အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Thursday 30 January 2014

ဆောင်းဘွဲ့ 


မပူပေါင် မြောက်ဆီက ချမ်းရော့ထင့်
အဖြူရောင် ခေါက်ထည်ကြမ်းကိုလ
လွှမ်းလို့ရယ်တဲ့ မ’ ကာခြုံ …
ဟ’ကာ ငုံပါတဲ့ နုရွှေကွမ်း … … …

ချမ်းလွန်းလို့ ဒီကဗျာအပိုင်းအစလေး စိတ်ထဲ ရောက်လာပြီး အထပ်ထပ် ရွတ်ဆိုနေမိတယ်။ အစအဆုံးလဲ မမှတ်မိ၊ ဘယ်သူရေးတယ် ဆိုတာလဲမမှတ်မိ … နှုတ်တွေ့လို့သာ ဆိုနေမိတာ။ (သိတဲ့သူများ ပြောပြကြပါ) တကယ်တမ်းတော့ ဘိလပ်ဆောင်းက အဖြူရောင် ခေါက်ထည်ကြမ်းလောက်နဲ့ မနွေးနိုင်ပါဘူး။ အပူပေးစက်တွေ, လျှပ်စစ်နဲ့ အနွေးဓာတ်ပေးတဲ့ စောင်တွေ ကူရသေးတာကလား။ ခုခေတ်မို့သာ ခံနိုင်တာထင်ပါ့၊ ရှေးခေတ်က ဘိလပ်သားတွေ ဒီလိုဆောင်းကြမ်းကြီးတွေမှာ သေကြတာ နည်းမှမနည်းဘဲ။

ဒီကဗျာလေး ရွတ်ဆိုနေမိရာက ရှေးမြန်မာစာဆိုတွေသာ ဆိုရင် ဘိလပ်ဆောင်းကို ဘယ်လိုများ စာဖွဲ့လေမလဲ တွေးနေမိတယ်။ တွေးနေရင်းနဲ့ပဲ အနားမှာရှိတဲ့ မြန်မာရှေးကဗျာ စာအုပ်ကို လှန်လှောရှာဖွေကြည့်တော့ ဆောင်းဘွဲ့ကဗျာခန်း ခေါင်းစဉ်အောက်မှာ စာဆိုအမျိုးမျိုးရဲ့ ဆောင်းဘွဲ့အထွေထွေကို တွေ့ရတယ်။ ဒါနဲ့ပဲ ချမ်းချမ်းစီးစီးမှာ ရာသီစာ ဆောင်းဘွဲ့လေးတွေ ဘလော့မှာတင်ဖို့ စိတ်ကူးရလိုက်တယ် ဆိုပါတော့။ အမျိုးသမီး စာဆိုနှစ်ဦးနဲ့ အမျိုးသားစာဆို နှစ်ဦးရဲ့ ဆောင်းဘွဲ့ တေးထပ်လေးတွေပါ။ ဖတ်ကြည့်ကြပါအုံး။
***
"မြင်ဆိုင်းမင်းသမီးဆို ဆောင်းဘွဲ့ တေးထပ်"

ဟေမန္တာ လေသွေးတော့၊ တအေးအေး စိမ့်တုန်။ မယ့်ရင်ဝ သဲအုံမှာ၊ တခုန်ခုန် မနား။ ဖဲပိုးညွန့် ထပ်ကာခြုံတယ်၊ မလုံနိုင် အေးလိုက်တာများ။ … ။ ဖူးစာရင့် ကေခိုင်ရယ်၊ နေနိုင်တော် နေအား။ ရင်ငွေ့တော် တူနှစ်ပါး၊ လှည့်ငြားလို့ ခိုလှုံ။ သဉ္စာလီဘုံကြွ၊ သည်လိုမှ နွေးလိမ့်တပုံ။ … ။ ဘယ်တော့များ တူဆုံမယ်၊ ရွှေရင်အုံ လေခတ်တော့၊ သေမတတ် ခန်းကြာညောင်၊ တ-မိ ဘုန်းခေါင်။ ဘယ်ကာလ ဗွေဆောင်မှာ၊ မယ်နှင့်မောင် နီးမယ်သိလေး။***
"မင်းကြီးကတော်မယ်ဆုံဆို ဆောင်းဘွဲ့ တေးထပ်"
ကြာခြည် လေပြည်သွဲ့တော့၊ ကြွေမည်မဲ့ ပုံသွင်။ ခင်ခင်လေး မြရင်မှာ၊ စတင်ကာ စိမ့်အေး။ တိမ်လွှာညွန့် ရတည်ခြုံ၊ သည်ပုံလို နွေးပို့အဝေး။ … ။ သည်လိုနှင့် တာရှည်လျှင်၊ ညာမဒီ ခက်သေး။ ကမ္ဗလာထည်နှင့် ထွေးပေမဲ့၊ သည်အအေးမလုံ။ ငွေဒန္တာ မနှေးရိုက်၊ သွေးလှိုက်လို့ သဲရင်ဝခုန်။ … ။ ဘယ်နည်းနှင့် ဘယ်ပုံ၊ မယ်လုံအောင် ကြံဖန်ရမယ်တုံး။ ပြန်လှန်ဆ တယောင်ယောင်၊ ၀ဲတိုက်ကြာညောင်။ ဖူးစာရှင့် ခင်မေ့မောင်ရယ်၊ ရင်ငွေ့ရောင် လှုံစမ်းချင်လှလေး။ … ။***
အမျိုးသမီးတွေရဲ့ ဆောင်းဘွဲ့ပြီးတော့ အမျိုးသားစာဆိုတွေ လာပါပြီ။ ဆရာဖေ နဲ့ ဦးပုညက ဆောင်းကာလကို ခုလိုဖွဲ့ကြတယ်။

"အချုပ်တန်းဆရာဖေဆို ဆောင်းဘွဲ့တေးထပ်"
အေးမယ်လို့ အေးတော့၊ ထွေးလို့မှ မလုံ။ မေးခိုက်ခိုက် ခုတုန်ပြီ၊ ကြုံလာရ ကိုယ်ရေး။ ငွေဂွမ်းထပ် ရွှေစောင်ကို၊ သောင်းခြောက်ထောင် လွှမ်းလို့ မနွေး။ … ။ ရွှေမီးနဲ့ အငွေ့ယူရင်၊ ရှေ့ပူလို့ နောက်အေး။ ပွေ့မယ့်သူ ဖော်ဝေးမှ၊ ဆော်သွေးတဲ့ လေပြန်။ နှင်းမြူကို သွင်းယူပင့်ပါလို့၊ မင့်မူကျင့် ဆိုးတဲ့ ဟေမန်။ ။ ကိုးရာမဲ့ ချမ်းသူကံငယ်၊ ညဥ့်သန်းယံ ပဟိုရ်နှက်တောင်မှ။ အို-စက်လို့ ပျော်နိုင်ပြီ၊ အေးတဲ့ ရာသီ၊ ခင်ထွေးလို့ ပိုက်ချီလျှင်၊ မငိုက်မီ ပျော်သေးငဲ့လေး။ … ။***
"စလေဦးပုညဆို ဆောင်းဘွဲ့တေးထပ်"
ပုလဲဥ နှင်းပေါက်၊ ကင်းထောက်တဲ့ လေပြန်။ မင်းမြှောက်မယ့် ဟေမန်၊ မသေကျန် ကံကောင်း။ လူမို့သာ လျလျခံတယ်၊ မြရေနံ ခဲရတဲ့ဆောင်း။ … ။ အေးလှလို့ ၀ဇီရာ၊ ဗီဇနာ ရင့်ညောင်း။ ကတ္တီပါ စောင်ပေါင်း၊ ထောင်သောင်းလောက် ခြုံတယ်။ ခန်းဆောင်မှာ ချမ်းအောင်တွေ့၊ မန်းတောင်ငွေ့ နီးတာမို့ကွယ်။ ။ နန်းဆောင်မြေ့ ထီးလယ်မှာ၊ ပြီးစဘွယ် သာဖက်လို့၊ ဟာစက်ဖျ ကြောင်မြီးတိုနော်၊ စားလိမ့်ကိုယ်တော်။ ငိုစိတ်နှင့် အိုအိပ်ပျော်အောင်၊ ကိုယ်သိပ်တော် မူစမ်းလှည့်လေး။ … ။
***
မယ်ကဖွဲ့တော့ မောင့်ကို တ ... မောင်ကဖွဲ့တော့ မယ့်ကို တ … ဟုတ်လဲ ဟုတ်နေကြတော့ တာပဲ။ ဘိလပ်ဆောင်းမှာ သူတို့ဖွဲ့သလိုသာ ကိုယ်ငွေ့နဲ့ထွေးလို့ နွေးစတမ်းဆိုရင် အိမ်ထောင်သည်တွေတော့ လျှပ်စစ်၊ ဂက်စ် မီတာဖိုး အတော်လေး သက်သာမှာ။ ပြောရင်း ဆိုရင်း ကွန်ပျူတာမှာ ပြထားတဲ့ အပူချိန်ကို ကြည့်လိုက်တော့ အနုတ် ၁၄ တဲ့။ တော်သေးတာပေါ့လေ … ကိုယ့်မှာက အပူပေးစက်ကလေး ရှိနေပေလို့ … ။
***
မေဓာဝီ
၁၈၊ ၁၂၊ ၂၀၁၀
၂၃း၂၈ နာရီ

No comments:

Followers