အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Sunday 29 June 2014

အစွယ်နဲ့အကောင်လား အဆိပ်နဲ့ အကောင်လား

(တစ်)
ဗက်ဂျီးတေးရီးယန်းစ်ပွဲတော်တဲ့ခင်ဗျ။ ခင်ဗျားတို့ သိပါတယ်။ အင်္ဂလိပ်လိုရေးရင် Vegetarians ဆိုတာပေါ့။ ဗက်ဂျီးတေဘယ်လ် (vegetable) ဆိုတဲ့ စကားကနေ လာတာ။ မြန်မာလို ဘာသာပြန်လိုက်တော့ သက်သတ်လွတ်စားသူများပေါ့။ သူတစ်ပါးအသက် မစားသူများပေါ့။ မဟုတ်ဘူးလား။လူ့လောကထဲမှာ အဲသည့်စကားလုံးအတော်ကလေးခေတ်စားပါတယ်။

တချို့တချို့သော လူတွေ ကကုန်းသတ္တ၀ါ မစားဘူးလို့ဆိုပြီး ကျင့်ကြံတာကို တွေ့ဖူးပါတယ်။ ၀က်၊ ကြက်၊ အမဲ၊ ဘဲ၊ အဲ .. ဘဲဥ၊ ကြက်ဥကအစ မစားတာပါတဲ့ ခင်ဗျ။ တချို့ကကျတော့ သား ကြီး၊ ငါးကြီး မစားဘူးဆိုတဲ့ သူ တွေ။ တစ်နည်းပြောရရင် ကိုယ် ၀န်ဆောင်ပြီး နို့တိုက်မွေးရတဲ့ သတ္တ၀ါကို မစားတာတဲ့ခင်ဗျ။ အ မဲသားပေါ့။ ၀က်သားပေါ့။ ဆိတ် သားပေါ့။ ဆတ်သားပေါ့။ ချေသားပေါ့။ တချို့ကကျတော့ သက်သတ်လွတ်တဲ့။ သူတစ်ပါး အ သက်ပါရင် ဘဇာကိုမှ မစားတာ။ ပြောရရင် ငံပြာရည်ကိုတောင်မှ အသက်နဲ့ နည်းနည်းကလေး ငြိ စွန်းနေတာမို့ ဆားကိုသာ စားကြ ပါလေသတဲ့။ ထား။ အသေးစိတ် တွေကို ဘေးချိတ်ထားလိုက်ကြ ရအောင်။
အကြမ်းပြောရရင် ဗက်ဂျီး တေးရီးယန်းစ် (Vegetarians) ပဲပေါ့။ သက်သတ်လွတ် စားတဲ့ သူတွေ ရပ်ထဲရွာထဲမှာ ရှိတတ် ကြပါတယ်။
အခု အရပ်ထဲက သူတစ်ပါး အသားမစားသူတွေဟာ စုံနံ့သာ မြိုင်တောထဲက အသီးအရွက်ပဲ စားတဲ့ တိရစ္ဆာန်လေးတွေနဲ့ ချိတ် ဆက်မိကြသတဲ့ဗျ။ မူလအစ ပထမစပြီး ချိတ်မိတာက ယုန်က လေးတစ်ကောင်ပါ။
(နှစ်)
တိရစ္ဆာန်ချစ်တတ်သူ လူ တစ်ယောက်က မြို့ကိုသွားရင်းနဲ့ ဈေးထောင့်မှာ ရောင်းနေတဲ့ ယုန် သည်ကလေးဆီကနေ ယုန်က လေးတစ်ကောင်ကို လှောင်အိမ် လေးနဲ့တကွ ၀ယ်ခဲ့သဗျ။ ရွာ ရောက်တော့ ပထမပိုင်း နည်း နည်းကလေး စိမ်းတိမ်းတိမ်းရှိတာ နဲ့ သည်လိုပဲ လှောင်အိမ်ကလေး နဲ့ ထားတာပေါ့။ နောက်မှ ယုန်က လေးက လိမ္မာတာနဲ့ အိမ်ထဲမှာ လွှတ်ပြီး ထားလိုက်တာ။ ယုန်က လေးကလည်း ထွက်မပြေးပါဘူး။ ဟိုနားလှုပ်လှုပ်၊ သည်နားလှုပ် လှုပ်။ ကန်စွန်းရွက်ကလေးစား လိုက်၊ မုန်လာဥလေးစားလိုက်။ နောက်တော့ တိရစ္ဆာန်ချစ်သူလူ သား ဘယ်လိုမှ မနေနိုင်တော့ပါ ဘူး။ လွတ်လွတ်လပ်လပ်နေပါ စေတော့ဆိုပြီး စိတ်ပေါက်လာ ခဲ့ကာ မလှမ်းမကမ်းမှာရှိတဲ့ စုံနံ့ သာမြိုင်တောကြီးထဲ သွားလွှတ် ပေးခဲ့လိုက်တာပါ။
‘‘ပျင်းရင် မကြာမကြာ လာ လည်လှည့်’’
အဲသည့်လိုလည်း ဖိတ်မန္တ က ပြုခဲ့သေးတာပါ။ ယုန်ကလေး ကလည်း ဟုတ်ကဲ့တဲ့။ လူစကား တတ်သွားခဲ့ပြီကိုး။
အဲဒါဟာ စုံနံ့သာမြိုင်တော ကြီးထဲက ဗက်ဂျီးတေးရီးယန်းစ် ပွဲတော်ရဲ့အစပါပဲ စာရှုသူ။
(သုံး)
လာလည်လှည့်လို့ ဖိတ်မန္တ ကပြုခဲ့တဲ့အတိုင်း တစ်ခါတစ်ခါ ကနေ မကြာမကြာလို့ ဆိုရလောက်တဲ့အထိ ရောက်ရောက်လာခဲ့သူက ယုန်ကလေးပါ။ ဘယ်တစ်ကောင်တည်း ဟုတ်မလဲ။ အဖော်တွေပါ ပါလာကြတာပေါ့။ သိုးကလေးတွေ၊ ဆတ်ကလေးတွေ၊ ဂျီကလေးတွေ၊ သမင်ကလေးတွေ။နည်းနည်းအကောင်ကြီးတဲ့ ကျွဲတို့၊ နွားတို့၊ ဆင်တို့ကတော့ ခရီးလှမ်းလို့တဲ့ လိုက်မလာကြဘူး။
လူသားက ဧည့်ဝတ်ကျေရှာ ပါတယ်။ စပါး၊ ပြောင်း၊ နှမ်း၊ ပဲ၊ မြက်မရှိ ရှိတာနဲ့ တည်ခင်းဧည့်ခံ တာပါ။ ပြီးတော့ သူတစ်ပါး အ သားမစားတဲ့ တိရစ္ဆာန်လေးတွေ ကို ချစ်လည်းချစ် သနားလည်း သနားပေါ့။
‘‘သူတစ်ပါးအသား မစားတဲ့ တိရစ္ဆာန်များဆိုပြီး အဖွဲ့တစ်ဖွဲ့  စုံနံ့သာမြိုင်မှာ ဖွဲ့ပါလား။ သက် သတ်လွတ်စားတဲ့ လူတွေက လို အပ်သမျှ ၀ိုင်းကူမှာပေါ့’’
အဲသည်မှာ ယုန်ကစလို့ သူ့ လိုသတ္တ၀ါလေးတွေ အကုန်လုံး ၀ုန်းဆို မျက်လုံးကလေးတွေ ၀င်း လက်သွားကြတာပါ။
‘‘သောက်ဖို့ ရေကန်တူးပေး မယ်။  ကောက်ပဲသီးနှံလိုရင် ကောက်ပဲသီးနှံ ထောက်ပံ့ပေး မယ်’’
အတိုင်းထက်အလွန် တံခွန် နဲ့ ကုက္ကားပေပ။ စုံနံ့သာမြိုင်မှာ သူတစ်ပါးအသက်မစားသူများ အဖွဲ့ ဖွဲ့မယ်။ သက်သတ်လွတ် ပွဲတော်ကြီးကိုလည်း ကျင်းပမယ်။ တစ်ခါတည်း ဆုံးဖြတ်ချက် ချ လိုက်ကြတာပါ။
‘‘ဒေါင်းမကလေးကိုပဲ ခေါင်း ဆောင်ခိုင်းရမပေါ့ဗျာ’’ တဲ့။
 ဒရယ်ကြီးတစ်ကောင်က ဆုံးဖြတ်ချက် ချလိုက်တာပါ။
(လေး)
စုံနံ့သာမြိုင်ရဲ့ ထုံးစံအတိုင်း ပေါ့ခင်ဗျာ။ ခေါ်အညှိမှာ အဖော် အသိအဖြစ်နဲ့ ကျွန်ုပ်ဆရာကြီး ဂျက် ပါဝင်လာရပြန်တာပါ။ တောရဲ့ဦးသျှောင် မြေခွေးမောင်က လှမ်းခေါ်ခဲ့တာကိုး။
‘‘သူတစ်ပါးအသက် မစား တဲ့ တိရစ္ဆာန်များဆိုပြီး အဖွဲ့ဖွဲ့ မယ်။ အဲသည့် တိရစ္ဆာန်ကလေး တွေက ပွဲတော်တစ်ခုလည်း ကျင်းပဦးမယ်။ လူတွေက ၀ိုင်းကူ ညီမယ်ဆိုတော့ကာ တောဟာ စည်းလုံးမှု ပျက်မှာပေါ့ ဆရာကြီးဂျက်ရဲ့’’
‘‘အဲသည်အထဲမှာ အဆွေ တို့ထဲက အကောင်ဆင်ကြီးပါနေ တယ် မဟုတ်လား’’
‘‘ဆင်တစ်ကောင်တည်းနဲ့ ဘယ့်နှာအလုပ်ဖြစ်မှာတုံး ဂျက် ဆရာရဲ့။ သူတို့အဖွဲ့ထဲမှာရော၊ သူတို့လုပ်မယ့် ပွဲမှာရော တိရစ္ဆာန် အစုအစုကလေးကိုယ်စီကနေ တစ်ကောင်စ နှစ်ကောင်စ အချိုး ကျပါမှ ကြည့်လို့လှမှာပေါ့။ သူ တို့ကို ကျုပ်မတားဘူးနော်။ လုပ်။ အနို့သော်  တောရဲ့ရှေ့ရေးအ တွက် ကျန်တဲ့အကောင်တွေကို လည်း အချိုးကျတော့ ထည့်ပြီး လုပ်ပေါ့။ ဟုတ်ဘူးလား’’
ထုံးစံအတိုင်းပါပဲ။ တိရစ္ဆာန် ခေါင်းဆောင်ကို ဂျက်က ဘယ့် နှာလုပ် နားချလို့ ရပါ့မလဲ။ အ စွယ်နဲ့ အဆိပ်နဲ့ ဥစ္စာ။
  မြေခွေးအစုထဲကလည်း နည်းနည်းထည့်တဲ့။ ခြင်္သေ့အစု ထဲကလည်း နည်းနည်းထည့်တဲ့။ ကျားအစုထဲကလည်း နည်းနည်း ထည့်တဲ့။ ၀ံပုလွေအစုထဲကလည်း နည်းနည်းထည့်တဲ့။ မိကျောင်းအစုထဲကလည်း နည်းနည်းထည့်တဲ့။ အသားမစားတဲ့ သတ္တ၀ါကလေးတွေ ခေါင်းညိတ်လိုက်ကြရရှာလေသဗျ။ ဒေါင်းမကလေးဘယ်လိုလုပ် မျက်နှာကောင်းနိုင်ပါတော့မလဲ။
(ငါး)
ဗက်ဂျီးတေးရီးယန်းစ်အဖွဲ့ ကြီး စုံနံ့သာမြိုင်မှာ စတင်ဖွဲ့စည်း တဲ့ အထိမ်းအမှတ်နဲ့အတူ ဗက်ဂျီး တေးရီးယန်းစ်ပွဲတော်ကြီးကို လည်းခြိမ့်ခြိမ့်သဲသဲကို ကျင်းပခဲ့တာပါ။ အရပ်ရပ်အရွာရွာက လူတွေလည်းလာကြသပေါ့။ ငှက်ပျောသီး၊ ပန်းသီး၊ လိမ္မော်သီး၊ ဒူးရင်းသီး၊ သြဇာသီး၊ စတော်ဘယ်ရီ၊ သရက်သီး၊ ပြောင်း၊ လူး၊ ဆတ်၊ စပါး အကုန်အ၀စားပါပဲ။
စုံနံ့သာမြိုင် သက်သတ်လွတ် တိရစ္ဆာန်ကလေးများဗဟိုကော်မ တီက စင်ပေါ်မှာ တန်းစီရပ်လို့။ ဓာတ်ပုံအရိုက်ခံနေကြတာ။
ခြင်္သေ့ရယ်၊ ကျားရယ်၊ ကျားသစ်ရယ်၊ မြေခွေးရယ်၊ ၀ံပုလွေရယ်၊ ဆင်ရယ်၊ ဒေါင်းရယ်၊ သိုးရယ်၊  သမင်ရယ်၊  ယုန်ရယ်။ တိရစ္ဆာန်အုပ်စုအစုံ အချိုးကျ ကိုယ်စားပြုပြီး ပါဝင်ထားကြတာ။
အဲသည့်ပွဲကို သတင်းလာ ယူတဲ့လူ သတင်းထောက်တစ် ယောက်က ဓာတ်ပုံရိုက်ရင်းကနေ ကောက်ချက်တစ်ခု ချသဗျ။
‘‘ကိုက်မယ့်အကောင်တွေနဲ့ အကိုက်ခံရမယ့်အကောင်က လေးတွေ တစ်ဖွဲ့တည်းတွဲနေတော့ ကိုက်ရတာ ပိုလွယ်သွားတာပေါ့’’ တဲ့။
မြတ်စွာဘုရား......။       ။
(ဖော်ပြပါ သရော်စာသည် စာရေးသူ ဂျက်ကွမ်းခြံကုန်း၏ အာဘော်သာဖြစ်သည်။)

No comments:

Followers