အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Tuesday 24 June 2014

သစ္စာတွေ မေတ္တာတွေ ချစ်သဒ္ဒါတွေ ဝေနေတဲ့ ပညာရေး


 မောင်သာချို
 (တစ်)

စာရေးဆရာမနုနုရည်(အင်းဝ) မြန်မာစာပေလောကထဲသို့ စတင်ဝင်ရောက်လာစဉ်က တော်တော်ကလေး ဂယက်ထသည့် ၀တ္ထုတိုတစ်ပုဒ်ကို ရေးသားတင်ဆက်ခဲ့ဖူးပါသည်။ ‘‘နမ်းမှာလားမောင်ရဲ့ မွှေးတယ်ရှင်’’ ဟူသော ၀တ္ထု။ ခေတ်ပြိုင်ဝေဒနာကိုဖွဲ့သည့် ၀တ္ထုတိုတစ်ပုဒ်။

ဝတ္ထုဇာတ်လမ်းက အယူအကောက်ရှေးရိုးဆန်လွန်းသော စာဖတ်သူတို့ကြားထဲမှာ မကြားဝံ့မနာသာ အကြောင်းအရာတစ်ရပ် ဖြစ်သွားပုံရပါသည်။ အပြင်းထန်ဝေဖန်တုံ့ပြန်လိုက်ကြပုံတွေများ။
ဝတ္ထုထဲရှိ အဓိကဇာတ်ဆောင်က တက္ကသိုလ်ကျောင်းသူတစ်ဦး။ သူ့မှာ ချစ်သူရှိပါသည်။ သူ့လိုပဲ တက္ကသိုလ်ကျောင်းတော်သားတစ်ယောက်။ ဘွဲ့ရပြီးလျှင် ဘ၀တစ်ခုကို ထူထောင်တည်ဆောက်ကြဖို့အထိ ရည်မှန်းထားသည့်ချစ်သူ။ သို့သော် ကျောင်းသူမိန်းမပျိုက ဘ၀အခြေခံမခိုင်မာ။ မိဘများက စီးပွားရေးယိမ်းယိုင်ပြိုလဲနေသည့်သူများ။

သည်လိုနှင့် တစ်ရက်မှာ ကျောင်းသူမ၏ ဦးလေးဆိုသူ ပေါ်လာပါသည်။ ဦးလေးက တူမဖြစ်သူ အဆောင်၌ စားဝတ်နေမှု ဖွယ်ဖွယ်ရာရာမရှိမှာကို စိုးရိမ်ပူပန်ကြောင်း ကျောင်းသူမကိုယ်တိုင်က သတင်းထုတ်ပြန်လာပါသည်။ ထို့ကြောင့် သောကြာနေ့ညနေတွင် ဦးလေးက အဆောင်သို့လာကာ ကားဖြင့်အိမ်သို့ခေါ်သွား။ ဦးလေး၏ အိမ်မှာလိုက်နေ။ တနင်္လာနေ့ ကျောင်းပြန်ဖွင့်တော့မှ ဦးလေးကိုယ်တိုင် အဆောင်သို့ ကားဖြင့်ပြန်ပို့။

စာရေးဆရာမက ၀တ္ထုတိုကိုရေးသောအခါ တက္ကသိုလ်ကျောင်းသူ၏နေရာမှ ၀င်ရေးခြင်းဖြစ်ပါသည်။ ဦးလေးက တကယ့်ဦးလေးမဟုတ်။ ကျောင်းဆက်တက်ဖို့ရာ အထောက်အပံ့ပေးသည့် ဟန်ဆောင်ဦးလေး။ ကျောင်းသူနှင့် တစ်ပတ်တစ်ခါ အတူတူနေသည့် ဦးလေး။ ဦးလေးက အဆောင်သို့ ကားဖြင့် လာခေါ်စဉ် ဦးလေးမြင်မည်ကိုစိုး၍ သစ်ပင်ကိုကွယ်ကာ နှုတ်ဆက်နေသည့် ချစ်သူတက္ကသိုလ်ကျောင်းသား။ ဘွဲ့ရသည်အထိတော့ စောင့်ပါဦးဟု တိတ်တဆိတ် တောင်းပန်နေသည့် တက္ကသိုလ်ကျောင်းသူ။ ကားပေါ်မှာ မျက်ရည်စတွေနဲ့။
သည်ဝတ္ထုကို ဝေဖန်ကြ၊ တုံ့ပြန်ကြသည့်အသံတွေက စာပေလောက အ၀န်းအ၀ိုင်းကလေးထဲမှာ တစ်ခါက ကျွက်ကျွက်ညံနေခဲ့ဖူးပါသည်။

နောင်တက္ကသိုလ်ဘ၀ကို လက်တွေ့ဖြတ်သန်းရလေသောအခါ သည်လိုမျိုးဆန်ဆန် အဖြစ်အပျက်တွေက တစ်ကွေ့တစ်ခါများဆီ၌ တိုးမိတိုက်မိကလေးတွေ ရှိလာရပါသည်။ အဆောင်တွင်နေကာ အမျိုးသားတစ်ယောက်နှင့် လက်ထပ်ထား၊ ကိုယ့်ခင်ပွန်းဖြစ်ကြောင်းလည်း ပတ်ဝန်းကျင်ကို မိတ်ဆက်၊ ကျောင်းပိတ်ရက်များမှာ ထိုခင်ပွန်းဆိုသူနှင့် လိုက်ပါသွား၊ ဘွဲ့ရပြီးတော့ ကွာရှင်းပြတ်စဲ၊ ပြီးတော့မှ အခြားသောသူနှင့် လက်ဆက်ကာ ဘ၀ကိုတည်ငြိမ်စွာ တည်ဆောက်သွားကြသည့် သူတို့ကို သိရှိထိတွေ့လာရလေသောအခါ စာရေးဆရာမနုနုရည်(အင်းဝ)၏ ၀တ္ထုတိုကို မအံ့သြပါလေတော့။

(နှစ်)

အံ့သြစရာတက္ကသိုလ် ဆရာမတစ်ဦးကို တွေ့ဖူးပါသည်။
သူက ပြည်ပသို့ထွက်ကာ ပညာသင်ကြားလိုစိတ်ရှိသူ။ သို့သော် ထွက်ခွာသွားဖို့ရာက လွယ်လွယ်နှင့် အဆင်မပြေ။ သည်မှာတွင် သူက နိုင်ငံခြားသားသံရုံးဝန်ထမ်းတစ်ဦးကို လက်ထပ်ပစ်လိုက်ပါသည်။ ထိုသူ၏ ဇနီးမယားဘ၀ကို ခံယူကာ ပြည်ပသို့ အလွယ်တကူ လိုက်ပါသွားခဲ့နိုင်ပါသည်။ သူအလိုရှိရာနိုင်ငံသို့ အရောက်တွင်ကား ထိုသူနှင့် ကွာရှင်းပြတ်စဲပစ်လိုက်ကာ သူ့လမ်းကိုသူ ဖြောင့်တန်းစွာ လျှောက်ပစ်လိုက်ပါလေတော့သည်။
ဆန်းလိုက်တာ။

(သုံး)

တစ်ခါက  အလျင်စလို ဒရောသောပါးကြီးဆိုသလို မိန်းမယူပစ်လိုက်သည့် တက္ကသိုလ်ဆရာတစ်ဦးနှင့် ဆုံဖူးပါသည်။ သူ့ကိုကြည့်ရသည်မှာ ဆယ်ကျော်သက် လူငယ်ကလေးတစ်ယောက်ပမာ ချစ်လှချည်ရဲ့ ကြိုက်လှချည်ရဲ့၊ ဆွေးလှချည်ရဲ့ လွမ်းလှချည်ရဲ့ဟူသော ပုံစံမျိုးဖြင့် မခွဲနိုင်၊ မခွာရက်သဖြင့် လက်ထပ်သွားခြင်းမျိုး မဟုတ်သောကြောင့် ထူးဆန်းသည်ထင်၍ မေးကြည့်မိပါသည်။
‘‘ထရန်စဖာလေဗျာ ထရန်စဖာကို ရှောင်ဖို့ပညာ’’တဲ့။
အံ့သြဖို့ကောင်းလိုက်တာ။ သမီးရည်းစားရယ်၊ ဘာရယ်လည်း ပီပီပြင်ပြင် မဟုတ်သေးပါဘဲ နည်းနည်းချိတ်တိတ်တိတ်ကလေးဖြစ်ရုံနှင့် လက်ထပ်ဖို့ တိုင်ပင်ဆုံးဖြတ်လိုက်ကြသည်မှာ စရန်စဖာကြောင့်တဲ့။ သြော် ...Transfer ။

တက္ကသိုလ်လောကမှာက လင်မယားနှစ်ယောက်အနက် တစ်ယောက်က နယ်တွင်ရှိနေသမျှကာလပတ်လုံး ကျန်တစ်ယောက်သည် ရန်ကုန်၊ မန္တလေးမြို့ကြီးများရှိ တက္ကသိုလ်များကနေ မည်သည့်အရပ်ကိုမှ ရွှေ့ပြောင်းစရာမလိုကြ။ သည်စည်းမျဉ်းကို သိထားသူ မိတ်ဆွေက ပြောင်းရွှေ့ဖို့ရာ နီးလာသည်နှင့် လက်ထပ်ပွဲကို ဆင်နွှဲပစ်လိုက်ခြင်း ဖြစ်ပါသည်။ ထို့နောက် ဇနီးသည်ကို ရန်ကုန်နှင့် အနီးဆုံးဖြစ်သော ပဲခူး၊ မအူပင်၊ ဟင်္သာတ၊ ပုသိမ်၊ တောင်ငူ၊ ပြည် စသော မြို့များသို့ လျှောက်ခိုင်းလိုက်ပါသည်။ ကိုယ့်သဘောနှင့်ကိုယ် နယ်ကို ဆန္ဒပြုသည်ဆိုတော့လည်း လွယ်လွယ်ကလေးနှင့်ပဲ ရသည်ပေါ့။ ဤတွင် နယ်ရောက်သူ ဇနီးသည်က မည်သည့်အရပ်သို့မှ မရွှေ့ပြောင်းတော့ဘဲ ထိုနယ်၌ အထိုင်ချထားလိုက်ပါသည်။ ခင်ပွန်းဖြစ်သူကား ရန်ကုန်လို မြို့ကြီးပေါ်ကနေ တစ်ဖ၀ါးဆို တစ်ဖ၀ါးမှ ခွဲခွာစရာမလိုတော့ဘဲ မြို့ကြီးပေါ်၌ အရည်အချင်းရှိလျှင်ရှိသလို တစ်လဆယ်သိန်း၊ ဆယ့်ငါးသိန်း အေးအေးဆေးဆေး စုပေတော့။ တစ်ခါတစ်ခါ ကိုယ်က ဇနီးရှိရာဆီသို့ လိုက်သွား။ တစ်ခါတစ်ခါ ဇနီးသည်က ကိုယ့်ဆီလာ။ သုံးလေးငါးနှစ်ဆို တိုက်ခန်းကလေး၊ ကားကလေးတောင် ဖြစ်သွားနိုင်ပါရဲ့။
နယ်တက္ကသိုလ် တစ်ခုခုဆီသို့ ရောက်မသွားရလေအောင် ဟိုးအဝေးကြီးဆီသို့ လွင့်မသွားရလေအောင် မင်းနဲ့ကိုယ်နဲ့ လက်ထပ်ရအောင်ဆိုလား။

(လေး)

လူတွေ ဘာကြောင့်လက်ထပ်ကြသလဲ။ ဖိုနဲ့မ ဘာကြောင့်အတူတူနေဖို့ ကြိုးစားကြသလဲဆိုသည့် ကိစ္စများမှာ ဟိုတုန်းကတော့ တော်တော့ကိုပဲ ရိုးစင်းပါသည်။ ချစ်လို့၊ ကြိုက်လို့၊ မြတ်နိုးလို့၊ တွယ်တာလို့၊ သနားလို့၊ အားကိုးလို့၊ တပ်မက်လို့၊ အထင်ကြီးလို့ စသည်စသည်ဖြင့် ခေါင်းစဉ်ကွဲတွေက တစ်ခုခုတော့ ဖြစ်နိုင်ပါသည်။
အခု လူ့အဖွဲ့အစည်း ယန္တရားကြီးက ဆန်းပြားလာလိုက်တာ။ ဘွဲ့ရသည်အထိ အထောက်အပံ့ဖြစ်ဖို့ ပေါင်းသင်းကြတဲ့ အချိန်ပိုင်းအိမ်ထောင်တဲ့။ ယာယီအိမ်ထောင်တဲ့။ နှစ်ချုပ်အိမ်ထောင်တဲ့။ နိုင်ငံခြားထွက်ပြီး ပညာသင်နိုင်ဖို့ ပေါင်းဖက်တဲ့ ဟန်ဆောင်အိမ်ထောင်တဲ့။ နယ်ပြောင်းရမှာကိုကြောက်လို့ ကပျာကသီ တည်ဆောက်တဲ့ ဒရောသောပါး အိမ်ထောင်တဲ့။

‘‘ဃရာဝါသ၊ သမ္ဗာဓဟု ဒုက္ခဖွဲ့နှောင်၊ လူတို့ဘောင်ဝယ် အိမ်ထောင်သားမွေး၊ ခြနယ်မြှေး’’တဲ့ ။
ကိုးခန်းပျို့ဆရာ ရှင်မဟာရဋ္ဌသာရက အိမ်ထောင်ရေးဟာ ရှုပ်ထွေးပါတယ်တဲ့။ အိမ်ထောင်ရေးကမှ ရှုပ်ထွေးတာမဟုတ်။ အိမ်ထောင်ပြုပုံပြုနည်းကလည်း ရှုပ်ထွေးလိုက်တာ။ အခုဆို ပညာရေးနဲ့တောင်မှ ကြင်ရာအရေးက ထွေးယှက်လို့။ သြော် .. ဆန်းပြားတဲ့ ယန္တရားကြီးပါကလား။          ။

No comments:

Followers