***
လက်ဝဲသုန္ဒရ အတ္ထုပ္ပတ္တိမဲဇာတောင်ခြေ-ချီ မဲဇာသစ်တောဖွဲ့ရတုရေးသူ လက်ဝဲသုန္ဒရအမတ်ကြီးမှာ ရွှေဘိုမြို့တောင်ဘက် ခရီးလေးတိုင်အကွာ မန်ကျည်းတုံရွာတွင် ၁၀၈၅-ခုနှစ်၌ မွေးဖွားသူ ဖြစ်၍ ငယ်မည်မှာ မောင်မြတ်စံဖြစ်သည်၊ မောင်မြတ်စံ ၇-နှစ်သား အရွယ်မှစ၍ ပညာသင်လျက် ၁၁-နှစ်သားအရွယ်တွင် ရှင်သာမဏေပြုပြီး ၁၄-နှစ်သား အရွယ်တွင် လူဝတ်လဲသည်၊ သာမဏေဘ၀ ဖြစ်စဉ်ကပင် မဟော်ပျို့ကို စပ်ဆိုနိုင်သည်။
ဟံသာဝတီရောက်မင်းတရားကြီးသည် စဥ့်ကိုင်ကို ကေတုမတီဟု သမုတ်၍ သတိုးမင်းခေါင်အား ကိုးသိန်းသခင်ဘွဲ့ နှင်းအပ်ပြီး ကေတုမတီတွင် ထီးပြိုင် နန်းပြိုင် အုပ်ချုပ်စေသောအခါ ဦးမြတ်စံသည် ကိုးသိန်းသခင်ထံတွင် စတင်ခစား အမှုထမ်းခွင့်ရလေသည်၊ သက္ကရာဇ် ၁၁၁၉-ခုနှစ်သို့ ရောက်သော အခါ အလောင်းမင်းတရားကြီးထံတွင် ခိုလှုံပြန်သည်၊ ထိုအခါ သားတော်ကြီး ဥပရာဇာထံတွင် ဦးစွာထမ်းရွက်ခွင့်ရသည်၊ နောက်ညီတော်အမြင့်မြို့စား အိမ်တော်တွင် အကြီးတော်အရာ ထမ်းရွက်နေထိုင်ခွင့် ရပြန်သည်။
ထိုအခိုက် ‘လက်ဝဲသုန္ဒရ’ ဘွဲ့ဖြင့် ချီးမြှင့်ခြင်း ခံရ၏။ ဒုတိယသားတော် ဆင်ဖြူရှင်မင်းတရားကြီး လက်ထက်တော်မှာလည်း အမြင့်မင်းအကြီးတော် အဖြစ်ဖြင့်ပင် ထမ်းရွက်ရလေသည်၊ အမြင့်မင်း၏ လူပျိုတော် မောင်အောင်တင် နှင့် အပျိုတော် မမိတ်တို့ အရေးအခင်းတွင် ငအောင်တင်ကို အကြီးတော် လက်ဝဲသုန္ဒရအား ဘုရင်ကတောင်းခံရာ မရ၍ မဲဇာသို့ အပို့ခံရလေသည်။
မဲဇာတောင်ခြေ-ချီ ရတု ဆက်သွင်းသောအခါ မဲဇာမှ ပြန်လည်ခေါ်ယူ၍ အကြီးတော်အရာကို ပြန်လည်ပေးအပ်ခြင်းမပြုတော့ဘဲ အမြင့်မင်းအိမ်မှာပင် ဘယရ န္တမိတ်ဘွဲ့ဖြင့် အမှုတော်ကို ဆက်လက်ထမ်းရွက်စေသည်၊ သားတော် စဥ့်ကူးမင်းလက်ထက်တွင်မူ အထူးအထွေ ချီးမြှင့်ခြင်း မခံရသည့်ပြင် မိမိသခင် အမြင့်မြို့စားကိုပင် မသင့်သောအမှု ကြံစည်ရမည်လားဟု ဆို၍ ကွပ်မျက်ခြင်း ပြုလေသည်။
သက္ကရာဇ် ၁၁၄၃-ခုနှစ် တပို့တွဲလအတွင်း ဘိုးတော်ပဒုံမင်းတရားကြီး မင်းအဖြစ် သို့ ရောက်တော်မူသောအခါတွင်မူ မြို့ဝန်ရာထူးဖြင့် ခန့်ထား၍ မဟာသီဟသူရ ဘွဲ့ဖြင့် ချီးမြှင့်ခြင်းကို ခံရသည့်ပြင် တရားသူကြီးအဖြစ်လည်း ထပ်လောင်း သူကောင်းပြုခြင်းကို ခံရလေသည်။ အမတ်ကြီးသည် ၁၁၆၁-ခုနှစ်လောက်တွင် ကွယ်လွန်အနိစ္စ ရောက်လေသတည်း။
***
မဲဇာသစ်တောဖွဲ့ (ရေးသူ - လက်ဝဲသုန္ဒရအမတ်)
၁။ မဲဇာတောင်ခြေ၊ စီးတွေတွေတည်း၊ မြစ်ရေ၀န်းလည်၊ မြိုင်တောဆီက၊ ရွှေပြည်ကိုသာ၊ တ-ရှာတော့မိ၊ မိုးရှိရှိလျှင်၊ သီရိကြက်သရေ၊ တက်ဖြိုးဝေသား၊ အောင်မြေကြော့ကြော့၊ ကုန်းမော့မော့နှင့်၊ ဘိုးတော့်ကောင်းမှု၊ တည်ထားပြုသည်၊ ဇမ္ဗူ့ဆီမီး၊ ခြောက်ရောင်ညီးမျှ၊ ဂူကြီးသခင်၊ ရွှေလင်းပင်နှင့်၊ ရွှေခြင်္သေ့မွေ၊ စ၍ရေသော်၊ ရွှေစေတီကြီး၊ အသီးသီးတည့်၊ ပိတ်ဆီးခြယ်သန်း၊ လျှပ်ရောင်တန်းမျှ၊ ရွှေနန်းရွှေဘုံ၊ အလုံးစုံကို၊ အာရုံမျက်မြင်၊ ဖူးမျှော်ချင်၍၊ သည်တွင်ရွှေမြို့၊ သည်သို့စေတီ၊ သည်ဆီရွှေနန်း၊ ဖြောင့်တန်းတော့မည်၊ စိတ်က ရည်သည် …. ရွှေပြည်ဌာန ဝေးသောကြောင့်။ …. ။
၂။ သဲသာသောင်မြေ၊ မြစ်ကမ်းခြေလည်း၊ အကြေတပြင်၊ တို့အောက်ခွင်ဝယ်၊ ရေယဉ်ပတ်ဝန်း၊ ပျော်ဘွယ်ထွန်းလိမ့်၊ တကျွန်းလောက်ပင်၊ ဝေးမည်ထင်ခဲ့၊ စီးသွင်ညိုရစ်၊ မဲဇာမြစ်လည်း၊ ထစ်ထစ်ထွန်းဘိ၊ ချုံအတိနှင့်၊ တောကြီ့းဆိတ်ညံ၊ ဆည်းကျံကျံဝယ်။ ဓူဝံ မပေါ်၊ မမျှော်ပါရ၊ နေကိုတ-လည်း၊ ဘယ်ကရှေ့နောက်၊ ဘယ်တောင်မြောက်ဟု၊ တွေးထောက်မမှန်၊ ဖန်ဖန်အံ့သြ၊ ကြံတိုင်းမောစွ၊ ဘယ်တောဘယ်မြိုင်၊ မသိနိုင်ခဲ့၊ မခိုင်စိတ်ဝမ်း၊ နေ့တိုင်းလွမ်းရှင့်၊ ကင်းစမ်းတောင်က၊ လေဦးစ၍၊ နောက်မှလေရှည်၊ အတည်တည်သည် … ၊ လေပြည်လာက အေးသောကြောင့်။ …. ။
၃။ ပွဲခါညောင်ရေ၊ သွန်းမြဲပေတည်း၊ ရိုသေသဒ္ဓါ၊ ထုံးစဉ်လာဖြင့်၊ မဲဇာရပ်သူ၊ တောင်းဆုယူသည်၊ ရွှေဂူတော်နှင့်၊ ရှုတိုင်းတင့်သား၊ မိုးမြင့်သီခေါင်၊ မဲဇာချောင်က၊ တတောင်လုံးမှိုင်း၊ စ၍ဆိုင်းသော်၊ တောင်တိုင်းရှက်၍၊ ၀န်းကာ ဝှေ့လည်း၊ တောင်ငွေ့ဝေေ၀၊ အထွေထွေနှင့်၊ လေလည်းရောရာ၊ မိုဃ်းမပါဘဲ၊ သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်လည်း၊ မိုးဃ်းလောက်ပြင်းထန်၊ သွန်းချ ပြန်သော်၊ ယုဂန်ထင်ရှား၊ တောင်တော်ဖျားက၊ ရထားယာဉ်သာ၊ နေစကြာလည်း၊ ရောင်ဝါမထွန်း၊ ချမ်းရှာလွန်း၍၊ တည့်မွန်းချိန်နေ၊ ရောက်လွယ် စေဟု၊ စေ့ရေလှည့်လည်၊ တ, လျက်မြည်သည် … နေခြည်ဖြာမှ နွေးသောကြောင့်။ …. ။
***
ကိုးကား။ … ။
မြန်မာကဗျာရွေးချယ်နှင့် ရတုရွေးချယ်ချက် … (ဟံသာဝတီ)
(ဒုတိယအကြိမ်ပုံနှိပ်ခြင်း … ၁၉၇၂၊ ဒီဇင်ဘာလ)