အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Thursday 31 January 2013

**နောင်ဘဝမှ ချစ်ပါရစေ**

စမ်းလေပြေ

ကမ်းခြေမှာလှိုင်းကြက်ခွပ်တော့

ဝင်ကစွပ်တို့ရွှင်ကြည်

ကြင်သူနှင့်နွှဲ။

လွမ်းရဝေ

ကျွမ်းပွေအောင် သူဖန်လေတော့

တူဆုံရန်အရေးမှာဖြင့်

ဝေးလွင့်ပေါ့လေး။

မြိုင်ယံတော

ကြိုင်လျံပေါပါတဲ့ ပန်းမာလာ

ဖြူနီပြာရောင်စုံဖြာလို့

သောင်ခုံမှာကျဲ။

လှိုင်မေတ္တာ

ပိုင်သူညှာ မသိလေတော့

ရှိစေတော့ အတိတ်ကံရယ်ကြောင့်

အို  နောင်ကွယ်ကြင်ပါ့လေး။

ဗွေမယူ

ဖွေသူဟာ အစရှာလို့

အပြစ်သာမြင်ချင်လေတော့

ခင်စေရာပေါ့ကွယ်။

နွေအပူ

ခွေငြူကာယိုင်ချင့်လို

ဖြိုင်ဆင့်အို အပင်ရိပ်မှာ

သခင်ကြောင့်ဆွေး။

လေးစားလျှက်

Tuesday 29 January 2013

***နွဲ့ဆိုး**

ကလေးငယ်လို၊အမူပိုကာ

ကလူသလို၊မြှူချိုမျက်နှာ

မျက်စောင်းလေးချိတ်၊အံလေးကျိတ်ကာ

စိတ်ကောက်တတ်သူ၊ကို့သည်းဖြူရယ်

သူပြောသမျှ၊ခေါင်းငြိတ်ပြရင်

သိမ့်သိမ့်လေးနှင့်၊ရယ်ရွှင့်မျက်နှာ

ငွေစံပယ်လို၊ဖြူယိုသန့်ရှင်း

စိုပြေဝင်းလက်၊စိတ်ကောက်တတ်တော့

ချော့ရတစ်ခါ၊မူကာပိုကာ

ခြေလေးစောင့်ကာ၊ကိုနားကခွာ

ဝေးရာကိုပြေး၊ချစ်ကြောင်းလေးပြော

ရှက်သွေးနှောကာ၊နားကလေးပိတ်

ဆိတ်ဆိတ်လေးနေ၊မကြင်သလို

ညိုတိုတိုနဲ့၊ကလေးဆိုးလို

ဆိုးနွဲ့လိုတဲ့၊နွဲ့ဆိုးလေးကို

.ကို....ကို...အရမ်းချစ်တယ်ကွာ။

လေးစားလျှက်

Friday 25 January 2013

လောကဇတ်ရုံ

ပန်းမန်သစ်ပင်၊လယ်ယာပြင်က

ဆိုင်ခွင်ကန္နား၊တိုက်တာများနှင့်

ချိုင့်ဝှမ်းတောတောင်၊စိမ့်စမ်းမြောင်သို့

လရောင်နေရောင်၊ကြယ်ရောင်စုံလင်း

အဆင်းတန်ဆာ၊လူ့ရွာဇတ်ရုံ

ရှည်တိုခင်းကာ၊ရှောင်ကွင်းပါလည်း

ကံဇတ်ဆရာ၊သူ့အာဏာကို

နားငုံစဉ်စိုက်၊လိုက်ရလေတယ်။

အချို့ဇတ်သွား၊သူအများတို့

ရွှင်အားပျော်ပိုက်၊ရယ်သွမ်းလိုက်နှင့်

ကြည်သာဇတ်ဟန်၊နွှဲရန်တူစုံ

သုခဘုံလို၊ပျော်တပြုံးပြုး

မော်မဆုံးပါ၊ဖန်ပါလေတယ်ဇတ်ဆရာ။

အချို့မှာမူ၊လွမ်းဆွေးပူလို့

စိတ်ဝယ်မရွှင်၊ငိုတ အင်ဖြင့်

ရယ်ခွင့်မသာ၊ဖြေကာမပြေ

သည်းပွေယိုင်လူး၊လွမ်းဇတ်ကြူးရပေါ့တစ်ခါ။

နေပူတစ်ခါ၊မိုးရွာတစ်လှည့်

ပြည့်ရဲ့တစ်ခါ၊ဆုတ်ခါတစ်လှည့်

ထုံးတမ်းကဲ့သို့၊နွမ်းနဲ့ပူပြင်း

ဇတ်ဝင်တစ်ခန်း၊အလွမ်းသွင်းလို့

ငြင်းခွင့်မသာ၊ဆက်ကာတစ်ခန်း

ရွှင်ဇတ်လမ်းလည်း၊နွှဲရကြည်လင်

တစ်လှည့်ဆင်ကာ၊ကံဆရာဖန်

သုံးတော်ခံရ၊လူ့ဘဝမှာ

ဇတ်လမ်းဇတ်သွား၊အပြားပြားနှင့်

အများပေါင်းဆုံ၊သည်ဇတ်ရုံမှာ

အဟုန်ပူပြင်း၊ကျေညက်ခြင်းသို့

ဖြုန်းဖြုန်းကြွေရန်၊သူဖန်တတ်တယ်

ပျောက်ကွဲရှရ၊ကမ္မဆရာ

သူ့လက်မှာမို့၊မမြဲသာပြီ

ဆရာသူကစွမ်းတော့တယ်။

ထို့ကြောင့်ကညာ၊မောင့်သည်း(သဲ)ဖြာရယ်

အပူအသော၊အလွမ်းနှောတဲ့

လောကဇတ်ရုံ၊လူ့ဘုံတွင်းက

အတင်းခုန်လို့၊စိတ်ချယုံကြည်

ကံဇတ်ဆရာ၊မဖန်သာသည့်

နေရာကြငှန်း၊နိဗ္ဗူနန်းကို

မြန်းလိုလှတယ်၊နှမလိုက်စေချင်တော့တယ်။

လေးစားလျှက်

မေသက်ထားဆွေရဲ့ တေးနုရင်လေးတွေ

မိုး(မျိုးကြီး)

Tuesday 22 January 2013

လပြာသို

ခါလပြာသို၊ခွာညိုကလန်း

ဆောင်းလချမ်းလယ်၊သဘင်ရယ်နှင်း

ဆင်ခင်းမြင်းခင်း၊အဲမောင်းချင်း*(၃၇)*သွယ်၊

မြင်းစီးသွယ်ညီ၊မြင်သည်အံ့မော

ဓားခုတ်လှံထိုး၊စက်ထိုးလေးတင်

စုံလီဆင်နွှဲ၊ထူးကဲလေခါ

ရာဇာဘုရင်၊ဆုတော်ဆင်ပေး

သြဘာကြွေးပေ၊မြန်ပြည်ရှေးခါ။

ရာသီကာလ၊မကာရမည်

သဏ္ဌာန်သည်က၊ဆိတ်ချိုလှနှင့်

သမင်မျက်နှာ၊မကန်းငါးလို

လပြာသိုဝယ်၊ဆွတ်ဖွယ်နှင်းစက်

ချမ်းလတ်ခိုက်တုံ၊အသည်းမြုံမှာ

ကညာသက်လင်း၊မေကျော့ရှင်းငယ်

လွမ်းဖွယ်ရတု၊ရေးခါပြု၍

ဆွေ့ဆွေ့ကျွမ်းရ၊တမ်းတပြည်တော်

မျှော်တော်ယောင်ဖြင့်၊လွမ်းဆင့်ဆင့်လွမ်း။

Sunday 20 January 2013

ရွာထိပ်ကဖိုးဖြူ

ရွာထိပ်ကဖိုးဖြူ

မတင်မေနဲ့ကျူတူတူ

ဝါလကင်းမှာယူ။

ရွာထိပ်ကဖိုးဖြူ

ဟိုမှာလည်းသူဒီမှာသူ

အလုပ်များတဲ့သူ၊။

ရွာထိပ်ကဖိုးဖြူ

မီးဖိုဆောင်ထဲသူဝင်ကူ

ခွေးဝက်ကယ်ကအူ။

ရွာထိပ်ကဖိုးဖြူ

ရွာသူကြီးကခေါ်တော်မူ

သစ်ပင်စိုက်ဖို့ဆူ။

ရွာထိပ်ကဖိုးဖြူ

သူကလေးခုနှစ်ယောက်ယူ

နောက်တစ်ဗိုက်ကပြူ။

ရွာထိပ်ကဖိုးဖြူ

နိဗ္ဗာနပစ္စယောလှူ

တစ်ရွာလုံးဂုဏ်ယူ။

ရွာထိပ်ကဖိုးဖြူ

အသက်လေးကခြောက်ဆယ်ပြူ

သီလလေးနဲ့သူ။

ရွာထိပ်ကဖိုးဖြူ

ခြောက်ပေသုံးပေခန်းအဖြူ

သူ့တွက်နေရာယူ။

ရွာထိပ်ကဖိုးဖြူ

အဝတ်ဆင်တာတကျူကျူ

သူ့ကုသိုလ်ကကူ။

လေးစားလျှက်

ရင်ခုန်ရသူ

Saturday 19 January 2013

***ညနေချမ်း***

ယော်ရီအဆင်း၊နေမင်းသူရိန်

မှိန်ပြဖျော့တွေ၊ရွှေရွှေဝါဝါ

ပြုပ္ပဒီသာနန်း၊ခိုဝင်မြန်းပေါ့

လေအသော့မှာ၊ယိမ်းကာယိုင်ကာ

ဓနီယာအင်၊တသွင်ဘက်ကမ်း

ရီဝေနန်းလို၊ရွှေဘုတ်ခိုရာ

ကိုင်းထက်ဖြာမှာ၊ဆိုကာအိုးအီ

မြုပ်ချီမြင့်ချီ၊စုံလီစုံစွာ

တိမ်ဝဠာထက်၊ဥဗျိုင်းငှက်တို့

တောင်ရပ်သို့ဆန်၊တက်ရန်အိပ်တန်း

ပျံသန်းရာနောက်၊ကောက်ကောင်ပါလျှက်

ကြာရှင်ချပ်တို့၊အရွက်ဖားဖား

လှေသမားစုံ၊ရိပ်မြုံထံရပ်

ခိုဝင်ကပ်ကာ၊ဝေးဝေး၍သာ

ကျွန့်မှာကိုယ်တည်း၊မျော်ပြီးငေးမိ

ဆည်းဆာ၏ဂုဏ်၊စိတ်ရဂုံနန်း

ချမ်းမြသာကြည်၊ရှိစွအတည်။

လေးစားလျှက်

Thursday 17 January 2013

မှုံပြာရီ

မှုံပြာရီ၊ရွှေနီတိမ်ပန်း

ဆည်းဆာချမ်းဝယ်၊ဆော်ဖြန်းညှင်းလေ

ဥဩငှက်ဆွေ၊နှုတ်ချွေရင့်ကြူ

တော်-တ,ရှူသော်၊ကြုံးယူသဲဆိုင်

တမှိုင်မှိုင်ဖြင့်၊ဗျာပွေလှိုင်အင်

တွေးမရွှင်ပြီ၊ဘဝသက်လုံ ရီပြာမှုံ။

ရီပြာမှုံ၊သိုင်းခြုံရှစ်တိုင်း

အုံ့မှိုင်းဆင်လျှက်၊ဝန်းကျင်ထက်ခွင်

သွန်းနှင်မြရည်၊ဖူးပွင့်စည်ကာ

မည်သာတိဂုံ၊ခြေတော်စုံဝယ်

အာရုံဖူးမော်၊စိတ်ကိုဖျော်လည်း

မပျော်ပေဘူး၊မိန်းမူးမှိုင်းသီ ပြာမှုံရီ။

ပြာမှုံရီ၊စီရီသွယ်နှင်း

မင်းလွင်ကျင်းလို့၊ပျံ့သင်းသဇင်

ဂမုန်းအင်တို့၊ဆောင်စက်ရိပ်ခို

ငွေလိုပုလဲ၊ပွင့်ကြဆဲဖြင့်

ကြေကွဲဖန်ပြု၊လွမ်းရတုကို

နွမ်းမှုမချိ၊ရှုမိဖန်ခါ မှုံရီပြာ။

မှုံရီပြာ၊ရွှေလဝါစမ်း

မြူခြေတန်းက၊ပြူတင်းဝတွင်

တစ်ကိုယ်ပင်လျှင်၊ရွှင်ပါရသော်

ညဥ့်ကိုဖျော်ဖို့၊တယောသံညှင်း

သီချင်းညီးကာ၊စောင်းသံတစ်ဖြာ

ဖြေပါသော်လည်း၊ပြေဘဲလွမ်းသီ မှုံပြာရီ။

လေးစားလျှက်

Wednesday 16 January 2013

အမေများသို့


                 

ချစ်သောမေမေသိပါစေ

သားတို့ရင်မှာစမ်းရေပမာ

တသွင်သွင်စီးနေတာအမေတ္တာပါ

အမေတိုင်းဟာသားတို့ကမ္ဘာ

အစဉ်ထာဝရရှိနေတာ။

အသံတွေတုန်ခါးကိုင်းပါစေ

အမေ့မေတ္တာတွေသန်မာဆဲပါ

ဆံဖြူသွားကျိုးအရေတင်အရိုးဖြစ်ပါစေ

သားတို့ရင်မှာအမေဟာ

ပျိုမျစ်သန့်စင်လှပနေမြဲပါ

စကားချိုတွေတီတီတာတာမပြောတော့ပေမဲ့

အမေ့ရဲ့မေတ္တာစကားတွေ

သားတို့ကြားယောင်ဆဲပါ

သားတို့ကိုကြင်နာထွေးပွေ့မှုမပေးနိုင်တော့ပေမဲ့

နွေးလို့နေမြဲပါအမေ။

စမ်းရေလိုအေးနေခြည်လိုနွေးတဲ့

အမေ့ရဲ့မေတ္တာတေးတွေ

အဝေးဆီမှာပဲ့တင်ထပ်နေဆဲပါ

အမေတို့အားထား

အမေတို့သားတွေရှိပါတယ်

အမေတို့ရဲ့ထီး

အမေတို့သမီးတွေရှိပါတယ်

အားမငယ်ပါနဲ့အမေတို့

သားတို့ခွန်သမီးတို့အားနဲ့

အမေတို့ကိုပြုစုမယ်၊ယုယမယ်

ချစ်သောမေမေ(များ)ရယ်....။

Published with Blogger-droid v2.0.10

Tuesday 15 January 2013

မန်းမြို့သူ

ကျွန်တော်ကျွန်တော်နဲ့အမြဲပြော

မန်းမြို့သူပျိုဖြူချောရယ်

အသားတော်ညိုပြာညက်ကယ်နှင့်

တင့်ဆန်းပါဘိကိုယ်နေဟန်။

မန်းကျုံးရေချိုချိုအေး

ချိုးချင်ပါသေး။

အလှမ်းမဝေးပေါင်မန္တလေးတောင်

မြွေကြီးနှစ်ကောင်လည်း

တွေ့ချင်ပါသေး။

ဈေးချိုဘက်လည်းလျှောက်လည်မယ်

မြင်းလှည်းလေးနဲ့ကွယ်

စက်ဘီးလေးလည်းစီးကြမယ်။

မဟာမြတ်မုနိဘုရားကြီးအား

ဖူးလို့မျှော်ချင်သား။

ဦးပိန်တတားလည်းလျှောက်ဦးမယ်

လိုက်ကာပို့ပေါ့ပျိုဖြူရယ်

နှစ်ကိုယ်တူပျော်မြူးကြမယ်ကွယ်။

ရထားကြီးကိုငြိမ့်ငြိမ့်စီး

ဘူတာကြီးထဲဆီးလို့ကြို

မျက်နှာပြုံးချိုချို

မောင့်အသည်းပို

မန်းခင်ပျို.......။

လေးစားလျှက်

**-ရင်ခုန်ရသူ**

အိပ်ရေးဝမှ

               
                    အရေးမကြီးဘူးလို့ထင်ရပေမဲ့ အရေးကြီးတဲ့အကြောင်းကိစ္စလေး တစ်ခုကတော့*အိပ်ရေးပျက်လို့ ပေါင်းသင်းဆက်ဆံရေးပျက်*ရတဲ့အဖြစ်ကလေးပါပဲ။ စိတ်ပညာရှင်များက အိပ်ရေးအပျက်များသူဟာ ပင်ကိုယ်အခံ အားနည်းတဲ့အတွက် ဆက်ဆံရေးမှာညံ့တယ်လို့ ဆိုထားတယ်။စိတ်မရှည်သူများထဲမှာ အိပ်ရေးပျက်သူများ မကျန်းမာသူများလည်း ပါပါတယ်။
                  အိပ်ရေးပျက် ခေါင်းရှုပ်လို့ ဘုတောမိပြီး အရောင်းပျက်၊အဝယ်ပျက် စီးပွားပျက်သူတွေအများကြီးပါ။အိပ်ရေးပျက်လို့ အိပ်ရာထနောက်ကျပြီး ချိန်းဆိုတဲ့နေရာကို အချိန်မှီ မရောက်သူတွေ၊ဝီရိယနည်းလို့ ရသင့်ရထိုက်တာမရသူတွေ၊သူများတကားနော်ဆုံးမှာ နောက်မှရောက်ပြီး တန်းစီနေရသူတွေအများကြီးပါ။အိပ်ရေးပပျက်ရင် အတွေးမကြည်ဘူး အမြင်မကြည်ဘူး။စိတ်မကြည်တော့ ဦးနှောက်မရှင်းတော့ အမှားအမှန်လည်းခွဲရခက်၊ဒေါသလည်းအလွယ်တကူထွက်လာတတ်တယ်လေ။
        

Monday 14 January 2013

ဗြဟ္မစိုရ်တရား

မှတ်စိမ့်ကျမ်းလို၊ တစ်ခန်းဆိုပိမ့်၊

ဗြဟ္မစိုရ်လေးဖြာတည်ကြခါမှ၊

သတ္တ၀ါဟူဟူ၊ ဦးမည်းဖြူတို့၊

ရှင်လူခပင်း၊ ရောဂါကင်းလျှက်၊

ဘေးရန်ရှင်းကွာ၊ ဆင်းအင်္ဂါံနှင့်၊

ချမ်းသာခွန်အားသက်ရှည်ပွား၏။

လေးပါးဗြဟ္မစိုရ် ကုသိုလ်သမ္မာ၊

ကင်းကြခါ၌၊ ယက္ခာဓိပ၊ ဣန္ဒာစသား၊

နတ်ကြီးများတို့၊ စိမ်းဝါးကြမ်းခက်၊

သံဘက်ဥပါ၊ မိစ္ဆာရဲဆိုး၊ ဘီလူးမျိုးတို့၊

စောင့်စိုးမအုပ်၊ မချုပ်သော့အား၊

ပေါက်လွတ်ထား၍၊

လူများဘေးရောက်၊ သေပျောက်ဥပဒ်၊

များသတတ်တည့်၊၊

မှတ်လော့ တစ်သွယ်၊ လူတို့ဝယ်လျှင်၊

ကြီးငယ်အများ၊ မင်းပုဏ္ဏားက၊

ကောက်ျားမိန်းမ၊ ကြင်ကါလ၌၊

လောဘတရား၊ စရိုက်များလျက်၊

ကြံပွားမဆိတ်၊ ထိုကြောင်းဟိတ်ကြောင့်၊

ဒုဗ္ဘိက္ခန္တရ၊ကပ်ကြီးကျလျက် ငတ်ကြမွတ်ကြ၊ မ၀ရေစာ၊တောင့်တကါလျှင်၊

များစွာသေပျောက်၊ပြိတ္တာရောက်၏။

မိးတောက်တမျှဟုန်းဟုန်းထလျှက်၊

ဒေါသဟိတ်လွန်၊ပြန့်ပွားဝှန်သော်၊

သတ္တန္တရ၊ ကပ်ကြီးကျလျှက်၊

သတ်ကြဖြတ်ကြ၊ အာဃာတဖြင့်၊

သောကတုန်မြာက်၊ ငရဲရောက်၏။

ထို့နောက်ဥာဏ၊ နည်းပါးကြကြောင့်၊

နောဟသမုဠာန်၊ ထိုဟိန်လွန်က၊

ရောဂန္တရ၊ ကပ်ကြီးကျလျှက်၊

များလှရောဂါ၊ ဝေဒနာဖြင့်၊

ခန္တာပျက်သူ၊ ပြန့်ပြောထူလျှက်၊

အယူမမှား၊ ချင်းချင်းအားလည်း၊

သနား ကြင်နာ၊ ဂရုနာနှင့်၊

မေတ္တာမကင်း၊ သေကြလျှင်း၍၊

ခပင်းများစွာ သတ္တ၀ါတို့၊

လူ့ရွာနတ်ခြောက်၊ ဖြစ်ရာရောက်၏။

မဖေါက်မှန်စွာကျမ်း၌လာခဲ့၊

လေးဖြာဗြဟ္မစိုရ်၊ ပျက်ယွင်းယို၍၊

အကုသိုလ်မူလ၊ ဟိတ်ပါပတို့၊

ပွားကြကုန်ဘိ၊ ထိုသတ္တိကြောင့်၊

ကလိယုဂ်ဟု၊ သမုတ်သညာ၊

ဝေါဟာရပညတ်၊ ခေါ်ဝေါ်အပ်သား၊

ဆုပ်ကပ်ကါလ၊ ဟာယနနှိုက်၊

လောကလူ့ရွာ၊ သတ္တ၀ါတို့၊

ဓမ္မတာတရား၊ ဟိတ်သုံးပါးနှင့်၊

ကပ်အားတော်ရမည်ကိုကါး။ ။

(မန်လည်ဆရာတော်- မဟာသုတကာရီမဃဒေ၀ လင်္ကါံသစ်)
သုခိ အတ္တာနံ ပရိဟရန္တု
၁၁.၁၁.၂၀၁၂ (တနင်္ဂံနွေနေ့)

မိန်းကလေးတွေအတွက် အကြံဥာဏ်(၁၄)ချက်

(၁) စာဖတ်ဝါသနာရှိပါစေ

... (၂) အဆင့်အတန်းရှိပါစေ

(၃) ဘဝထဲကအလှတွေကို ရှာဖွေတတ်ပါစေ

(၄) အတွေးအခေါ်ကောင်းသူတွေနဲ့ မိတ်ဆွေဖွဲ့တတ်ပါစေ

(၅) အနှစ်သာရမရှိတဲ့ ရုပ်ရှင်ကားတွေကို ဝေးဝေးရှောင်နိုင်ပါစေ

(၆) သည်းခံခွင့်လွှတ်တတ်ဖို့ သင်ယူနိုင်ပါစေ

(၇) ကျန်းမာတဲ့စိတ်နှလုံး မွေးမြူနိုင်ပါစေ

(၈) လှပတင့်တယ်ခြင်းက သင်ရဲ့ရင်းနှီးမြှပ်နှံမှုဖြစ်ပါစေ

(၉) ဘယ်ယောက်ျားကိုမှအားမကိုးတဲ့ ကိုယ့်ကိုယ်ကိုရှင်သန်နိုင်သူ ဖြစ်ပါစေ

(၁ဝ) ငွေရေးကြေးရေး စီမံခန့်ခွဲတတ်အောင် သင်ယူနိုင်ပါစေ

(၁၁) အချစ်နဲ့ အိမ်ထောင်ရေး အတူတကွပူးတွဲနေပါစေ

(၁၂) ယောက်ျားတွေနဲ့ တန်းတူညီမျှ ရင်ဘောင်တန်းနိုင်ပါစေ

(၁၃) သင့်စိတ်ကူးအိပ်မက်ကို ကူညီအကောင်အထည်ဖော်ပေးမယ့် ယောက်ျားကိုရှာယူနိုင်ပါစေ

(၁၄) နုပျိုခြင်းကို စွန့်လွှတ်ရသည့်တိုင် အပြုံးကိုချိတ်ဆွဲထားနိုင်ပါစေ။

ဇာဇာနှင်း

Sunday 13 January 2013

ကဗျာရေးနည်းစပ်နည်း

ကဗျာ
မြကန်သာသည် မှတ်တမ်းရှိ ရှေးအကျဆုံး မြန်မာကဗျာ ဖြစ်သည်

ကဗျာ သည် ဘာသာစကား၏ အလှအပ များကို အသုံးပြုပြီး မှုရင်း အဓိပ္ပါယ်ထက် ပိုမိုသော ခံစားမှု စွမ်းရည်ပေးသော စာပေ အနုပညာ တစ်မျိုးဖြစ်သည်။ ကဗျာကို နည်းမျိုးစုံဖြင့် ရေးသားနိုင်ပြီး အခြား အနုပညာများနှင့်လည်း ပေါင်းစပ်နိုင်ကာ သာမန် ကဗျာများအပြင် သီချင်း၊ ညည်းခြင်း၊ စာချိုး စသည့် တို့လည်း ရှိကြသည်။ Contents [hide]
1 သမိုင်း
2 မြန်မာကဗျာ အဖွင့်
2.1 ဂီတ၊ ကဗျာ၊ လင်္ကာ နှင့် သီချင်း
2.2 အဖွဲ့
2.3 အပိုင်း-(၁)ကာရန်များ...
2.4 အပိုင်း-(၂ ) အသံများ
2.5 အပိုင်း(၃)....အသတ်အမျိုးမျိုး
2.6 သံပေါက်စပ်နည်း...
2.7 “သံချပ်...”
2.8 “လေးလုံးစပ်လင်္ကာ..စပ်နည်း..”
2.9 “ရတုစပ်နည်း”
2.10 ရတုချပုံကြိယာ(၆၀)
2.11 “ဒွေးချိုး”
2.12 တြိချိုး
2.13 လေးချိုး
2.14 “သဖြန်”
3 အခြေခံအချက်များ
3.1 (၁)အသတ်၊ အလပ်
3.2 (၂)ကာရန်၊ အသံ
3.3 ဂရု၊ လဟု
3.4 (၃)အစပ်၊ အဟပ်
3.5 နဘေစပ်နည်း (၈) ပါး
3.6 (၄)ကြိယာ
4 အမျိုးအစားများ
4.1 စကားပြော
4.2 သရုပ်ဖေါ်
4.3 မော်ဒန် ကဗျာ
4.4 ပို့စ်မော်ဒန် ကဗျာ
5 ကိုးကား

သမိုင်း
မြန်မာ့စာပေသမိုင်းတွင် ပထမဆုံးကဗျာကို ပုဂံခေတ်၌စတင်တွေ့ရှိခဲ့ရသည်။ သမိုင်းမှတ်တမ်းများအရ ရှေးအကျဆုံးကဗျာမှာ သေလည်ကြောင်မင်းလက်ထက်၌ ရေးစပ်သီကုံးခဲ့သော ရွှေနှင့်ယိုးမှားပန်းစံကား ကဗျာ ဖြစ်သည်။ မင်းမဟာဂီရိ နတ်မောင်နှမအကြောင်းကို ရေးစပ်သီကုံးထားသော ကဗျာ ဖြစ်သည်။
ဒုတိယမြောက် ရှေးအကျဆုံးကဗျာမှာ ကျန်စစ်သားမင်းလက်ထက်တွင် ရေးစပ်သီကုံးခဲ့သောမြကန်သာကဗျာ ဖြစ်ပြီး တတိယမြောက် ရှေးအကျဆုံးကဗျာမှာ အနန္တသူရိယ အမတ်ကြီး၏ သူတည်းတစ်ယောက် အစချီသော မျက်ဖြေလင်္ကာ ဖြစ်သည်။
စာရေးဆရာပညာရှိ၏ ဥစ္စာဖြစ်သော သီချင်း လို့ အဓိပ္ပါယ်ရပါတယ်။ (ဒီနေရာမှာ ပညာရှိ ဆိုတာ က၀ိ လို့ ခေါ်ပါတယ်။ က၀ိ ဆိုတဲ့ ပါဠိစကားကတော့ ကဗျာသီချင်း စပ်ဆိုသီကုံးတတ်သူ စာရေးဆရာ ပညာရှိ လို့ အဓိပ္ပါယ်ရပါတယ်။)

ကဗျာအဖွင့်
ကဗျာဆိုသည် စာရေးဆရာပညာရှိတို့၏ပစ္စည်းဥစ္စာဟု ဆိုသည်။ စာဆိုက၀ိ ပညာရှိဆိုသည်မှာ ပါဠိစကား က၀ိ ဟု ခေါ်ဆိုသည်။ ကဗျာသီချင်း စပ်ဆိုသီကုံးတတ်သူ၊ စာရေးဆရာ ပညာရှိဟု အဓိပ္ပါယ်ရသည်။မူလပုဒ်ရင်းက 'က၀ိ' ဖြစ်ပါတယ်။ က၀ိ မှ ကာဝေယျ၊ - ကဗ္ဗ၊ -ကာဗျ၊ -ကဗျ ဆို၍ မြန်မာဘာသာနှင့် ကဗျာ ဆိုပြီးဖြစ်လာသည်ဟု ဆိုကြသည်။
စာဆိုက၀ိများသည် သူတို့စိတ်တွင် ထိတွေ့ခံစားရသော ခံစားချက်များကို တခြားသူများဆီ ကဗျာလင်္ကာများနှင့် ကူးစက်ထိတွေ့ ခံစားစေတတ်ပါသည်။ ကဗျာလင်္ကာဆိုသည် လူများ နေ့စဉ်ပြောဆိုသုံးစွဲနေသော သာမာန်စကားများကို တေးဂီတပမာ ပြေပြစ်ချောမောစွာနှင့် ချိုသာငြိမ့်ငြောင်းအောင် ရေးဖွဲ့သီကုံးထားသော စာဖြစ်ပါသည်။ တေးဂီတပမာဖွဲ့သီ ထားသော စာပန်းကုံးများလို့ ဆိုနိုင်ပါသည်။ ဒါ့အပြင် 'ဒေါသ' မှ ကင်းလွတ် ရပါမည်။ 'ဂုဏ်' မြောက်ရပါမည်။ ထိုသို့ ပြည့်စုံအောင်ဖွဲ့ဆိုထားသမျှ စာတွေကို သက္ကဋဘာသာ၊ မာဂဓ (ပါဠိ) ဘာသာတွေမှာ 'ဂါထာ' လို့ ခေါ်၍ မြန်မာဘာသာတွင် လင်္ကာသီချင်းများကို ကဗျာလင်္ကာဟု ခေါ်ပါသည်။ ကဗျာလင်္ကာဆိုသည် တေးဂီတမှနေ စတင်အခြေတည်ခဲ့သည်ဟု ယူဆကြပါသည်။ ကမ္ဘာကြီးတွင် သာယာသံ ဆိတ်သုဉ်းခြင်း မည်သည့်အခါကမျှ မရှိခဲ့ဟု ဆိုကြပါသည်။ ရေလှိုင်းခတ်သံ၊ လျှပ်စစ်ပြက် မိုးကြိုးထစ်သံ၊ သစ်ရွက် လေတိုးသံ၊ ကျေးငှက်တိရစ္ဆာန်တို့ အော်မြည် ရင့်ကျူးသံ စသော အသံများသည် သဘာဝ၏ ဂီတသံများ ဖြစ်ပါသည်။ ထိုအသံကို လူများသတိပြုမိ၊ အာရုံပြုမိရာက လိုက်တုပြီး အသံထွက်ကြရင်းနှင့် ဂီတဆိုတာ ဖြစ်လာခဲ့သည်။ ထိုဂီတ မှနေ ဂီတသံနှောသည့် စကားလုံးများကို စကားပြောဆိုရာမှာ သုံးစွဲရင်းမှ ကဗျာလင်္ကာ စတင်သန္ဓေတည် ခဲ့သည်ဟု မှတ်သားဘူးသည်။ စာပေအက္ခရာ ပေါ်ပေါက်လာသောအခါ ကဗျာလင်္ကာများ ရေးသားလာကြပါသည်။

ဂီတ၊ကဗျာ၊လင်္ကာနှင့်သီချင်း
မြန်မာကဗျာ ဆိုသောအရာ အရင်းအမြစ်ကို ကြည့်လျှင် ဂီတ၊ ကဗျာ၊ လင်္ကာနှင့် သီချင်း ဆို၍ စတင်တွေ့ရှိရပါမည်။ ထို ဂီတ၊ ကဗျာ၊ လင်္ကာ၊ သီချင်း လေးမျိုးကို 'အဖွဲ့' ဟု့ ခေါ်ပါသည်။ အကြောင်းအရာများကို သီကုံးဖွဲ့နွဲ့ထားသောကြောင့် ဖြစ်သည်။

အဖွဲ့ 
အဖွဲ့ကို ပါဠိလို 'ဗန္ဓ' လို့ခေါ်ပါသည်။ ရေးသားသီကုံးဖွဲ့နွဲ့ထားသော စာမှန်သမျှ ဗန္ဓ ဖြစ်ပါသည်။ ထိုအဖွဲ့ကမှ 'ပဇ္ဇ' ဟုခေါ်သော 'ကဗျာ'၊ 'ဂဇ္ဇ' ဟုခေါ်သော 'စကားပြေ' နှင့် '၀ိမိဿ' ဟုခေါ်သော 'နှစ်ထွေရော' (ကဗျာနှင့် စကားပြေ ရောပြီးရေးထားသောအဖွဲ့ - ပြဇာတ် ဟုခေါ်လျှင် ခေါ်နိုင်ပါသည်။)ဟု ခွဲထွက်လာပါသည်။ [1] ထို 'ပဇ္ဇ' ဟုခေါ်သော 'ကဗျာ' ပင်မ ကနေမှ 'ဂီတ' နှင့် 'လင်္ကာ'ဟု ထပ်မံခွဲထွက်လာပါသည်။ ပုံစံကို ကြည့်ပါ။ “လင်္ကာစပ်နည်း"

အပိုင်း(၁)ကာရန်များ......
မြန်မာအက္ခရာတွေအကြောင်းကိုတော့မရေးပြတော့ပါဘူး။အားလုံးသိပြီးဖြစ်မှာပါ။သရ(၁၁)လုံး
ဗျည်း(၃၃)လုံးဆိုတာကငယ်ငယ်ကတည်းကသင်ခဲ့ကြရတာ...အခု(အပိုင်း-၁)မှာတော့ကာရန်တွေရဲ့အကြောင်း
ပါပဲ.....။ကာရန်ဆိုတာအက္ခရာရဲ့အဆုံးအသံဖြစ်ပါတယ်...ကာရန္တဆိုတဲ့ပါဠိစကားကနေဆင်းသက်လာတာပါ....
ဥပမာ။.......။က,အက္ခရာရဲ့အသံဟာ..အ,ဖြစ်တယ်။ကာဆိုရင်..အာပေါ့...။အဲလိုပဲ...ခဲဆိုရင်...အဲကာရန်...။
စူးဆိုရင်တော့...ဦးကာရန်...။ကဗျာစပ်ဆိုရာမှာ..ကာရန်ညီဖို့အရေးကြီးပါတယ်။ကာရန်ယူရာမှာ
အက္ခရာရဲ့အဆုံးအသံချင်းအညီယူရတာလဲရှိတယ်...။တစ်ပိုဒ်နဲ့တစ်ပိုဒ်တို့ရဲ့အဆုံးကအသံချင်းအညီယူရ
တာလဲရှိတယ်...။နှစ်ပိုဒ်သုံးပိုဒ်စသဖြင့်ဝါကျတွေရဲ့အဆုံးကအသံချင်း..အညီယူရတာလဲရှိပါတယ်။
အက္ခရာရဲ့အဆုံးကာရန်ကို“ဝဏ္ဏကာရန်”....၊စာပိုဒ်တစ်ပိုဒ်ရဲ့အဆုံးကာရန်ကို“ပဒကာရန်”....ဝါကျတွေရဲ့
အဆုံးကာရန်ကို“ဝါကျကာရန်”လို့ခေါ်ကြတယ်.....ကာရန်တွေက(၆၄)မျိုးရှိပါတယ်..။အုပ်စုသုံးစုခွဲပြီးပြောပါ့မယ်။
(အ)ကာရန်အုပ်စုက(၂၈)မျိုးရှိပါတယ်။အဲဒါတွေကတော့...အ၊အိ(ဣ)၊အု(ဥ)၊အေ့၊အဲ့၊အော့၊အို့၊
အက်၊အောက်၊အိုက်၊အင့်၊အောင့်၊အိုင့်၊အစ်၊အဥ့်၊အည့်၊အတ်၊အိတ်၊အုတ်၊အန့်၊အိန့်၊အုန့်၊အပ်၊အိပ်၊အုပ်၊အံ့၊အိမ့်၊အုံ့....စုစုပေါင်း(၂၈)မျိုး....။
(အာ)ကာရန်အုပ်စုက(၁၈)မျိုးရှိပါတယ်...အဲဒါတွေက...အာ၊အီ(ဤ)၊အူ(ဦ)၊အေ(ဧ)၊အယ်၊အော်၊အို၊အင်၊
အောင်၊အိုင်၊အဉ်၊အည်၊အန်၊အိန်၊အုန်၊အံ၊အိမ်၊အုမ်၊...။စုစုပေါင်း(၁၈)မျိုးပါ...။(အား)ကာရန်အုပ်စုကလဲ(၁၈)မျိုးပါပဲ....
အဲဒါတွေက...အား၊အီး၊အူး၊အေး၊အဲး၊အော(သြ)၊အိုး၊အင်း၊အောင်း၊အိုင်း၊အဉ်း၊အည်း၊အန်း၊အိန်း၊အုန်း၊အမ်း၊အိမ်း၊အုမ်း၊...
.စုစုပေါင်း(၁၈)မျိုး...သုံးအုပ်စုပေါင်းတော့(၆၄)မျိုးပါ....။သူငယ်ချင်းတို့နားလည်အောင်
ကာရန်တူတွေပြောပါ့မယ်...။ဥပမာ......ကား၊စား၊ဝါး၊ငါး၊လား၊.....။တောင်၊စောင်၊မောင်၊အောင်၊ပေါင်......။
မေ၊ဖေ၊ရွှေ၊တေ၊ဝေ....။စမ်း၊ကျန်း၊မန်း၊နန်း...စသည်ဖြင့်အများကြီးရှိပါတယ်....လေ့ကျင့်ကြည့်ပါ....။
တစ်လုံးခြင်းထပ်ရုံမဟုတ်ပဲ....နှစ်လုံးတွဲ၊သုံးလုံးတွဲ၊လေးလုံးတွဲစသည်ဖြင့်ကာရန်အထပ်..
နဘေထပ်တွေကိုလေ့ကျင့်ကြည့်ကြပါ....။ညအခါ...လမသာ..။စုံမြိုင်တွင်း...ထုံကြိုင်သင်း...။
ရေတံခွန်...ဟေမဝန်...။ပန်းပိတောက်မင်း...လမ်းတစ်လျှောက်သင်း...။မဲဇာတောင်ခြေ..သဲသာသောင်မြေ..ပွဲခါညောင်ရေ....။
ပေးစရာလဲငွေမရှိ...ပြေးစရာလဲမြေမရှိ...။အကြံမရှိနောက်လိုက်..ဆန်မရှိကောက်စိုက်...။
စသည်ဖြင့်အမျိုးမျိုးလေ့ကျင့်ကြည့်ပါ....။အထူးသဖြင့်စကားပုံများ၊စကားထာများကိုလေ့ကျင့်ကြည့်လျှင်ပို၍
လွယ်လွယ်ကူကူသဘောပေါက်လာပါလိမ့်မယ်...အထူးမှတ်ရန်ကတော့...ကာရန်ညီအောင်လေ့ကျင့်ရာမှာ..
အသံလဲညီ..အသတ်လဲညီရင်အကောင်းဆုံးပါပဲ...ဒါပေမယ့်ကဗျာရဲ့သဘောကရွတ်ဆိုမှု့ကိုပဓာနထားတာမို့အသံညီပြီး
အသတ်မညီပဲလဲစပ်ဆိုလေ့ရှိကြပါတယ်...ဥပမာ....။ပန်းလိုမွှေးပါစေ....စမ်းလိုအေးပါစေ....။ဆိုတဲ့ပိုဒ်မှာ..“ပန်း”နဲ့“စမ်း”က..
အသတ်မတူကြပါဘူး..။ဒါပေမယ့်အသံကိုအဓိကထားပြီးတော့..စပ်ဆိုထားတာပါ..။အရှင်မဟာရဋ္ဌသာရတို့လို
ိုပုဂ္ဂိုလ်တွေကတော့အသံညီအသတ်ညီစပ်လေ့ရှိကြပါတယ်...။ဘယ်လိုပဲဖြစ်ဖြစ်..ကာရန်နိုင်အောင်
လေ့ကျင့်ရာမှာအသံအမျိုးမျိုးထပ်ပြီးလေ့ကျင့်သင့်ပါတယ်.....

အပိုင်း(၂)အသံများ.....
ကာရန်အကြောင်းပြီးတော့အသံတွေရဲ့အကြောင်းပေါ့....ကဗျာဖွဲ့ရာမှာ...(၁)ပကတိ..အသံ(၂)အောက်
်မြစ်အသံနဲ့.(၃).ဝိသဇ္ဇနီသံဆိုပြီးတော့(၃)မျိုးရှိပါတယ်...ပကတိအသံဆိုတာက..အောက်မြစ်နဲ့ဝိသဇ္ဇနီမပါတဲ့ကာရန်ပဲဖြစ်ပါတယ်...။
ပကတိအသံတွေက..အာ၊အီ၊အူ၊အေ၊အယ်..သူ့ကိုတက်သံလို့လဲခေါ်ကြတယ်...အောက်မြစ်သံဆိုတာ
ကတော့အောက်မြစ်ပါသောကာရန်စုနဲ့အောက်မြစ်မပါပေမယ့်အောက်မြစ်အသံရွတ်ဖတ်ရတဲ့...အ၊အိ၊အု၊ကာရန်ပဲဖြစ်ပါတယ်
သူ့ကိုသက်သံလို့လဲခေါ်ကြတယ်...ဝသဇ္ဇနီသံဆိုတာကတော့...ဝစ္စပေါက်ပါတဲ့အသံပဲဖြစ်ပါတယ်...သူ့ကိုနိမ့်သံလို့လဲခေါ်ကြတယ်...
ကသတ်စသတ်၊တသတ်၊ပသတ်တို့ကတော့အောက်မြစ်အသံလိုအသုံးပြုနိုင်တယ်...အဲဒီအသံတွေကိုတိုင်သံလို့လဲခေါ်ကြတယ်...
အဲဒီအသံသုံးမျိုးထဲက..ပကတိအသံခေါ်တက်သံကို..ချီသံလို့လဲခေါ်ကြတယ်...အောက်မြစ်သံခေါ်သက်သံ..ဝိသဇ္ဇနီလို့ခေါ်တဲ့နိမ့်
့်သံနဲ့တိုင်သံတွေကိုကဗျာလင်္ကာရဲ့..အချကာရန်တွေမှာသုံးကြလို့..ချသံလို့လဲခေါ်ကြပါတယ်...ကဗျာဖွဲ့ရာမှာ..ချီသံနဲ့ချသံကို...
တစ်လှည့်စီရေးဖွဲ့နိုင်ရင်..သုတိသာယာနာပျော်ဖွယ်ဖြစ်ပါတယ်...ကဗျာစာဆိုရဲ့ခံစားမှု့ပေါ်လိုက်ပြီး...
ချီသံချသံပြေပြစ်အောင်စီကုန်းကာရေးဖွဲ့နိုင်ပါတယ်.....ဥပမာအားဖြင့်အောက်ပါ..ကိုးခန်းပျို့လာစာပိုဒ်ကိုကြည့်ပါ...
ဇာတိပုည...ဂုဏ်မာနဖြင့်
သံပဟုန်းစုံ...ဖက်မယ့်ကျုံးသား။..
အားသုံးထောင်ထား..…မျိုးလေးပါး၏
တက်ပွါးစောင်မာန်....လွှားတံခွန်ကို
ပြင်းဝှန်မုန်တိုင်း...ခတ်ချိုးလှိုင်း၍
ဖြတ်ပိုင်းလှီးချ...တတ်စွမ်းလှသား....
ဤအပိုဒ်တွင်ပြေပြစ်သာယာသောတက်သံ..ကာရန်များကိုသိပ်မသုံးပဲ...ပြင်းထန်မာကျောသောအသံများ
ကိုသာသုံး၍ဖွဲ့ဆိုထားသည်ကိုတွေ့နိုင်ပါသည်......အလားတူကဗျာပါအသံများကိုစစ်ဆေးကြည့်ရှုနိုင်ပါသည်.....

အပိုင်း(၃)အသတ်အမျိုးမျိုး....
အသတ်ဆိုတာကတော့...အသရ..အသံသေအောင်သတ်ထားတဲ့တံခွန်လွှားချင်းပဲဖြစ်ပါတယ်...အသတ်က(၁ဝ)မျိုးရှိပါတယ်...။
အဲဒါတွေကတော့...ကသတ်၊ငသတ်၊စသတ်၊ညသတ်၊ဉသတ်၊တသတ်၊နသတ်၊ပသတ်၊မသတ်၊ယသတ်၊တို့ပါပဲ....
ဒါ့အပြင်...မြန်မာစာပေထဲမှာပါဠိဘာသာကနေဆင်းသက်လာတဲ့ပါဠိသက်အသတ်တွေလဲရှိပါတယ်...
သူ့ကိုသတ်ထူးလို့ခေါ်ကြတယ်...ပါဠိသက်အသတ်က(၂၆)မျိုးရှိပါတယ်...ကသတ်က..ကရဝိက်၊
ခသတ်က..မုခ်၊ဂသတ်က..မဂ်၊ငသတ်က..အာနိသင်၊စသတ်က..ဧကဝုစ်၊ဇသတ်က..ဧကရာဇ်၊ဉသတ်က..ဥယာဉ်၊
ဋသတ်က..ဝဋ်၊ဋ္ဌသတ်က..ပါဋ္ဌ်၊ဏသတ်က..ဉာဏ်၊တသတ်က..အတိတ်၊ထသတ်က...ဣရိယာပုထ်၊
ဒသတ်က..ပုဒ်၊ဓသတ်က...ဝဇီရာဝုဓ်၊နသတ်က..နိဗ္ဗာန်၊ပသတ်က..ဇမ္ဗူဒိပ်၊ဗသတ်က...ဒြဗ်၊ဘသတ်က..လာဘ်၊
မသတ်က..အာရာမ်၊ယသတ်က...အန္တရာယ်၊ရသတ်က....ဗြဟ္မစိုရ်၊လသတ်က..ပုဂ္ဂိုလ်၊ဝသတ်က..သဇ္ဇိုဝ်း(ငရဲ)၊သသတ်က..ဥပုသ်၊
ဟသတ်က..သဂြိုဟ်၊ဠသတ်က...သီဟိုဠ်၊စုစုပေါင်း(၂၆)မျိုးပါ...ကဗျာဖွဲ့ရာမှာအသတ်ချင်းတူနိုင်သမျှတူအောင်
အားထုတ်သင့်ပါတယ်...ရှေးပညာရှိတို့က..နသတ်ကိုနသတ်ချင်း...မသတ်ကိုမသတ်ချင်း..တူအောင်စပ်ဆိုတတ်ကြပါတယ်...
အခုအခါမှာ..အသတ်တူကာရန်တွေမရနိုင်တဲ့အခါ...အသတ်မတူကာရန်တွေလဲ...သုံးစွဲကြပါတယ်...
အဲလိုသုံးစွဲတဲ့အခါအသံကိုပဓာနပြုပြီးစပ်တဲ့နည်းလို့ပဲမှတ်လိုက်ပါ....အဲလိုအသတ်တူအသံတူမစပ်ပဲ..အသံကိုအဓိကထားပြီးစပ်ရင်..
ရှေးပညာရှိတို့နှစ်သက်ပုံမရဘူး...င၊ဥ၊န၊မ...တ၊ပ..နှစ်ရပ်၊သံတူစပ်သော်...ပညတ်ခေါ်ထုံး...စာတုံးမည်ရ...
လို့မာန်လည်ဆရာတော်က..မိန့်ဆိုဖူးပါတယ်...(သဘောတော့...အဲလိုစပ်ထားရင်စာတုံး(စာညံ့)ဆိုတဲ့သဘောပေါ့....)

သံပေါက်စပ်နည်း....
သံပေါက်ဆိုတာ..အသံကိုပေါက်ရောက်ပေါ်လွင်အောင်ရွတ်ဆိုရတဲ့..လင်္ကာတို..အမျိုးအစားဖြစ်ပါတယ်
..မြန်မာကဗျာကိုစပြီးသင်တဲ့အခါ“ကဗျာအစ၊သံပေါက်က..”လို့ဆိုရိုးရှိတဲ့အတိုင်းသံပေါက်ကိုပဲအရင်သင်ပေးလေ့ရှိပါတယ်..။
သံပေါက်ဟာ..လေးလုံးစပ်လင်္ကာရဲ့...အခြေခံဖြစ်ပါတယ်...သံပေါက်စပ်နည်းကို..အလွယ်သိနိုင်အောင်..
“အစလေးလုံး..၊အလယ်သုံး..၊အဆုံးငါးခုနစ်..”လို့မှတ်သားကြပါတယ်...။
၎.၃.၂..စနစ်ဖြင့်သံပေါက်စပ်နည်း....
အစပိုဒ်မှာ..လေးလုံးရှိရပါမယ်...
အလယ်မှာတော့..သုံးလုံးရှိရမယ်..
နောက်ဆုံးအချမှာတော့...(၅)လုံးဖြစ်ဖြစ်(၇)ဖြစ်ဖြစ်ရှိရမယ်...ကာရန်ယူပုံကတော့(၄.၃.၂)စနစ်ပါ....
အစပိုဒ်လေးလုံးထဲက..နောက်ဆုံးအလုံးရယ်..အလယ်ပိုဒ်သုံးလုံးထဲက..နောက်ဆုံးအလုံးရယ်..
နောက်ဆုံးပိုဒ်(၅)လုံးဒါမှမဟုတ်(၇)လုံးထဲက..ဒုတိယနေရာက..စာလုံးတွေကိုကာရန်တူအောင်ဖွဲ့ရပါမယ်...
ဥပမာ...
အစလေးလုံး
အလယ်သုံး
အဆုံးငါးခုနစ်...ဆိုတဲ့သံပေါက်မှာ..(လုံးရယ်..၊သုံးရယ်..၊ဆုံးရယ်..)၄.၃.၂..ပါပဲ...
နောက်ဥပမာတွေကတော့.....
(၁)ဖွဲ့နွဲ့ရေစီ+++*
ကဗျာသီ++*
မေ့ဆီပေးလိုက်ရာ+*+++
(၂)သံချိုစပ်လား+++*
တေးထပ်လား++*
မေကားမသိပါ+*+++
(၃)ဖတ်ကြည့်ပြန်လျှင်+++*
သူ့စာယဉ်++*
မေ့တွင်မရှင်းပါ+*+++
(၄)ချစ်ပါကြောင်းလား+++*
မုန်းကြောင်းလား++*
မေကားမသိပါ+*+++
ဤဥပမာများကိုလေ့လာကြည့်ပါ...ခရေပွင့်(*)ဖြင့်ပြထားသောနေရာမှာကာရန်ဖြစ်ပါတယ်....။
(၄.၃.၁)စနစ်ဖြင့်သံပေါက်စပ်နည်း....
ဒီသံပေါက်စပ်နည်းကတော့(၄.၃.၁)စနစ်ကိုအသုံးပြုပါတယ်...
(၁)နှလုံးညစ်ညမ်း+++*
လူမိုက်သွမ်း++*
လမ်းကိုမသိနိုင်*++++
(၂)လူပျင်းလူပြိန်း+++*
စိတ်မထိန်း++*
ဘိန်းကိုစား၍မှိုင်*++++
စသည်ဖြင့်..ပထမအကြောင်းက..(၄)လုံးမြောက်နဲ့ဒုတိယအကြောင်းက(၃)လုံးမြောက်တတိယအကြောင်းက
ပထမဆုံးအလုံးတို့ကို..ကာရန်တူစပ်ထားပါတယ်...အဆုံးပိုဒ်အချမှာလဲ..
သံပေါက်စပ်နည်းကိုအခြေခံရရင်..(၅)လုံးနဲ့ဖြစ်ဖြစ်(၇)လုံးနဲ့ဖြစ်ဖြစ်သင့်တော်သလိုချနိုင်ပါတယ်..(၇)လုံးနဲ့ချရင်လဲ...
သမင်ချေငယ်+++*
စိုင်ဒရယ်++*
ဝေးနယ်ရှောင်ကြ၊များမြောင်စွ+*+=++=
လို့...နောက်ဆုံးအကြောင်းက(၄)လုံးမြောက်နဲ့..နောက်ဆုံး(၇)လုံးမြောက်ကနေရာတွေကိုကာရန်တူ
ရပါမယ်..ညီမျှခြင်းပြထားပါတယ်....ဒါ့အပြင်....
နွယ်ပန်းခွါညို
နှင်းစိုစို
ပြာသိုလ်ဆောင်းလရက်
အဲဒီလိုမျိုး..ပထမအပိုဒ်မှာ..(၅)လုံးထားပြီးစပ်ထားတာတွေလဲရှိပါတယ်...စိတ်ကူးဥာဏ်ရှိသလောက်စပ်ဆိုနိုင်ခွင့်ရှိပါတယ်...

"သံချပ်"
သံချပ်ဆိုတာကတော့....ယိမ်းချင်း..နတ်ချင်း...လှေလှော်သံ..အိုးစည်..ဒိုးပတ်တို့အကြားမှာ...ထည့်
သွင်းချပ်ညှပ်ပြီးတိုင်ကာဖောက်ကာ..သီဆိုရတဲ့သီချင်းသံတို..အမျိုးအစားဖြစ်သောကြောင့်သံချပ်လို့
ခေါ်ပါတယ်...စပ်နည်းကတော့...အတိုင်အဖောက်..တစ်စုံစီပါရပါမယ်...အတိုင်ပိုဒ်မှာ(၇)လုံးခံပြီး...
အဖောက်ပိုဒ်မှာကြတော့(၇)လုံးဖြစ်ဖြစ်(၈)လုံးဖြစ်ဖြစ်အုပ်ရပါမယ်...ကာရန်ယူပုံစနစ်ကတော့..(၇.၃)
ဒါမှမဟုတ်(၇.၄)ပါ...
ဥပမာ...(မိုးလားကွဲ့မောင်တို့မောင်တို့...လေလားကွဲ့မောင်တို့မောင်တို့)...သံချပ်အချီဖြစ်ပါတယ်...
အတိုင်=ဘုန်းတော်ကြီးလို့သက်တော်ရှည်++++++*(၇)
အဖောက်=တို့တစ်တွေရေချမ်းအိုးကြီး++*++++(၃)
အတိုင်=ဘုန်းတော်ထွန်းလို့လေးကျွန်းသာ++++++*(၇)
အဖောက်=ရွှေမြို့အောင်ချာနတ်ပြည်အလား+++*+++(၄)
အတိုင်-ဖန်ပြာခွက်နဲ့ကျောက်စက်ရေ++++++*(၇)
အဖောက်=အမောပြေအောင်တိုက်ပါမမ++*+++++(၃)
အတိုင်=ရွှေလက်ခုပ်ကြီးအုပ်ကာတီး++++++*(၇)
အဖောက်=ငှက်ပျောသီးမှည့်မှည့်စားရအောင်++*+++++(၃)
အတိုင်=အိုးစည်သံနှင့်ကျက်သရေ++++++*(၇)
အဖောက်=ကမ္ဘာသင်္ချေပြောလို့မဆုံး+++*++++(၄)
အတိုင်=တေဇာဝေဖြာကြေငြာကျော်++++++*(၇)
အဖောက်=မိုးပေါ်ဘိုးတော်မ,မယ့်ရပ်သား+*++++++(၂)
(ဟေးလာမောင်တို့ဝါး)သံချပ်အချဖြစ်ပါတယ်
“လေးလုံးစပ်လင်္ကာ..စပ်နည်း..”
ဒီလေးလုံးစပ်နည်းက...အများကြီးရှိပါတယ်..ကျယ်မှာစိုးလို့နည်းနည်းပဲပြောပြတော့မယ်...ကာရန်သုံး
ချက်စလုံးအသတ်လဲညီ..ကာရန်လဲညီပြီး(၄.၃.၂)နဲ့စပ်ထားရင်အဲဒီနည်းကို“သုံးချက်ညီ”နည်းလို့
ခေါ်ပါတယ်...
ဥပမာ...နုထွားထွတ်ထွတ်
ရေမှလွတ်သည့်
ခွေညွတ်ကြာတိမ်း
(၄.၁)နည်းနဲ့စပ်ရင်..“ဦးတိုက်”စပ်နည်းလို့ခေါ်ပါတယ်...
သင်္ကြန်နှစ်ဆန်း..
ပန်းကကံ့ကော်စသည်ဖြင့်ပေါ့...
(၄.၂)နဲ့ဖြစ်ဖြစ်(၃.၂)နဲ့ဖြစ်ဖြစ်ကာရန်တူစပ်ရင်“ဘီလူးရည်စပ်နည်း”လို့ခေါ်ကြတယ်...
(၁)သည်တွင်ရွှေမြို့၊သည်သို့စေတီ၊
(၂)ပေါ်နွေလလျှင်၊တောင်ကမြူချိမ့်
လင်္ကာတစ်ပုဒ်ထဲကိုစပ်နည်းအမျိုးမျိုးရောပြီးလဲစပ်ဆိုနိုင်ပါတယ်...အကြောင်းအရာနဲ့လိုက်ဖက်အောင်
စပ်နည်းတစ်မျိုးထဲဖြစ်စေ...နှစ်မျိုး၊သုံးမျိုးကိုဖြစ်စေ..ရောနှောပြီးစပ်ဆိုနိုင်ပါတယ်...လင်္ကာရဲ့အဆုံး
သတ်ချပိုဒ်ကတော့(၄)လုံးနဲ့ချထားတာလဲရှိတယ်...။(၇)လုံးနဲ့ချထားတာလဲရှိပါတယ်...။(၇)လုံးနဲ့ချ
ထားရင်“ခိုင်ညွှတ်ခက်ဖြာချနည်း”လို့ခေါ်ကြတယ်.....
ဥပမာ....(၄)လုံးချနည်း...
သခင်မွန်ကို...၊ချန်ဘိစင်စစ်
အပြစ်မဲ့ရေး...၊ခွင့်လွှတ်ပေး၏.....။
(၇)လုံးချနည်း...(ခိုင်ညွှတ်ခက်ဖြာချနည်း)
ရွှေကြာနေဝယ်...၊လှမ်းသောနွယ်သို့
ညှိုးငယ်တသမ်းသမ်းတကာ......။
ဥပမာလင်္ကာ...
“သစ်ရွက်ပမာ...ဒို့ခန္ဓာ”
ပုရစ်ဖူးခေါ်...၊အမည်တော်ဖြင့်
တင့်တယ်စွာလှ...၊သဘာဝ၏
ချယ်သ,ရေးပေး...၊ပန်းချီဆေးကြောင့်
လှသွေးကြွယ်ကြွယ်...၊သစ်ရွက်ငယ်သည်
ပင်ပျိုထက်ဝယ်...၊လွန်တင့်တယ်၏....။
လှပတင့်တယ်...၊သစ်ရွက်ငယ်ကို
မြင်လာပါရ...၊ထိုခဏ၌
ထာဝရတည်မြဲ...၊ဖြစ်မည်ပဲဟု
စိတ်ထဲဆန္ဒ...၊ဖြစ်ပြန်ရ၏....။
စိတ်၌ပြန်ကာ...၊စဉ်းစားပါသော်
မြိန်ရာသီပြောင်း...၊လ,တပေါင်းဝယ်
ညဆောင်းမှာကွယ်...၊အဝါချယ်လို့
ညှာမတွယ်လှုပ်...၊လေအသုတ်မှာ
ကြွေပြုတ်ကာကျ...၊မြေမှာခ,သို့
သဘာဝဖြစ်မြဲ...၊မှန်မလွဲတည်း
ထပ်လဲခါခါ...၊ဆင်ခြင်ပါသော်
ပမာဟန်လုပ်...၊နာမ်နှင့်ရုပ်တို့
စိထုပ်စရာ...၊သစ်ရွက်ဝါသို့
မြေမှာလျောင်းစက်...၊ကြောင်းအချက်ကြောင့်
ဟောင်းပျက်လို့ပြို...၊ခန္ဓာကိုယ်လည်း
ခင်မက်ဖွယ်ရာ...၊ခင်သာခင်ရ
ပြင်ခဏမို့...၊ဆင်သရာရာ
အဖြာဖြာလည်း...၊ဘယ်မှာမမြဲ
ဖြစ်ရမြဲကို...၊မလွဲမှတ်ကာ
ဆင်ခြင်ရာသည်...ခန္ဓာရွက်ငယ်ပမာတည်း.....
“လယ်တီပဏ္ဍိတဦးမောင်ကြီးသံဝေဂလင်္ကာ”
အသက်စည်းစိမ်...၊ခန္ဓာအိမ်ကား
တိမ်တခဲနက်...၊ကြည့်ရင်ပျက်သို့
မျက်စိအောက်တွင်...၊ပျောက်လွှင့်စင်၍
သင်္ခါရစက်...၊သူ့ပိုင်နက်၌
သွက်သွက်လည်ကာ...၊ပါရရှာသည်
ခန္ဓာအနိစ္စပါတကား.....။
ဘုံနန်းတိုက်အိမ်...၊သူ့စည်းစိမ်နှင့်
ဂုဏ်သိမ်မောက်ဖြိုး...၊ဘုန်းတန်ခိုးလည်း
မိုးသို့ချုန်းစေ...၊ပညာတွေလည်း
တောင်မြေတရှိ...၊စွမ်းသတ္တိလည်း
မိဂရာဇာ...၊သို့ဖြစ်ပါလည်း
သင်္ခါရမင်း...၊သူ့ခြေရင်း၌
ခွေစင်းမာန်ချိုး...၊ဦးညွှတ်လျှိုးသည်
ဘုန်းမျိုးမကယ်နိုင်ပါတကား....
ပုဂ္ဂိုလ်တွင်မည်...၊ခေါ်ကြသည်ကား
ခွေနည်းရင်းမြစ်...၊ရှာ၍စစ်သော်
ဖြစ်လျှင်ပျက်ငြား...ခန္ဓာငါးတည်း
တရားထင်မှု့...၊မူရင်းရှု့က
နှစ်ခုဧကန်...ရုပ်နှင့်နာမ်တည်း
ဖောက်ပြန်တတ်လှ...၊သင်္ခါရမို့
နိစ္စခိုင်ကြည်...၊မြဲမတည်သည်
ပျက်မည်မုချပါတကား....။
“ဗုဒ္ဓလိုလား...ဤလူသား”
ဘဝဇာတ်ခုံ...ဤလူ့ဘုံဝယ်
အကောင်းအဆိုး...၊ကြောင်းကျိုးနှစ်ဖြာ
ရှိနေပါ၍......။
ကောင်းရာပြုက...၊ကောင်းကျိုးရ၏
ပြုကမကောင်း...၊ကျိုးမကောင်းရ
ထိုနှစ်ဝတွင်...၊သင်ဆင်ခြင်၍
ပြုပါကောင်းကျိုး...၊အမျိုးမျိုးကို
ရှာဖွေပြုလုပ်...၊သင်အားထုတ်သော်
ဗုဒ္ဓလိုလား...၊ဤလူသားကား
သင်ကားဖြစ်မည်မလွဲတည်း...။
'“နေပူထဲကဆုတောင်း”'
သူ့အရိပ်မှာ.....ခိုဖူးပါလည်း
သေချာမတွေး.....ဒို့ကွာဝေးခဲ့
သူ့အသီးညှာ.....ဆွတ်ဖူးပါလည်း
သေချာမတွေး.....ဒို့ကွာဝေးခဲ့
သူ့အပွင့်လွှာ.....ဆင်ဖူးပါလည်း
သေချာမတွေး.....ဒို့ကွာဝေးခဲ့
တစ်ပွင့်တစ်လွှာ.....သူ့သီးညှာလျှင်
ဆွတ်ကာစားသုံး.....ပျော်မဆုံးပင်
သူ့ရင်ခွင်၌.....ကြည်ရွှင်ပျော်မြူး
နေခဲ့ဘူးလည်း.....ကျေးဇှူးကြီးမား
သူ့စွမ်းအားလျှင်.....ဟိုယခင်က
ဆင်ခြင်စဉ်းစား.....မှတ်မထားပဲ
ခံစားချက်မဲ့.....နေလာခဲ့လျှက်
ချင့်တွက်သိဘူး.....သူ့ကျေးဇူးကို
ရှိဘူးခဲ့သည်.....ဆပ်ရမည်ဟု
မည်သူကမှ.....မတွေးကြချေ
မေ့ခဲ့လေထင့်....................
သို့နှင့်သို့နှင့်.....ချိန်ခါလင့်၍
နိမ့်မြင့်ပြေကြမ်း.....ဘဝလမ်းဝယ်
လျှောက်လှမ်းလာဆဲ.....နေပူထဲ၌
ခက်ခဲပင်ပန်း.....ခရီးကြမ်းနှင့်
စခန်းဘယ်မှာ.....လမ်းဘယ်မှာဟု
နေရာမသိ.....ကြုံတွေ့ဘိ၍
အပူထိမှ.....သတိရသည်
အသိလေဝင်.....မှတ်မထင်ခင်
ကျေးဇူးရှင်အား.....ပြန်စဉ်းစားခိုက်
ခံစားလိုက်မိ.....ထိုအသိက
သတိလဲနှောင်း.....ချိန်လဲနှောင်းပေါ့
ဆုတောင်းမှု့သာ.....ပြုနိုင်ရာ၏
သြော်...ဟိုယခင်က
ခိုဝင်နေနား.....ဒို့ပျော်ပါးသည့်
ကြီးမားဝေလွင်.....သည်အပင်ကား
ပင်စည်ရိုးပြိုင်း.....ခါးလျားကိုင်းလျှက်
ရွက်ပြိုင်းပြိုင်းကြွေ.....မုန်တိုင်းမွှေလို့
မြေဝယ်မခ...ပါနှင့်အုံး...

"ရတုစပ်နည်း"
ရတုဆိုတာသဘင်အခမ်းအနားအခြေအနေလို့အဓိပ္ပါယ်ရတဲ့မြန်မာစကားဖြစ်ပါတယ်...တစ်ချို့က
သက္ကဋဘာသာရိတုမှဆင်းသက်ပြီးရတုဖြစ်လာတယ်လို့မိန့်ဆိုကြပါတယ်...ရိတုဆိုသောသက္ကဋစကား
ဟာအခါရာသီလို့အဓိပ္ပါယ်ရပါတယ်...။ရတုစပ်နည်းကလဲလင်္ကာစပ်နည်းလိုပါပဲ...(၄.၃.၂)၊(၄.၃.၁.)၊
(၄.၁)နည်းတို့နဲ့ကာရန်ယူရပါတယ်...။ဒါပေမယ့်...အပိုဒ်အရေအတွက်ကိုလိုက်ပြီး..ရတုအမျိုးအစား
(၃)မျိုးကွဲသွားပါတယ်...။ဧကပိုဒ်ရတု...ပိုဒ်စုံရတုနဲ့အဖြည့်ခံရတုတို့ဖြစ်ပါတယ်...။ဧကပိုဒ်ရတုဆိုတာ
ကတော့တစ်ပိုဒ်ထဲသာရေးစပ်ထားတဲ့ရတုကိုခေါ်ပါတယ်...။စပ်နည်းကတော့လင်္ကာစပ်နည်းအတိုင်း
ဖြစ်ပြီးရတုချရာမှာ“ခိုင်ညွှတ်ခက်ဖြာချနည်း”လို့ခေါ်တဲ့(၇)လုံးချနည်းကိုအသုံးများပါတယ်....။
ကုန်းဘောင်ခေတ်ဦး..စာဆိုလက်ဝဲသုန္ဒရအမတ်ကြီးရဲ့“အဆိုင်ဆိုင်လျှင်”အစချီထားတဲ့မဲဇာသစ်တော
ဖွဲ့ဧကပိုဒ်ရတုကိုလေ့လာကြည့်ပါ...အပိုဒ်တစ်ပိုဒ်ထဲနဲ့မဲဇာသစ်တောရဲ့သဘောသရုပ်ကိုပေါ်လွင်
အောင်ခြုံငုံဖွဲ့ဆိုထားတာကိုတွေ့နိုင်ပါတယ်...။
အဆိုင်ဆိုင်လျှင်...၊တောမြိုင်လည်လှည့်...၊ကမ်းလုံးပြည့်မျှ...၊
ရှု့ကြည့်လေရာ...၊ကြောက်ဖွယ်သာတည့်...၊ပြာပြာလွလွ...၊
မှိုင်းပျပျမှောင်...၊တောနှင့်တောင်လည်း...၊တိမ်တောမိုးရှိ...၊
ထွေယှက်ငြိမျှ...၊လွမ်းမိစဖွယ်...၊ကောင်းကင်လယ်၌...၊
တောင်လယ်တောင်ထိပ်...၊မိုးညိုရိပ်နှင့်...၊တိမ်လိပ်ဆော်ညွှန်း...၊
စ၍ထွန်းသည်...၊နေဝန်းပေါ်လွင်ချင်ဘိသည်......။
ရတုကိုသုံးပိုဒ်လျှင်ပိုဒ်စုံရတုလို့ခေါ်ပါတယ်...
ထူးခြားတာက..အပိုဒ်တိုင်းမှာအချီကာရန်...အချကာရန်ချင်းညီရပါတယ်...။ဒီနေရာမှာလဲ...စာဆိုလက်
ဝဲသုန္ဒရအမတ်ကြီးရဲ့“မဲဇာတောင်ခြေ”အစချီထားတဲ့ပိုဒ်စုံရတုကိုပဲဥပမာပြပါ့မယ်...အမတ်ကြီးဟာ
မဲဇာသစ်တောရဲ့သဘောသရုပ်နဲ့မိမိရဲ့ဘဝခံစားချက်ကိုရတုသုံးပိုဒ်ထဲနဲ့ပေါ်လွင်အောင်ဖွဲ့ဆိုထားတာ
ကိုတွေ့နိုင်ပါတယ်...။ပထမအပိုဒ်မှာ...“မဲဇာတောင်ခြေ”အစချီပါတယ်...
ဒုတိယပိုဒ်မှာ...“သဲသာသောင်မြေ”အစချီပါတယ်...
တတိယပိုဒ်မှာ...“ပွဲခါညောင်ရေ”အစချီပါတယ်...ရတုကိုအဆုံးသတ်မှာအချကာရန်ချင်းတူညီရသည်
ကိုလည်းကြည့်ပါအုံး....
ပထမအပိုဒ်မှာ...“ရွှေပြည်ဋ္ဌာနဝေးသောကြောင့်”လို့ချထားပါတယ်...
ဒုတိယအပိုဒ်မှာ...“လေပြည်လာကအေးသောကြောင့်”လို့ချထားပါတယ်...
တတိယအပိုဒ်မှာ...“နေခြည်ဖြာမှနွေးသောကြောင့်”လို့ချထားပါတယ်....
အဖြည့်ခံရတုဆိုတာကတော့...စာဆိုတစ်ဦးက..အချီညီ၊အချညီတဲ့ရတုနှစ်ပိုဒ်ထဲကိုသာရေးစပ်ထားတဲ့
ရတုမျိုးဖြစ်ပါတယ်...နောက်နှောင်းပညာရှိတွေဖြည့်ချင်ရင်ဖြည့်ကြတော့လို့တတိယအပိုဒ်ကိုအဖြည့်ခံ
ရန်..ကွက်လပ်ချန်ခဲ့ခြင်းဖြစ်ပါတယ်...စာဆိုအချင်းချင်းဥာဏ်ကစားရတဲ့ရတု...စိန်ခေါ်တဲ့ရတုလို့ဆိုနိုင်
ပါတယ်....။
(၁)ညို့ညို့ပြာပြာ...ဆင်ပြင်လျာမူ...ပြစ်မှာမစက်...ဆယ်နှစ်သက်က...ချောညက်ညွှတ်သွယ်...
နတ်နှင့်ဆွယ်၍...ရွယ်လည်းရွယ်ပျို...ညိုလည်းညိုဝင်း...ဖြူရွင်းရောရု...နောက်သက်စုကို...
နှိုင်းရှု့ချေမူ...ဖွားပြာဖြူသည်...မတူ၏လို့...တူ၏လို့......။
(၂)မို့မို့အာကာ...မိုးဒေဝါလျှင်...ဘယ်ညာတောင်မြောက်...လေပြည်လျှောက်၍...
ဖြိုးဖြောက်ရိုးရဲ...လျှပ်ပန်းကြဲလျှက်...မစဲညင်းညင်း...ကျူးတည့်လျှင်း၍...ပဝင်းလည်လို...
လွမ်းစိတ်ဆိုသို့...လေချိုပေါင်းညီ...ရုံးစုကြည်မှ...မယ့်ဆီပူပူ...သည်မိုးဖြူသည်....
ကလူ၏လို့...မြှူ၏လို့.....။
အထက်ပါရတုကို...စာဆိုတော်နဝဒေးက..နှစ်ပိုဒ်မျှသာရေးပြီးအဖြည့်ခံရတုအဖြစ်စီကုန်းဖွဲ့နွဲ့ခဲ့တာပါ
နဝဒေးကွက်လပ်ချန်ခဲ့တဲ့တတိယပိုဒ်ကို...ရှင်သူရဲကအောက်ပါအတိုင်း...ဖြည့်စွက်ပြီးစပ်ဆိုခဲ့ပါတယ်....
(၃)သို့သို့သာသာ...မယ့်နေရာသို့...အာကာမှိုင်းဝေ...နေ့တိုင်းစေက...သက်ဝေမြစံ...
သူ့ရဲ့ကြောင့်သာ...လွမ်းဗျာပါမူ...တိမ်းဖြာမကွက်...တိမ်မဲနက်မို့...တိမ်ခြေညွှန့်နှင့်...
ထပ်ပို့မစဲ...ရွာသွန်းကျဲက...ပုလဲပမာ...ဆင်းကလျာလျှင်...သစ္စာမြဲတူ...တလျှက်ရှု့သည်...
မဖြူ၏လို့...ဖြူ၏လို့.....။

ရတုချပုံကြိယာ(၆၀)
မြန်မာစာပေသမိုင်းမှာရတုအမျိုးမျိုးထွန်းကားခဲ့ပါတယ်...ရတုချီနည်းများကိုစာဆိုတို့စိတ်ကူးဥာဏ်အ
မျိုးမျိုးကွန်မြူးခဲ့ကြပါတယ်...ရတုချနည်းများမှာလဲအမျိုးမျိုးထွေပြားခဲ့ကြပါတယ်...“ရတုချဖွယ်အသွယ်
သွယ်..ခြောက်ဆယ်ကြိယာ”လို့စိန္တကျော်သူဦးသြက“ကဝိလက္ခဏာသတ်ပုံကျမ်း”မှာပြဆိုခဲ့ပါတယ်...။
လျှင်..၊လျင်..၊မူကား..၊ငယ်..၊သား..၊တမင့်..၊ချိတ်..၊ဖြင့်..၊တွင်..၊၏..၊ပိမ့်..၊လှည့်..၊မည်..၊အံ့..၊လော..၊တုံ
ပံ့..၊သော်..၊ခံ..၊ဘူး..၊သော..၊မူလော..၊ရထား..၊မူ..၊အား..၊မှ..၊က..၊လိမ့်စွ..၊တံ့..၊လည်း..၊တိ..၊
တည်း..၊ချည်း..၊ဟူ..၊ခဲ့..၊နည်း..၊နှိုက်..၊လျှက်..၊ကြောင့်..၊တက်..၊မို့..၊လည်..၊ခံ့..၊သည်..၊စိမ့်..၊နှင့်..၊
တုံ့..၊လင့်..၊တည့်..၊တော..၊ကား..၊လော့..၊၍..၊သို့..၊မျှ..၊တို့..၊ငှါ..၊ရှင့်..၊တမို့..၊နှင့်(တို့)....စသည်
ဖြင့်အထက်ပါကြိယာ(၆၀)ဟာအသုံးပြုလေ့ရှိတဲ့ကြယာများဖြစ်ပါတယ်...ဒါပေမယ့်..အချို့ခေတ်သစ်
စာဆိုတို့ကရတုငယ်များရေးဖွဲ့ကြပါသေးတယ်..ကြိယာအချတွေကိုလဲ...တစ်မျိုးတစ်ဖုံတီထွင်ဆန်းသစ်
ပြီးရေးဖွဲ့တတ်ကြပါတယ်...ကဗျာစာဆိုဟာ...တီထွင်သူ၊စိတ်ကူးဥာဏ်ထက်မြက်သူဖြစ်လျှင်...ရေးရိုး
ရေးစဉ်..သမရိုးကျကိုကျွမ်းကျင်နိုင်နင်းရင်...အသစ်တီထွင်ဖန်တီးနိုင်ကြောင်းသတိပြုသင့်ပါတယ်....

"ဒွေးချိုး"
ဒွေးချိုးဆိုတာကတော့အချိုးနှစ်ချိုးပါဝင်တဲ့ကဗျာမျိုးကို“ဒွေးချိုး”လို့ခေါ်ပါတယ်...ပထမအချိုးကိုအခံ
လို့လဲခေါ်တယ်..အချီလို့လဲခေါ်ပါတယ်...ဒုတိယအချိုးကိုတော့...အအုပ်လို့လဲခေါ်တယ်..အချလို့လဲ
ခေါ်ပါတယ်...နှစ်ဆစ်ချိုးလို့လဲခေါ်ကြပါတယ်...စပ်နည်းကတော့အချိုးနှစ်ချိုးရှိတဲ့ထဲက...အနည်းဆုံး
နှစ်ပိုဒ်ရေးပြီးအအုပ်ချိုးမှာလဲအနည်းဆုံးနှစ်ပိုဒ်ပဲအုပ်လေ့ရှိကြပါတယ်...
နှစ်ပိုဒ်ခံ...နှစ်ပိုဒ်အုပ်ဒွေးချိုး...
နှစ်ပိုဒ်ခံ...သုံးပိုဒ်အုပ်ဒွေးချိုး...
သုံးပိုဒ်ခံ...သုံးပိုဒ်အုပ်ဒွေးချိုး...
သုံးပိုဒ်ခံ...လေးပိုဒ်အုပ်ဒွေးချိုး...စသည်ဖြင့်စိတ်ကူးဥာဏ်ရှိသလောက်ကွန့်မြူးရေးသားနိုင်ပါတယ်...
ဒွေးချိုးကဗျာရဲ့ပိုဒ်ဆုံးကာရန်...(အချိုးသတ်ကာရန်)များဟာချသည်များဖြစ်ရပါတယ်...အထူးသဖြင့်
ဝိသဇ္ဇနီအသံများဖြစ်လေ့ရှိပါတယ်...မည်သည့်အခါမှ...ချီသံခေါ်တက်သံမဖြစ်စေရပါဘူး...ပြီးတော့
ပိုဒ်တွင်းကာရန်များလဲရှိရပါတယ်...
နှစ်ပိုဒ်ခံနှစ်ပိုဒ်အုပ်ဒွေးချိုး(ဥပမာ)
လူကလေးရယ်...ငို
ခို...ဖမ်းလို့ပေး
ခိုဖြူ..ခိုပြာ..နက်ကယ်
ဖမ်း...ခက်လှ..သေး
ဤဒွေးချိုး မှာ...အခံပိုဒ်အဆုံးကာရန်ဟာ... “ပေး”ဖြစ်၍အအုပ်ပိုဒ်ကာရန်ကတော့“သေး”ဖြစ်ပါတယ်...
အခံပိုဒ်မှာ“ငိုနှင့်“ခို”ဟာပိုဒ်တွင်းကာရန်များဖြစ်ပါတယ်...အအုပ်ပိုဒ်မှာ...“နက်”နှင့်“ခက်”
ဟာပိုဒ်တွင်းကာရန်များဖြစ်ပါတယ်...
နှစ်ပိုဒ်ခံသုံးပိုဒ်အုပ်ဒွေးချိုး(နမူနာ)
ရွှေကျီးရယ်...သာ
ဧည့်...လာရော့သလား..
ခန်းဝကကြို
ခင်လေးရွှေရင်ဖိုခိုက်..
ကျီးညိုကနား..
သုံးပိုဒ်ခံသုံးပိုဒ်အုပ်ဒွေးချိုး
ဂျိုးနှစ်ကောင်
ထနောင်းပင်ညီနောင်က
လွမ်းအောင်ကူချွဲ
ပန်းတော်ဖြူ
ပင်မြက်နေဇာထူလ
ဖိုးတောင်သူတဲ....
သုံးပိုဒ်ခံလေးပိုဒ်အုပ်ဒွေးချိုး
ရွှေမန်းဆိုတောင်တော်ဦးက
ကျူးလာတဲ့မိုးသံငယ်
အုန်းညံခြိမ့်ကြွေး
တာတော်ခွင်
ရေဝင်အောင်ရွှေကတွတ်ကို
မင်းလွှတ်ခဲ့လေး
ဤကဗျာတွင်“ကျူးလာတဲ့မိုးသံငယ်”ဆိုတဲ့အပိုဒ်မှာရွတ်ဆိုလို့ပြေပြစ်အောင်“ငယ်”ဆိုတဲ့စကားကိုထည့်
ထားတာပါ..သူ့ကိုစာရင်သွင်းစရာမလိုပါဘူး..အလားတူပဲ...ကယ်..၊ပါဘု..၊တယ်..၊ကွယ်..၊မှာ..၊စတဲ့
စကားလုံးတွေကိုလဲသီဆိုလို့ချောမွေ့အောင်ထည့်သွင်းတတ်ကြပါတယ်...
ဥပမာများ...
(၁)မိုးချုပ်လို့နေရီ
တိမ်ညီကဝင်း
ကိုကြီးကျော်ပြန်မယ့်လမ်း
ပန်းရနဲ့သင်း...
(၂)အသားရယ်ဖြူ
လူပေမို့လား
အသားတော်ညိုပြာညက်ကယ်
နန်းတော်ထက်ဖွား
(၃)အောင်ပင်နှင့်နန္ဒာ
ကြာစုံကမွှေး
တစ်ကန်ကိုတစ်ကန်ဆက်ပါလို့
ကယက်တွေပင်လယ်နှိုင်းသင့်တယ်
လှိုင်းကြက်ခွတ်ဖွေး..
(၄)ပျိုလေးရက်တဲ့ရက်ကန်းစင်
ဘာဆင်လို့မေး
မေးပါနဲ့အေ
တို့တစ်တွေချွေတာခြင်းကြောင့်
တင်းတိမ်တဲ့လေး..
(၅)ဦးကော့လို့ပဲ့ထောင်
ကုန်လှောင်လို့လူစီး
ထိုးဝါးကိုကိုင်
ကြိုးဆွဲသူတယိုင်ယိုင်နဲ့
ရွက်တိုင်ကိုလေမသိမ်းတယ်
ပိန်းကောမကြီး....
(၆)ဆွေးမပျယ်
လေးပင်လယ်မေရုနှင့်
ပွေမှု့တနှုံး
သက်တစ်ရာ
မျက်နှာကိုမမြင်ရသော်လဲ
ပူပါ့မယ်ဘယ်တစ်နေ့မှ
အောက်မေ့မမုန်း

တြိချိုး
တြိဆိုတာကတော့သုံးလို့ဓိပ္ပါယ်ရတဲ့ပါဠိစကားဖြစ်ပါတယ်...အချိုးသုံးချိုးပါဝင်တဲ့ကဗျာအမျိုးအစားဖြစ်
လို့တြိချိုးလို့ခေါ်တာပါ...ဒွေးချိုးစပ်နည်းကိုသိရင်..တြိချိုးစပ်နည်းကလဲမခက်တော့ပါဘူး...ဒွေးဆိုတဲ့
အချိုးနှစ်ခုပေါ်မှာအထက်ကတစ်ချိုးထပ်ဆင့်လိုက်ယုံပါပဲ...ထပ်တိုးလိုက်တဲ့ပထမအချိုးမှာ...ချီသံခေါ်
တက်သံနဲ့သုံးရပါတယ်...ချီသံ(တက်သံ)ကလွဲပြီးတစ်ခြားဘာမှမသုံးရပါဘူး...ပထမအချိုးကာရန်အ
တိုင်း...ဒုတိယအချိုးမှာလဲပိုဒ်တွင်းကာရန်ယူရပါတယ်..အဲလိုပထမအချိုးကာရန်ရဲ့နောက်ကိုလိုက်ပြီး
ဒုတိယအချိုးအဆုံးသတ်ကာနီးမှာကာရန်တူယူရတာကို...“ခွါထောက်ကာရန်”လို့ခေါ်ကြပါတယ်...
“ခွါထောက်ကာရန်”မိအောင်အထူးဂရုစိုက်ရပါတယ်...ခွါထောက်ကာရန်လွဲရင်...ပထမအချိုးနဲ့ဒုတိယ
အချိုး.အချိတ်အဆက်မမိပဲတစ်သီးတစ်ခြားစီဖြစ်သွားတတ်ပါတယ်...များသောအားဖြင့်ခွါထောက်ကာ
ရန်မိဖို့သတိမရဘဲရှိတတ်ကြပါတယ်...
ဥပမာ...
ပထမအချိုး...........တပိုတွဲ
..........................ပေါက်လဲရယ်တဲ့ငုံစီစီ
.........................ဖူးတံကချီ
ဒုတိယအချိုး..........သည်ရာသီ
...........................ဗာဟီကပြောင်း
တတိယအချိုး..........ပျိုတို့မောင်ရွှေသျောင်တွဲ(ငယ်နဲ့)
.............................ခါမမှီယာယီခွဲ(လို့ရယ်)
............................လွဲပေါ့သည်ဆောင်း
ဒီတြိချိုးမှာ...“ဖူးတံကချီ”မှ...“ချီ”ဟာ...ပထမအချိုးကာရန်ဖြစ်ပါတယ်...
“ဗာဟီကပြောင်း”မှ...“ပြောင်း”ဟာ..ဒုတိယအချိုးရဲ့ကာရန်ဖြစ်ပါတယ်....
“လွဲပေါ့သည်ဆောင်း”မှ...“ဆောင်း”ကတော့တတိယအချိုးရဲ့ကာရန်ဖြစ်ပါတယ်...
ပထမအချိုးက“တွဲနဲ့လဲ”ရယ်“စီနဲ့ချီ”ရယ်ကိုကာရန်ညီကြရပါတယ်...
ဒုတိယအချိုးက...“သည်ရာသီ”မှ..“သီ”နဲ့....“ဗာဟီကပြောင်း”မှ...“ဟီ”တို့ကိုလဲကာရန်ညီရပါတယ်
အဲဒီကာရန်တွေဟာ...ပထမအချိုးနဲ့ဒုတိယအချိုးတွေကိုချိတ်ဆက်ပေးတဲ့“ခွါထောက်ကာရန်”တွေ
ဖြစ်ပါတယ်....တတိယအချိုးမှာ...“တွဲ..ခွဲနဲ့လွဲ”တို့ဟာပိုဒ်တွင်းကာရန်များဖြစ်ကြပါတယ်....
တြိချိုးကဗျာမှာဆင့်ထားတဲ့ပထမအချိုးကိုဖြုတ်လိုက်ရင်...ဒွေးချိုးပဲကျန်ပါလိမ့်မယ်...
လေ့လာရန်နမူနာများ
(၁)...မဲဇလီပင်ပျိုအောက်
ပေါက်လာတဲ့ရွှေတမာ
ခါးချက်က,နာ
ရေစီးရယ်တစ်ခါ
ရေသာရယ်တစ်လှည့်
သူများလိုဒို့မရိုင်းတယ်
တိုင်းသိပါရဲ့....
(၂)...ရွှေလမှာယုန်ဝပ်လို့
ဆန်ဖွပ်အဖိုးအို
ဟောကြည့်ပါဆို
ဆိုသာဆို
ပိုမိုသည့်စကား
ကလေးအငိုတိတ်အောင်
အရိပ်အယောင်ပြတယ်
ဖိုးလနတ်သား....
(၃)...ပျိုလေးတို့အိမ်စွန်း
ကျွန်းဆယ့်နှစ်ပင်
စောင့်ရှောက်စေချင်
ဆယ့်နှစ်ပင်
ရှင်အောင်ပါ့မွေး
မယ်နှင့်မောင်ကံဆိုင်တော့
ကျောင်းတိုင်းပါ့လေး

လေးချိုး
တက်သံခေါ်ပကတိအသံနဲ့ချရတဲ့အချိုးနှစ်ခုနဲ့အောက်မြစ်သံ..ဝိသဇ္ဇနီသံတို့နဲ့ချရတဲ့အချိုးနှစ်ခုပေါင်း
စုစုပေါင်းအချိုးလေးခုပါဝင်တဲ့ကဗျာကိုလေးချိုးလို့ခေါ်ပါတယ်...ဒွေးချိုးနဲ့တြိချိုးစပ်နည်းကိုသိရင်လေး
ချိုးကလဲမခက်ပါဘူး...အခြေခံဒွေးချိုးပေါ်မှာတက်သံခေါ်ပကတိအသံနဲ့ချရတဲ့အချိုးနှစ်ခုဆင့်လိုက်ရင်
လေးချိုးဖြစ်ပါတယ်...လေးချိုးမှာတတိယအချိုးက“ခွါထောက်ကာရန်”ပါလေ့ရှိကြပါတယ်...
ဥပမာ...
(ပ)ချိုး............ပန်ပါတဲ့ပန်ပါ
(ဒု)ချိုး.............ရွှေမင်းဝံတောင်ပေါ်ရိုးက
......................ပန်းချိုးလို့လာ
(တ)ချိုး...........အပွင့်ရယ်ဝါ
......................အညှာမှာရွှေရည်လူး
(လေး)ချိုး..........ပန်ဝံ့ပါဘူး.....
အထက်ပါလေးချိုးက..အချိုးကာရန်များကိုဒီလိုသိသင့်ပါတယ်....ပထမအချိုးကာရန်က“ပါ”
ဒုတိယအချိုးကာရန်က“လာ”...(ပ)အချိုးနဲ့(ဒု)အချိုးကာရန်တွေအမြဲညီရတာကိုသတိထားပါ
တတိယအချိုးကာရန်က..“လူး”........စတုတ္ထအချိုးကာရန်က“ဖူး”..တတိယနဲ့စတုတ္ထအချိုးကာ
ရန်တွေအမြဲတန်းညီရတာကိုလဲသတိပြုပါ...တတိယအချိုးက...“အပွင့်ရယ်ဝါ”မှ....“ဝါ”ရယ်
“အညှာမှာရွှေရည်လူး”မှ..“ညှာ”တို့လဲကာရန်ညီကြပါတယ်....အထက်က...(ပ-ဒု)အချိုးကာရန်တွေနဲ့
လည်းညီကြပါတယ်...အဲဒီကာရန်ကို“ခွါထောက်ကာရန်”လို့ခေါ်ကြပါတယ်....
(ဒု)အချိုးမှာ“ရိုး”....နဲ့...“ချိုး”....။(တ)အချိုးမှာ“ဝါ”...နဲ့...“ညှာ”တို့ကတော့ပိုဒ်တွင်းကာရန်များဖြစ်ပါ
တယ်....ဒွေးချိုး..တြိချိုး..နဲ့လေးချိုးကဗျာတို့ဟာ..အသံနေအသံထားအရမ်းအရေးကြီးပါတယ်...
စာလုံးရေတူပေမယ့်အသံအနိမ့်အမြင့်အတက်အကျပြေပြစ်အောင်ဖွဲ့တတ်ရပါတယ်...အသံထွက်ပြီး
ရွတ်ရပါတယ်...ဆရာနဲ့တကွ..တစ်ခြားသူတွေရွတ်ဆိုတာကိုလဲနားထဲစွဲနေအောင်နားထောင်ရပါတယ်
နားအလေ့အကျင့်အရမ်းအရေးကြီးတဲ့တေးကဗျာမျိုးပါ...စာဆိုတို့က...လေးချိုးကဗျာကိုစာကြောင်းရေ
လေးကြောင့်မှ...စာကြောင်းရေမြောက်များစွာထိရေးဖွဲ့လေ့ရှိကြပါတယ်..စိတ်ကူးဥာဏ်ကြွယ်ရင်ကြွယ်
သလိုရေးဖွဲ့တတ်ကြပါတယ်...
ရွှေဝကလာ
ပန်းမာလာ
အညှာမရှိ
ငုံတိတိ
ဆိုတာမျိုးကနေ...စာကြောင်းရေအမြောက်အများပါတဲ့မဟာလေးချိုးကြီးများအထိရေးဖွဲ့တတ်ကြပါ
တယ်...ဖိုးသူတော်ဦးမင်း....၊လူဦးမင်း...၊လယ်တီဆရာတော်ကြီး...၊သခင်ကိုယ်တော်မှိုင်း...၊လယ်တီ
ပဏ္ဍိတဦးမောင်ကြီး...စတဲ့ပုဂ္ဂိုလ်တွေကတော့မဟာလေးချိုးကြီးများကိုရေးဖွဲ့ခဲ့ကြတဲ့စာဆိုပညာရှင်
ကြီးများဖြစ်ကြပါတယ်...အဲပုဂ္ဂိုလ်တွေထဲက..ဆရာကြီးသခင်ကိုယ်တော်မှိုင်းကတော့မဟာလေးချိုးကြီး
များကိုအမြောက်အများရေးဖွဲ့ပြီးစာဆိုလောကမှာတံခွန်ထူခဲ့တဲ့ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်.....ဒီနေရာမှာ
အလျင်းသင့်လို့...လေးချိုးကြီးတွေမှာပါဝင်တတ်တဲ့“နဘေထပ်ကာရန်”တွေအကြောင်းကိုလဲပြောပါအုံး
မယ်....ကာရန်တူ..အသံတူစကားလုံးများကိုထပ်ပြီးဖွဲ့ဆိုထားရင်“နဘေထပ်”လို့ခေါ်ပါတယ်...
ဥပမာတွေကတော့
(၁)ဆောင်းလက်မွန်
ဒေါင်းငှက်တွန်
(၂)လတန်ခူး
အလှထူး
(၃)မြစပယ်ငုံ
လလယ်ယုံ
ဆဆယ်ပုံ
(၄)ဟောဟိုကမြိုင်လယ်
စောပျိုလှခိုင်စပယ်
(၅)ကောင်းမျိုးအထွေထွေရယ်လို့ချွန်စေမြစေစော
ဒေါင်းအိုးဝေရယ်နဲ့တွန်စေကစေသောဝ်...
ဒီလောက်ဆိုရင်“နဘေထပ်”ကာရန်တွေအကြောင်းကိုနားလည်လောက်ပါပြီ...အဲလိုကာရန်ယူရာမှာ
တစ်လုံးချိတ်နှစ်လုံးချိတ်လောက်နဲ့မဟုတ်ပဲ...စကားအားလုံးလိုလိုနဘေထပ်ပြီးကာရန်ယူထားရင်
“မကျည်းရွက်သတ်နဘေထပ်ကာရန်”လိုခေါ်တတ်ကြပါသေးတယ်...

"သဖြန်"
ဒွေးချိုး..တြိချိုး..နဲ့လေးချိုးတို့ကိုတစ်ခါတစ်ရံ“သဖြန်”လို့အမည်တပ်ပြီးခေါ်တာကိုလဲတွေ့ဖူးပါလိမ့်
မယ်...အဲလိုခေါ်ရတာဟာ..သီဆိုတီးမှုတ်မှု့ဆိုင်ရာဂီတသဘောကိုလိုက်ပြီးခေါ်လို့ပါ...ပတ်ပျိုး
ယိုးဒယားတွေကိုသီဆိုတီးမှုတ်ပြီးတဲ့အခါ...အသံကိုဖြန်ဖြေတဲ့အနေနဲ့...ဒွေးချိုးကိုဖြစ်ဖြစ်..
တြိချိုးကိုဖြစ်ဖြစ်...လေးချိုးကိုဖြစ်ဖြစ်...သီဆိုပြီးအဆုံးသတ်လေ့ရှိပါတယ်...အဲအခါမျိုးမှာ...
ဒွေးချိုးသဖြန်...တြိချိုးသဖြန်...လေးချိုးသဖြန်လို့ခေါ်ကြပါတယ်.... ဤကဗျာအကြောင်းများကို...မည်သည့်Websiteကမျှ..မျှဝေပေးခြင်းမဟုတ်ပါ....ငယ်ငယ်က ဘုန်းကြီးကျောင်းတွင်သင်ခဲ့ရသလောက်...မှတ်စုစာအုပ်တွင်ရှိသလောက်သာပြန်တင်ပြရခြင်းဖြစ်ပါသည် လိုအပ်ချက်များရှိပါက...ဝင်ရောက်ပြင်ဆင်...ဖြည့်စွက်နိုင်ပါသည်...လာရောက်ဖတ်ရှု့သူများကို...အထူးကျေးဇူးတင်ရှိပါသည် --ခင်ဦးသားလေး khinootharlay@gmail.com14:19, 2 မေ​ 2011

အခြေခံအချက်များ
မြန်မာကဗျာရေးဖို့အတွက် လိုအပ်တဲ့ အခြေခံအချက်တွေကို စကြည့်ကြပါမယ်။ ကဗျာရေးတဲ့အခါ အခြေခံအချက်တွေက
(1) အသတ်၊ အလပ်
(2) ကာရန်၊ အသံ
(3) အစပ်၊ အဟပ်
(4) ကြိယာ ဆို၍ ရှိပါသည်။

(၁)အသတ်၊အလပ်
အသတ် ဆိုတာ ကတော့ အက္ခရာပေါ်မှာ တံခွန်ထူထားတဲ့ -် ကိုပြောတာပါ။ အလပ် ဆိုတာကတော့ အဲဒီ အသတ်တံခွန်မပါဘဲ လစ်လပ်နေတာကို ပြောတာပါ။ အခြေခံမြန်မာသင်ပုန်းကြီးအရ အသတ် ၁၀ ပါး ရှိပါတယ်။ အဲဒါတွေကတော့
က သတ် (က်)၊ င သတ် (င်)၊ စ သတ် (စ်)၊ ည သတ် (ည်)၊ တ သတ် (တ်)၊ န သတ် (န်)၊ ပ သတ် (ပ်)၊ မ သတ် (မ်)၊ ယ သတ် (ယ်)၊ ၀ သတ် (၀်) - တို့ဖြစ်ပါတယ်။
ဒီ အသတ် ၁၀ မျိုးကို မူလအသတ် (သို့မဟုတ်) မုချအသတ် လို့ခေါ်ပါတယ်။ ဒီကနေဆက်ပြီး ပွားလာ တဲ့ အသတ်တွေကိုတော့ သာမတိယအသတ် (ပါဠိပျက်)အသတ်တွေ လို့ခေါ်ပါတယ်။ က သတ် = ခ်၊ ဂ်၊ ဃ် (မုခ်၊ ၀ဂ် စသည်ဖြင့်)
စ သတ် = ဆ်၊ ဇ်၊ စ်ျ၊
ည သတ် = သဝေထိုးသံ၊ နောက်ပစ်သံ (ရှည် = ရှေ)
တ သတ် = ဋ၊ ဌ၊ ဍ၊ ဎ၊ ထ၊ ဒ၊ ဓ၊ သ
န သတ် = ဏ၊ ရ၊ လ၊ ဟ၊ ဠ
ပ သတ် = ဖ၊ ဗ၊ ဘ
ကသတ် နဲ့ စာလုံးတွေကို ခ်၊ ဂ်၊ ဃ် စာလုံးတွေနဲ့ ကာရန်တူယူလို့ရတယ်လို့ ဆိုလို တာပါ။ ဥပမာ - ဘုရားဖူးထွက်၊ မဂ်ဖိုလ်ရည်မျှော် ဆိုတာမျိုးမှာ ထွက် နဲ့ မဂ် ကာရန်တူပါတယ်။

(၂)ကာရန်၊အသံ
ကာရန်ဆိုတာ ကာရန္တ ဆိုတဲ့ ပါဠိစကားကနေ ဆင်းသက်လာပါတယ်။ အက္ခရာရဲ့အဆုံးသတ် (ဒါမှမဟုတ်) အဆုံး အက္ခရာ လို့ အဓိပ္ပါယ်ရပါတယ်။ ကဗျာမှာဆိုရင်တော့ အက္ခရာအချင်းချင်း အသတ်တူ (သို့မဟုတ်) အသံတူ စပ်ထားတဲ့ စာလုံးတွေကို ဆိုလိုပါတယ်။ အရင် အခန်းမှာရေးခဲ့သလို ကဗျာတပုဒ်မှာ အသံကာရန်၏ကောင်းခြင်း (သဒ္ဒါလင်္ကာရ) နဲ့ အဓိပ္ပါယ်၏ကောင်းခြင်း (အတ္ထာလင်္ကာရ) နှစ်မျိုးလုံးရှိရပါမယ်။ ဒါပေမယ့် ကာရန်ကိုက်အောင် လို့ဆိုပြီး အဓိပ္ပါယ်တွေ လိုက်မြောသွားတာမျိုးတော့ မဖြစ်ရပါဘူး။ ကိုယ်လိုချင်တဲ့ အဓိပ္ပါယ်နောက်ကိုသာ ကာရန်ကိုက်အောင် လိုက်ပြီးရေးရမှာပါ။ အဲဒီလိုမှမဟုတ်ရင် အရင် ဆောင်းပါးမှာ ပြခဲ့တဲ့ ကဗျာတွေလို ကာရန်သာမှန်ပြီး ဘာအဓိပ္ပါယ်မှ မရှိတဲ့ ကဗျာတွေဖြစ်ကုန်ပါလိမ့်မယ်။ ကာရန်အကြောင်းပြောရင်း အလျဉ်းသင့်လို့ နဘေ အကြောင်းပါ နည်းနည်းမိတ်ဆက်ပါရစေ။ နဘေ ဆိုတာ 'နံဘေး' ဆိုတဲ့ စကားလုံးကနေဆင်းသက်လာတယ်လို့  ဆိုကြပါတယ်။ အရွယ်တူပျဉ်ချပ် တွေကို နံဘေးချင်း (အလျားလိုက်) ယှဉ်စပ်ထားသလို အပိုဒ်နှစ်ခုကို ဘေးချင်းစပ်ဟပ်ဖွဲ့နွဲ့ထားတာကို နံဘေးစပ်၊ အဲဒီကနေ နဘေစပ်လို့ ခေါ်ကြပါတယ်။ ဥပမာ အချုပ်တန်းဆရာဖေ ရေးခဲ့တဲ့ ပန်းချီမနိုင် လေးချိုးလတ် မှာဆိုရင် ...
ရွှေပဒုံကြာအချပ်ကို၊ လေအဟုန်လာပြီးဟပ်စဉ်က .. စခန်းနော်လိုရာကွန့်နိုင်တဲ့၊ မန်းပေါ်မှာ ကိုကြာညွန့်သော်မှ ... ဆိုတာတွေဟာ နဘေစပ်တွေဖြစ်ပါတယ်။ ဆိုလိုတာကတော့ ကာရန်ဟာ စာလုံးတစ်လုံးပဲ အသံထွက် (သို့မဟုတ်) အဆုံးသတ်စာလုံးပေါင်း တူပါတယ်။ နဘေ ကတော့ စာလုံးတစ်လုံးထက်ပိုပြီး တူရပါတယ်။ နဘေစပ်နည်း ၈ မျိုးတွေ့ရပါတယ်။ နောက်ပိုင်း အစပ်၊ အဟပ် အပိုင်းမှာဆက်လက်ပြီးဖေါ်ပြပေးပါ့မယ်။ ကာရန်ကိုပြန်ဆက်ရရင် အက္ခရာ၊ ပုဒ်၊ ၀ါကျ တို့ရဲ့အဆုံးမှာရှိတဲ့ မြန်မာ သရတွေကိုခေါ်ပါတယ်။ ဒီတော့ ဒီကာရန်တွေကို
(1) ၀ဏ္ဏ ကာရန် - အက္ခရာအဆုံးမှာရှိတဲ့ ကာရန်
(2) ပဒ - ပုဒ်ရဲ့အဆုံးမှာရှိတဲ့ကာရန်
(3) ၀ါကျ - စာကြောင်းအဆုံးမှာရှိတဲ့ကာရန်
ဆိုပြီး ခွဲခြားထားပါတယ်။ ဒါကတော့ သိသာစေဖို့သာ ဖေါ်ပြခြင်းဖြစ်ပါတယ်။ ကဗျာရေးရာမှာ အဲဒီလို အသေးစိတ် ခွဲခြားကြည့်ဖို့ အမြဲမလိုအပ်ပါဘူး။ သိထားရင်တော့ကောင်းပါတယ်။ ကဗျာအတွက် တခြားအရေးကြီးတဲ့ အသံရှိန် (မတြာ)၊ ဌာန် (ဌာန)၊ ကရိုဏ်း (ကရဏ)၊ ပယတ် (ပယတန) ဆိုတာတွေ ရှိပါသေးတယ်။ အခုအထိ စကားပြောရင် ဌာန်ကရိုဏ်းကျကျ ပြောတတ်တယ် ဆိုပြီး ချီးမွမ်း နေတာတွေ ကြားဖူးကြမှာပါ။ ဒါပေမယ့် အဲဒါတွေ အကုန် အသေးစိတ်လျှောက်ရေးနေရင် လိုရင်းဖြစ်တဲ့ မြန်မာကဗျာပုံစံတွေနဲ့ ကာရန်တွေအကြောင်း ရောက်တော့မှာမဟုတ်လို့ အလျဉ်းသင့်မယ်ဆိုရင် နောက်မှ ဒါတွေနဲ့ ပတ်သက်ပြီး သီးသန့် ဆောင်းပါးတစ်ပိုဒ် ထပ်ရေးပါ့မယ်။ ('မတြာ' ဆိုတာ အသံရှိန်ကို တိုင်းတာတဲ့ မြန်မာယူနစ် (Dimensional Unit) ဖြစ်ပါတယ်။ မျက်စိတမှိတ်၊ လျှပ်တပြက်၊ နွားနို့တညှစ်စာကာလကို တစ်မတြာ ကြာတယ်လို့ တိုင်းတာပါတယ်။) အဲဒီတော့ ကာရန်ကိုပြန်ကောက်ရရင် မြန်မာသရ (မြန်မာကာရန်) တွေဟာ အကျဉ်းအားဖြင့် ၁၆ ပါး၊ အကျယ်အားဖြင့် ၆၄ ပါး ရှိပါတယ်။ အကျဉ်း (၁၆) ပါးဖြစ်တဲ့ မူလကာရန်တွေကတော့
(1) အ - ကာရန်
(2) ဣ (အိ) - ကာရန်
(3) ဥ (အု) - ကာရန်
(4) ဧး (အေ့) - ကာရန်
(5) အဲ (အယ်) - ကာရန်
(6) အော (သြ) - ကာရန်
(7) အက် - ကာရန်
(8) အင် - ကာရန်
(9) အစ် - ကာရန်
(10) အည် - ကာရန်
(11) အဉ် - ကာရန်
(12) အတ် - ကာရန်
(13) အန် - ကာရန်
(14) အပ် - ကာရန်
(15) အမ် - ကာရန်
(16) အို (အိုဝ်) - ကာရန် တို့ ဖြစ်ပါတယ်။
အဲဒီ မူလကာရန် (၁၆) ပါးကမှ ထပ်ပြီး ပွားလိုက်တဲ့အခါ ကာရန်ငယ် အကျယ် (၆၄)ပါး ဖြစ်လာ ပါတယ်။
(1) အ - ကာရန် - အ၊ အာ၊ အား ..... ၃ လုံး
(2) ဣ - ကာရန် - အိ၊ အီ၊ အီး ....... ၃ လုံး
(3) ဥ - ကာရန် - ဥ၊ ဥူ၊ ဥူး (အု၊ အူ၊ အူး) ........ ၃ လုံး
(4) ဧး - ကာရန် - အေ၊ အေ့၊ အေး ........ ၃ လုံး
(5) အဲ - ကာရန် - အဲ၊ အဲ့၊ အဲး ....... ၃ လုံး
(6) အော - ကာရန် - အော်၊ အော့၊ အော ........ ၃ လုံး
(7) အက် - ကာရန် - အက်၊ အောက်၊ အိုက် ...... ၃ လုံး
(8) အင် - ကာရန် - အင်၊ အင့်၊ အင်း၊ အောင်၊ အောင့်၊ အောင်း၊ အိုင်၊ အိုင့်၊ အိုင်း .......... ၉ လုံး
(9) အစ် - ကာရန် - အစ် ....... ၁ လုံး
(10) အည် - ကာရန် - အည်၊ အည့်၊ အည်း ....... ၃ လုံး
(11) အဉ် - ကာရန် - အဉ်၊ အဥ့်၊ အဉ်း ....... ၃ လုံး
(12) အတ် - ကာရန် - အတ်၊ အိတ်၊ အုတ် ....... ၃ လုံး
(13) အန် - ကာရန် - အန်၊ အန့်၊ အန်း၊ အိန်၊ အိန့်၊ အိန်း၊ အုန်၊ အုန့်၊ အုန်း ....... ၉ လုံး
(14) အပ် - ကာရန် - အပ်၊ အိပ်၊ အုပ် ....... ၃ လုံး
(15) အမ် - ကာရန် - အမ်၊ အမ့်၊ အမ်း၊ အိမ်၊ အိမ့်၊ အိမ်း၊ အုမ်၊ အုမ့်၊ အုမ်း ....... ၉ လုံး
(16) အို - ကာရန် - အို၊ အို့၊ အိုး (အိုဝ်၊ အို့ဝ်၊ အိုဝ်း) ....... ၃ လုံး
ဒီ ကာရန်တွေထဲမှာ သေးသေးတင်သံ (-ံ) မပါဘဲဖြစ်နေပါတယ်။ ကဗျာဖွဲ့နည်းနိသျည်း စာအုပ်ထဲမှာတော့ ဒီ ကာရန် (၆၄) ပါးကိုဘဲ ပြထားပေမယ့် ကဗျာ့စွယ်စုံကျမ်း ထဲမှာတော့သီးခြားဖေါ်ပြထားတာ မတွေ့ပါဘူး။ အဲဒီအစား မြန်မာသရ အကျယ် (၆၈)လုံးကိုသာ ဖေါ်ပြထားပါတယ်။ ဒါပေမယ့် သေးသေးတင် (နိဂ္ဂဟိတ်) ကို မသတ် (မ်) နဲ့ အတူတူယူရမယ်လို့တော့ အသတ် အခန်းမှာ သီးခြားဖေါ်ပြထားတာတွေ့ရတဲ့အတွက် အံ၊ အံ့ ကာရန်ဟာ အမ်၊ အမ့် ကာရန်နဲ့ အတူတူဘဲ လို့ မှတ်ရပါမယ်။
အသံ အကြောင်းကိုလည်း နားလည်ရပါလိမ့်မယ်။ အပေါ်က ကာရန် ၆၄ပါးကို တက်သံ၊ သက်သံ၊ မြင့်သံ၊ တိုင်သံ ဆိုပြီး အသံလေးမျိုး ခွဲထားပါတယ်။ ဒီအသံတွေကိုမှ ဂရုသံ (လေးလေးလံလံ နှေးကန်ပြင်းတွဲ အရှည်ဆွဲ ရွတ်ဖတ်ရတဲ့ အသံ) နဲ့ လဟုသံ (ပေါ့ပေါ့မြန်မြန် မနှေးကန်ဘဲ သံမှန်ဖြင့်ဆိုရသော အသံ) ဆိုပြီး ပြန်ခွဲထားပါတယ်။ အဲဒီတော့ အသံလေးမျိုးကို အရင်စကြည့်ရအောင်။
(1) တက်သံ (၁၈) ပါး
(2) သက်သံ (၁၈) ပါး
(3) နိမ့်သံ (၁၈) ပါး
(4) တိုင်သံ (၁၀) ပါး ... ဆိုပြီး စုစုပေါင်း (၆၄) ပါး ပြန်ခွဲထားပါတယ်။
တက်သံ(၁၈)ပါး
အောက်မြစ် နဲ့ ၀စ္စပေါက် မပါတဲ့အသံတွေကို တက်သံလို့ခေါ်ပါတယ်။ ဒီအသံတွေဟာ ဆွဲဆွဲငင်ငင်၊ ရှည်ရှည်လျားလျား၊ မြည်မြည်ဟိန်းဟိန်း၊ ပြင်းပြင်းပြပြ ရွတ်ရပါတယ်။
အာ၊ ဤ (အီ)၊ အူ၊ အေ (ဧ)၊ အော် (သြော်)၊ အင် ........ (၆) လုံး
အဉ်၊ အည်၊ အန်၊ အမ်၊ အိန်၊ အိမ် ........ (၆) လုံး
အုန်၊ အုမ်၊ အယ်၊ အောင်၊ အိုင်၊ အိုဝ်(အို) ........ (၆) လုံး
တက်သံတွေကို ညာသံကြီး၊ မူလသံ၊ ပကတိသံ လို့လဲခေါ်ပါတယ်။ အသံရှိန်အနေနဲ့ (ရွတ်ဆိုတဲ့သူ အပေါ်မူတည်ပြီး) နှစ်မတြာခွဲ ကနေ သုံးမတြာ ကျော်အထိ ရွတ်ဆိုနိုင်ပါတယ်။
သက်သံ(၁၈)ပါး
အောက်မြစ်ပါတဲ့အသံတွေနဲ့ အောက်မြစ်မပါပေမယ့် ပါသလိုဘဲ ဆိုရတဲ့အသံတွေကို သက်သံလို့ ခေါ်ပါတယ်။ ဒီအသံတွေဟာ အားမထုတ်ရဘဲ ရွရွကလေး၊ သာသာဖြည်းဖြည်းလေး ရွတ်ရပါတယ်။
အ (အာ့)၊ ဣ (အိ)၊ အု (ဥ)၊ အေ့ (ဧ့)၊ အော့ (သြော့)၊ အင့် ........ (၆) လုံး
အဥ့်၊ အည့်၊ အန့်၊ အမ့်၊ အိန့်၊ အိမ့် ........ (၆) လုံး
အုန့်၊ အုမ့်၊ အယ့် (အဲ့)၊ အောင့်၊ အိုင့်၊ အိုဝ့်(အို့) ........ (၆) လုံး
သက်သံတွေကို ဘယ်သံ၊ ချသံ၊ အောက်သံ၊ သံမ၊ အောက်မြစ်သံ လို့လဲခေါ်ပါတယ်။ အသံရှိန်အနေနဲ့ (ရွတ်ဆိုတဲ့သူ အပေါ်မူတည်ပြီး) တစ်မတြာခွဲ အထိ ရွတ်ဆိုနိုင်ပါတယ်။
နိမ့်သံ(၁၈)ပါး
တက်သံတွေကို ၀စ္စပေါက် ထည့်လိုက်တဲ့အသံတွေကို နိမ့်သံလို့ခေါ်ပါတယ်။ ဒီအသံတွေဟာ အသံရှည်ရှည်ကိုလည်းမစွန့်လွှတ်ဘဲ ပြတ်ပြတ်နဲ့ တင်းတင်းမာမာ ရွတ်ရပါတယ်။
အား၊ အီး၊ အူး၊ အေး (ဧး)၊ အော (သြး)၊ အင်း ........ (၆) လုံး
အဉ်း၊ အည်း၊ အန်း၊ အမ်း၊ အိန်း၊ အိမ်း ........ (၆) လုံး
အုန်း၊ အုမ်း၊ အယ်း (အဲ)၊ အောင်း၊ အိုင်း၊ အိုဝ်း(အိုး) ........ (၆) လုံး
နိမ့်သံတွေကို ညာသံငယ်၊ သံဖို၊ ၀သဇ္ဇနီသံ လို့လဲခေါ်ပါတယ်။ ၀သဇ္ဇနီ ဆိုတာ ၀စ္စပေါက် ကိုပါဠိလိုခေါ်တာပါ။ အသံရှိန်အနေနဲ့ (ရွတ်ဆိုတဲ့သူ အပေါ်မူတည်ပြီး) နှစ်မတြာ ကနေ နှစ်မတြာခွဲ ကျော်အထိ ရွတ်ဆိုနိုင်ပါတယ်။
တိုင်သံ(၁၀)ပါး
နှိမ့်လို့ မြှင့်လို့မရတဲ့ သံရပ်၊ သံဖြတ်တွေ၊ တက်သံနဲ့နိမ့်သံ ၂ခုကြားကအသံတွေကို တိုင်သံ လို့ခေါ် ပါတယ်။
အက်၊ အစ်၊ အတ်၊ အပ်၊ အိတ် ........ (၅) လုံး
အိပ်၊ အုတ်၊ အုပ်၊ အောက်၊ အိုက် ........ (၅) လုံး
တိုင်သံတွေဟာ ကသတ်၊ စသတ်၊ တသတ် နဲ့ ပသတ် ဆိုတဲ့ အသတ်လေးမျိုးပါတဲ့ အသံတွေဖြစ်ပါတယ်။ အလွယ်တကူ မှတ်ချင်ရင် 'ကွမ်းစားတတ်ပြီ' လို့ အသတ်လေးခုကို မှတ်ထားနိုင်ပါတယ်။ က စ တ ပ ဆိုတဲ့ အပေါ်မှာ အသတ်တင်လိုက် ရင် တိုင်သံဖြစ်သွားပါတယ်။ တိုင်သံတွေကို သံမှန်၊ သံလတ် လို့လဲခေါ်ပါတယ်။ အသံရှိန်အနေနဲ့ (ရွတ်ဆိုတဲ့သူ အပေါ်မူတည်ပြီး) တစ်မတြာခွဲ လောက်အထိ ရွတ်ဆိုနိုင်ပါတယ်။

ဂရု၊လဟု
ဒီအသံလေးပါးကို ဂရု၊ လဟုပြန်ခွဲရင် .... တက်သံ (၁၈) ပါး (အောက်မြစ် နဲ့ ၀စ္စပေါက် မပါတဲ့အသံတွေ နဲ့ ကသတ်၊ စသတ်၊ တသတ်၊ ပသတ် ဆိုတဲ့ အသတ်လေးပါး မပါတဲ့အသံတွေ) ဟာ ဂရုအသံ (ဂရုကာရန်)ဖြစ်ပြီး ကျန်တဲ့ အသံသုံးပါး (သက်သံ၊ နိမ့်သံနဲ့ တိုင်သံ ပေါင်း ၄၆ပါး) ကတော့ လဟုအသံ (လဟုကာရန်) တွေ ဖြစ်ကြပါတယ်။ ဒါဆိုရင်တော့ အသံလေးပါးနဲ့ ဂရု၊ လဟု ဆိုတာကို သဘောပေါက်လောက်ပြီထင်ပါတယ်။

အာလုံးအဆင်ပြေကြပါစေဗျာ

ရင်ခုန်ရသူ

Followers