အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Friday, 25 January 2013

လောကဇတ်ရုံ

ပန်းမန်သစ်ပင်၊လယ်ယာပြင်က

ဆိုင်ခွင်ကန္နား၊တိုက်တာများနှင့်

ချိုင့်ဝှမ်းတောတောင်၊စိမ့်စမ်းမြောင်သို့

လရောင်နေရောင်၊ကြယ်ရောင်စုံလင်း

အဆင်းတန်ဆာ၊လူ့ရွာဇတ်ရုံ

ရှည်တိုခင်းကာ၊ရှောင်ကွင်းပါလည်း

ကံဇတ်ဆရာ၊သူ့အာဏာကို

နားငုံစဉ်စိုက်၊လိုက်ရလေတယ်။

အချို့ဇတ်သွား၊သူအများတို့

ရွှင်အားပျော်ပိုက်၊ရယ်သွမ်းလိုက်နှင့်

ကြည်သာဇတ်ဟန်၊နွှဲရန်တူစုံ

သုခဘုံလို၊ပျော်တပြုံးပြုး

မော်မဆုံးပါ၊ဖန်ပါလေတယ်ဇတ်ဆရာ။

အချို့မှာမူ၊လွမ်းဆွေးပူလို့

စိတ်ဝယ်မရွှင်၊ငိုတ အင်ဖြင့်

ရယ်ခွင့်မသာ၊ဖြေကာမပြေ

သည်းပွေယိုင်လူး၊လွမ်းဇတ်ကြူးရပေါ့တစ်ခါ။

နေပူတစ်ခါ၊မိုးရွာတစ်လှည့်

ပြည့်ရဲ့တစ်ခါ၊ဆုတ်ခါတစ်လှည့်

ထုံးတမ်းကဲ့သို့၊နွမ်းနဲ့ပူပြင်း

ဇတ်ဝင်တစ်ခန်း၊အလွမ်းသွင်းလို့

ငြင်းခွင့်မသာ၊ဆက်ကာတစ်ခန်း

ရွှင်ဇတ်လမ်းလည်း၊နွှဲရကြည်လင်

တစ်လှည့်ဆင်ကာ၊ကံဆရာဖန်

သုံးတော်ခံရ၊လူ့ဘဝမှာ

ဇတ်လမ်းဇတ်သွား၊အပြားပြားနှင့်

အများပေါင်းဆုံ၊သည်ဇတ်ရုံမှာ

အဟုန်ပူပြင်း၊ကျေညက်ခြင်းသို့

ဖြုန်းဖြုန်းကြွေရန်၊သူဖန်တတ်တယ်

ပျောက်ကွဲရှရ၊ကမ္မဆရာ

သူ့လက်မှာမို့၊မမြဲသာပြီ

ဆရာသူကစွမ်းတော့တယ်။

ထို့ကြောင့်ကညာ၊မောင့်သည်း(သဲ)ဖြာရယ်

အပူအသော၊အလွမ်းနှောတဲ့

လောကဇတ်ရုံ၊လူ့ဘုံတွင်းက

အတင်းခုန်လို့၊စိတ်ချယုံကြည်

ကံဇတ်ဆရာ၊မဖန်သာသည့်

နေရာကြငှန်း၊နိဗ္ဗူနန်းကို

မြန်းလိုလှတယ်၊နှမလိုက်စေချင်တော့တယ်။

လေးစားလျှက်

5 comments:

စံပယ်ချို said...

ကာရံ များနဲ့ဖွဲ့စည်းထားနိုင်တဲ့ ကဗျာစစ်စစ်လေးကို ခံစားရင်း
အလည်ရောက်မိပြန်တယ်နော်

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးအရမ်းကောင်းတယ် ။

မိုးနတ်ကြယ်စင် said...

အချို့မှာမူ၊လွမ်းဆွေးပူလို့
စိတ်ဝယ်မရွှင်၊ငိုတ အင်ဖြင့်
ရယ်ခွင့်မသာ၊ဖြေကာမပြေ
သည်းပွေယိုင်လူး၊လွမ်းဇတ်ကြူးရပေါ့တစ်ခါ...

ဒါမှကဗျာစစ်စစ်...
ခံစားလို့အရမ်းပဲကောင်းပါအိ :)))
နှစ်သက်မိပါကြောင်း စာစီလို့ထားခဲ့တယ်
ခင်တဲ့....မိုးနတ်ကြယ်စင်

Unknown said...

တော် တန် တိတ်
အကြင်နာ တပိုင်းတစ ရင်မှာ လှိုင်းထ သင်ဟာ ဗျိုင်းမ ''စတာနော်'''

ရင်ခုန်ရသူ said...

အားပေးတဲ့မကြီးဂျက်၊မလေးမိုးနတ်နှင့်အားလုံးကိုကျေးဇူးတင်ပါတယ်နော်

Followers