ယနေ့ ကမ္ဘာကြီး၌ အိုင်တီနည်းပညာသည် လျင်မြန်သော အဟုန်ဖြင့် တိုးတက်လျက်ရှိရာ
international network (internet) ဆိုသည့် အပြည်ပြည်ဆိုင်ရာ ကွန်ရက်ချိတ်ဆက်မှုဖြင့်
ကမ္ဘာကြီးတစ်ခုလုံးကို ရွာလေးတစ်ရွာအလား ထင်မှတ်ရလောက်အောင် ကမ္ဘာ့အရှေ့ ခြမ်းမှ အနောက်ခြမ်းသို့
E- mail ဖြင့်သော်လည်းကောင်း၊ G talk, VZO chat, Yahoo messenger, Skype စသည်တို့ဖြင့်
ချက်ခြင်းပင် webcam နှင့် ရုပ်မြင်၍ဖြစ်စေ၊ စာရိုက်၍ဖြစ်စေ၊ အသံဖြင့်ဖြစ်စေ ဆက်သွယ်၍
ရနေပါပြီ ဖြစ်ပါသည်။ ထို့ကြောင့် ရှေးယခင်က ကမ္ဘာကြီးသည် အလွန် ကျယ်ဝန်းသည်ဟု ဆိုရသော်ငြားလည်း
ယနေ့ အိုင်တီခေတ်ကြီးတွင် အလွန်ကျဉ်းမြောင်းသွားလေပြီ ဟု ဆိုရပါမည်။
တစ်ခါက ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် (internet connection) ရက်ပိုင်းလောက်
ပြတ်တောက်သွားရာ သူ၏ စီးပွားရေးလုပ်ငန်းများ နိုင်ငံတကာနှင့် အဆက်အသွယ်
ပြတ်တောက်ခဲ့ရသည့်အတွက် Internet မရှိလျှင် သူ့အတွက် အဆင်ပြေမှု မရှိသည့်အပြင်
စီးပွားရေး အဆက်အသွယ် ပြတ်တောက်ကုန်တော့မှာ ဖြစ်သည့်အတွက်ကြောင့် internet မရှိလျှင်
သူ့တွင် အလွန်နစ်နာကြောင်း၊ ပြောဆိုခဲ့ဖူးပါသည်။ ဤသည်ကို ထောက်ရှုခြင်းဖြင့် ယနေ့ခေတ်၌
လူသားများအတွက် Internet သည် အလွန်အရေးပါ အရာရောက်သည့်အပြင် မရှိမဖြစ် အလွန်လိုအပ်သော
အရာတစ်ခုအဖြစ်လည်း သက်သေခံနေပေသည်။
အကယ်၍ လူသားတို့အတွက် အင်တာနက်(Internet) သည် မရှိမဖြစ် လိုအပ်နေသော အရာတစ်ခုဖြစ်နေပြီဆိုလျှင်
လွန်ခဲ့သော ထောင်စုနှစ် နှစ် ခုကျော်တုန်းကလည်း အင်တာနက်(Internet) ကို လိုအပ်လိမ့်မည်
ဟု တွေးတောစရာပင်ဖြစ်သည်။ အကြောင်းမှာ ထိုခေတ်တုန်းက အင်တာနက် မပေါ်ပေါက်သေးချေ။ သို့သော်လည်း
အင်တာနက်ထက် အဆပေါင်းများစွာ စွမ်းရည်မြင့်မားပြီး လောက၌ မည်သည့်အရာနှင့်မျှ တုနှိုင်းမမီသော
အရာတစ်ခုကား အမှန်တကယ်ဖြစ်ပေါ်ခဲ့လေသည်။ ထိုအရာကား တစ်ခြားမဟုတ်၊ မြတ်ဗုဒ္ဓ၏ သဗ္ဗညုတရွှေ
ဥာဏ်တော်ကြီးပင် ဖြစ်ပါသည်။ ယနေ့ခေတ် အင်တာနက်၏ ဆက်သွယ်နိုင်သော ဧရိယာမှာ ကမ္ဘာတစ်ဝန်း
လောက်မျှသာ ဖြစ်ပါသည်။ မြတ်ဗုဒ္ဓ၏ သဗ္ဗညုတရွှေဥာဏ်တော်သည် ဤကမ္ဘာမျှသာမက စကြာဝဠာ ကမ္ဘာပေါင်းများစွာသို့လည်း
ဆက်သွယ်နိုင်ပါသည်။