတ်သွယ်နှုတ်ခမ်း

စိမ့်စမ်းနှယ်အေးမြ

မေ့အပြုံးလှဝယ်

သွေဖယ်မရ

ဘဝင်မှာတသသမို့......။

သက်ထားကြင်သူ

ဖုန်းမောင့်ပျိုဖြူရယ်

အလွမ်းနယ်မှာ

ကျွမ်းတကယ်အသည်းနဲ့

မှန်းရွယ်ကာဆိုချင်ပ

ချိန်ရာသီဂိမာန်လတွင်

မောင့်အလာလမ်း

ခင်လှမ်းလို့ကြိုစေလို

ချစ်သူပျို......။

လေးစားလျှက်

***ရင်ခုန်ရသူ***


မောတို့ဌာနေ

မောတို့ဌာနေ

အလွမ်းပြေ......

ရှာဖွေစကား

သီကုံးပါးလိုက်သည်....။

ငွေနှင်းမှုံအေး

လေဆော့သွေးမှာ.....

ယိမ်းကာလွန့်လူး

ထင်းရူးသွယ်တန်း

မြေနီလမ်းမှာ

ရင်ဖိုပါဘိ....

ချိုးကွေ့လို့ထား

ချိုင့်ဝှမ်းများနှင့်....။

စတော်ဘယ်ရီ

ချယ်ရီပန်းတို့

လန်းလို့ဝေဆာ

သင်းပျံ့စွာဖြင့်....။

ရင်ဝယ်တမ်းတ

လွမ်းရတဲ့နန်းရယ်.....

နှင်းတို့နဲ့အတူ

ပြန်လာမယ်.....

လေးစားလျှက်

ရင်ခုန်ရသူ

Friday 9 November 2012

ကြိုးတန်းပေါ်ကဥပမာ

မိုးမြင့်ယံမှာ၊တန်းကာထားတဲ့

ကြိုးတန်းရဲ့ပေါ်၊လျှောက်သော်လေလား

ကိုယ်နေထားအား၊ညီညီထားမှ

တစ်ဖက်စွန်းဆီ၊ပန်းတိုင်မည်ကို

ရောက်လိုကသာ၊ရောက်မည်သာလေ။

ကိုယ်ဟန်မညီ၊ယိုင်လီလီလုး

ချောက်ဦးဖျားမှ၊ခြေရင်းစသို့ 

ရောက်လို့ ကျတတ်၊သည်ဖြစ်ရပ်နှယ်

ဘ၀သွယ်သွယ်၊ဖြတ်ကာရယ်သန်း

လျှောက်လှမ်းရာလည်း၊ဖောက်လွဲကင်းကွာ

ဖြောင့်မတ်စွာလှမ်း၊လိုရာစခန်း

မြန်းမှသာလျှင်၊ပန်းဝင်လှပ

ပြုံးရမည်ပေ၊သို့ တစေကား

မိတ်ဆွေများတို့ ၊ကိုယ့်ဘဝကို

ပဲ့ထိန်းမပါ၊လှေငယ်အလား

စီးမျောလိုက်လျှင်၊ နေမဝင်ခင်

ရေရှင်ဝဲသို့ ၊လှည့်လို့ ကျမည်

အသိတစ်လုံး၊အမြတ်ဆုံးမို့ 

နိုးထအာရုံ၊လူဘဝဘုံ

လှပစုံအောင်၊ကြံဆောင်အားထုတ်

ဟန်ချက်ညီညီ၊ လျှောက်လှမ်းကြပါလေ။

လေးစားလျှက်

၇င်ခုန်ရသူ

Wednesday 7 November 2012

ရေခပ်ဆိပ်နဲ့ဆည်းဆာပန်းချီ

သူရိန်နေမင်း၊ရောင်အဆင်းက

နီညိုညိုဝါ၊ပြာကာရယ်လူး

အလှထူးတဲ့၊နေ့ရဲ့ဆည်းဆာ

ရွာအရှေ့ဦး၊ဖြောင့်ဖြူးလမ်းသာ

ကညာတစ်သင်း၊ရေခပ်ဆင်းရန်

ရွက်ရန်ရေအိုး၊ဆောင်သယ်ပိုးကို

လူပျိုတစ်သိုက်၊ခါးတောင်းကျိုက်နဲ့

ထိုးကွင်းလဲ့များ၊ကိုယ်စီကြွားကာ

မဟာဒူးပြ၊ခြင်းအလှကို

သူကတစ်မျိုး၊ငါကတစ်သွယ်

မင်းသားနှယ်က၊လုံမေလှတို့

ကြည့်လိုပင်ငေး၊ရေခပ်လမ်းလေး

သတင်းမွှေးမို့၊တို့ရွှာအလှ

မေ့မရနိုင်၊ရှုမဝနိုင်

ဆည်းဆာထက်တိုင်း၊ရှုတိုင်းမဝ

ရေဆိပ်ကပျို၊မူဟန်ပိုပို

မြှူချိုမျက်နှာ၊ဝင်းဖန့်စွာနဲ့

လိုက်လို့တုပြိုင်၊ဘယ်သူနိုင်မယ်

ဆည်းဆာနဲ့သူ၊ထပ်တူလှလွန်း

ဘယ်စာကဗျာ၊ဖွဲ့ကာမမှီ

ရေခပ်ဆိပ်နဲ့ဆည်းဆာပန်းချီ။

လေးစားလျှက်

ရင်ခုန်ရသူ

မျှော်ရတယ်ချစ်သူရယ်

ဆန်းလသော်တာ၊ထက်အာကာနန်း

လင်းရောင်ဖြန်းပက်၊နန်းထက်တော်ဝင်

ရွှေသဇင်ငယ်၊ပျံ့ပြယ်နှံ့လူး

ရနံ့ထူးရယ်၊ညွှတ်နူးဖွယ်သာ

လေသာပြူတင်း၊ဖြိုးဖျလင်းလက်

ချစ်ဦးသက်လျာ၊ပေါ်မလာခိုက်

စောင်းအိုပိုက်ကာ၊တိမ်ရိပ်လွှာရယ်

သွေဖယ်ပေးဖို့၊တောင်းလို့ဆိုမယ်

ချစ်သက်လယ်ဦး၊မြရည်လူးကို

မြင်လိုစိတ်စော၊ရင်မှာဇောထွေ

ကပ်လို့နေပြီ၊မိုးယံဆီမျှော်

သော်တာလှရယ်၊နှမငယ်အား

ခွန်းစကားချွေ၊ကူကာလေပြော

စောင်းသံနှောမှာ၊မောင့်သံသာတေး

ဟစ်လို့ပေးမယ်။

မောင့်တေးသံဆုံး၊အပြုံးမျက်နှာ

လမင်းသာပုံ၊ဘုံဆောင်သဉ္စာ

ခန်းဝါမှပေါ်၊မျက်နှာတော်လေး

ဖူးခွင့်ပေးရန်၊တောင်းခံလို့ရယ်

အသက်နှယ်သာ၊ချစ်ရှာရသူ

မောင့်သည်း(သဲ)ဖြူရယ်၊ငွေလရယ်ယွန်း

အနောက်စွန်းရန်၊ဖန်လာလေပြီ

ချိန်းထားတာမေ့နေပြီလားလေ။

လေးစားလျှက်

ရင်ခုန်ရသူ

Saturday 3 November 2012

***မိုး***

မိုးရေစက်တွေမြေမှာခပြီ

ချောင်းရေယဉ်လဲလျံလျံစီးဆင်း

သပြေညိုတို့အသီးတွေဖြိုင်

ကိုတောင်သူတို့လယ်တောသို့ဆင်း

ဖားငယ်တသင်းကအုန်းအုန်းညံ

ကောင်းကင်ယံကဥဩဆွဲ

မိုးခေါ်ငှက်လည်းပျော်ရွှင်မြူး

ကြည်းနူးရတဲ့ဒီရာသီက"မိုး"တဲ့လား

ဒါဆိုဒီရာသီက

ငါ့နှလုံးသားကိုအစပျိုး

နိုးထစေဖို့သူလှမ်းခေါ်

အချစ်းလမ်းပေါ်မှာသူနဲ့

တွဲကာလျှောက်ဖူးခဲ့

မေ့မရတဲ့ဒီရာသီ

ငါသိနေပါတယ်

"မိုး"ဆိုတဲ့သူ

မိုးရာသီတိုင်းမိုးစက်များနဲ့

တို့ကိုသတိရတမ်းတလွမ်းနေမှာပါ။

မိုးရာသီနဲ့"မိုး"ရဲ့အလှ

လိုက်ဖက်လွန်းလှခဲ့ဖူး

အခုလည်းပဲ"မိုး"နဲ့မိုး

ခွဲမရနိုင်အောင်ရှိနေမှာပါနော်။

လေးစားလျှက်

ရင်ခုန်ရသူ


Friday 2 November 2012

ငယ်ချစ်ဦးသို့

ရော်ရွက်ဝါတွေ၊မြေမှာခွေဆင်း

ပုရစ်တစ်သင်း၊အုန်းအော်နှင်းချိန်

ခါဂိမာန်သို့၊နင်းလို့ရောက်လာ

သည်းဦးညှာခင်၊ပျိုစင်သက်လျာ

လွမ်းစာသီကုံး၊ခရာရုံးစု

ပန်တော်ငယ်ဦး၊ပေလွှာဖူးနဲ့

ပါးခဲ့ချင်တယ်၊နှင်းငယ်တို့နှောင်း

နွေတပေါင်းမှာ၊မောင့်အလာလမ်း

ခင်မှန်းလို့ကြို၊မျက်ထားညိုမှာ

စိုးရှာသူဖို့၊နွမ်းလို့ခွေမှိုင်

အသည်းစိုင်ဝယ်၊အားရယ်ငယ်မိ။

မုတ်သုန်ငယ်ဦး၊နွေလေရူးတို့

မြူးလို့ဆော့ပြေး၊အတွေးစိတ်မှာ

မှေးမှိတ်နာခို၊ရွှေအိုရောင်လူး

ဆည်းဆာဦးမှာ၊တမ်းတစွာဖြင့်

ကမ်းလင့်စာချွန်၊သဝန်လွှာငယ်

ချစ်သက်ရွယ်စူး၊ဒီနွေဦးမှာ

မောင်ပြန်လာမယ်၊နှမငယ်ရယ်

လေးစားလျှက်

***ရင်ခုန်ရသူ***

Thursday 1 November 2012

ပေါင်းစပ်ခြင်းရဲ့သက်ရောက်မှု

ဆောင်းမနက်ရဲ့အေးစက်မှုတွေရယ်

ငွေနှင်းတို့ရဲ့တိုးဝှေ့မှုတွေရယ်

လေပြေညှင်းရဲ့ဆော့သွေးမှုတွေရယ်

ရိုးပြပြနေခြည်လေးရယ်

ကျေးငှက်တို့ရဲ့သီကျူးမှုတွေရယ်

ရေတံခွန်မှရေဆီးကျသံလေးတွေရယ်

အရာအားလုံးတို့ပေါင်းစုကာ

ဆောင်းဆိုသောအလှအပကို

ပီပီပြင်ပြင်ဖော်ထုတ်နေလေသည်။

အမြင်လေးတစ်ခု

အကြည့်လေးတစ်ခု

အပြုံးလေးတစ်ပွင့်

မျက်ဝန်းတစ်စုံ

ချိုသာတဲ့အပြော

ဖြူစင်တဲ့မနော

ညက်ညောတဲ့အသားရေ

ယဉ်ရှာတဲ့ကိုယ်နေဟန်

သည်အရာတွေအားလုံးပေါင်းစု

ငါ့ရင်ထဲကအချစ်ထုထည်တစ်ခုကို

ပီပီပြင်ပြင်ဖြစ်ပေါ်လာခဲ့ပြီ။

ဒီလိုအချိုးကျကျပေါင်းစပ်မှုတိုင်းရဲ့နောက်

သင့်တင်လျောက်ပတ်တဲ့အရာတစ်ခု

ပီပီပြင်ပြင်ဖြစ်ပေါ်စေတတ်သလား။

(တွေဝေလေလွင့်နေတဲ့အတွေး):-)

Followers