အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Tuesday 24 June 2014

တပည့်ကောင်းကောင်း ရောင်းရန်ရှိသည်။

 
  မောင်သာချို
 
(တစ်)
ဘဝ၏အချိုးအကွေ့တစ်ခုအဖြစ် ဧရာဝတီမြစ်အနောက်ဘက်ကမ်းပါးပေါ်က ဟင်္သာတဆိုသော မြို့ကြီးတစ်မြို့မှာ ဆယ့်လေးနှစ်တိတိ ခိုနားကျင်လည်ခဲ့ရဖူးပါသည်။ စာပေကိုအခြေခံကာ မြို့ခံများနှင့် အထူးတလည် ခင်မင်ရင်းနှီးမိကြရာက ခင်ရာမင်ရာများ မကင်းရာမကင်းကြောင်းများ၏ သားသမီးများကို စာသင်ပေးခဲ့ရဖူးပါသည်။ ဆယ်တန်းကျောင်းသူ၊ ကျောင်းသားကလေးတွေပဲပေါ့။ တစ်ယောက်ချင်း နှစ်ယောက်ချင်း သင်ပေးရသည်က ပိုများပါသည်။ ကိုယ်သင်ပေးသည်ကပဲ အစပ်အဟပ်တည့်သွားလို့လား၊ ကလေးတွေကိုယ်တိုင်ကပဲ ထူးချွန်ထက်မြက်ကြလို့လားမသိ။ မြန်မာစာဂုဏ်ထူးရှင် တော်တော်များများကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပါသည်။
တစ်နှစ်၊ ဆယ်တန်းအောင်စာရင်းများ ထွက်ရှိပြီးနောက် ကျောင်းဖွင့်စရက်များနှင့် အချိန်ကိုက်ဆိုသလို မြန်မာစာသင်ရိုးကုန် အထူးထုတ်စာအုပ်တစ်အုပ်လည်း ထွက်ရှိ၍လာပါသည်။ နာမည်ကတော့ ထားလိုက်ပါတော့။ ယခုအခါ နာမည်ကျော်ဆရာတွေထဲက တစ်ယောက်ဟုဆိုလျှင် လုံလောက်ပါပြီ။
ကျွန်တော် စာအုပ်ကို ကောက်လှန်လိုက်တော့ စာအုပ်၏ရှေ့ပိုင်းစာမျက်နှာများတွင် ထုတ်ပြန်ပြီးခါစ စာမေးပွဲအောင်စာရင်းမှ ဟင်္သာတမြို့သား တပည့်ကလေး၏နာမည်နှင့် ခုံနံပါတ်ကိုပါ တွေ့လိုက်ရပါသည်။ မြန်မာစာအပါအဝင် ဘာသာစုံဂုဏ်ထူးရှင် တပည့်များ၏စာရင်းတဲ့။ ကျွန်တော် တော်တော့ကိုပဲ အံ့သြသွားပါသည်။ ဟင်္သာတတွင်နေ ဟင်္သာတတွင်ဖြေသော ကျွန်တော့်တပည့်က ဘယ့်နှယ်လုပ်ပြီး ရန်ကုန်ရှိ ထိုကျူရှင်ဆရာ၏ တပည့်ထူးစာရင်းထဲတွင် ဝင်သွားရပါလိမ့်။ သို့ဖြင့် လမ်းကြုံသောတစ်နေ့ တပည့်အိမ်ရောက်ခိုက် သည်အကြောင်းပြောဖြစ်တော့ တပည့်က ပြုံးနေပါသည်။ သူလည်း သိနှင့်ပြီးသားကိစ္စ။
ဆန်းတယ်ဆရာ...တဲ့။ ဘာတွေကများ ဆန်းနေရပြန်သည်မသိ။
(နှစ်)
သို့ဖြင့် ရန်ကုန်မြို့၌ကျင်လည်ရစဉ် တစ်ရက် ကျောင်းသူမကလေးတစ်ဦး၏ အိမ်သို့ရောက်သွားပါသည်။ စာသင်ဖို့မဟုတ်ပါ။ မိဘများနှင့် ခင်မင်ရင်းနှီးစွဲရှိကြပြီး လူမှုရေးကိစ္စ ပြောကြမြဲ၊ ဆိုကြမြဲ၊ တိုင်ပင်ကြမြဲ ပြုကြလေ့ရှိသဖြင့် ရောက်သွားခဲ့ခြင်း ဖြစ်ပါသည်။ ထုံးစံအတိုင်း ဆယ်တန်းစာမေးပွဲ အောင်စာရင်းတွေ ထုတ်ပြန်ပြီးစကာလ။
ထိုသမီးငယ်ကလေးက ပညာထူးချွန်ပါသည်။ မြန်မာစာအပါအဝင် ဂုဏ်ထူးတွေက ပုလဲသဖွယ်စီသွယ်၍နေပါသည်။ မိဘနှစ်ပါးက သာမန်ဝန်ထမ်းများ။ တိုင်းတိုင်းတိတိသုံးစွဲ၊ ကျစ်ကျစ်လျစ်လျစ် ရှင်သန်ကြရသည့်အနေအထား။
တစ်ရက် သူတို့၏အိမ်သို့ လူတစ်ယောက်ရောက်လာပါသည်။ နေထိုင်ရာလိပ်စာကို အဆင့်ဆင့် စုံစမ်းမေးမြန်းပြီးနောက် ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။ နာမည်အထင်အရှားရှိသူ မြန်မာစာကျူရှင်ဆရာတစ်ယောက်က လွှတ်လိုက်ခြင်းဖြစ်ပါသည်။ ထိုဆရာ၏ကျူရှင်က ဝန်ထမ်းတဲ့။
လာရင်းကိစ္စက စကားကိုခံသာအောင် တန်ဆာမဆင်ဘဲ လွှတ်ပြီးပြောချရသော် လူလာဝယ်ခြင်း။ ဟုတ်ပါသည်။ လူလာဝယ်ခြင်းပါ။ သမီးငယ်ကလေး၏ကျောင်းက နာမည်ကြီးကျောင်းဖြစ်၍ ယင်းမှတစ်ဆင့် ခြေရာခံကာ သမီးတို့ထံ ရောက်ရှိလာခဲ့ရခြင်းဖြစ်ကြောင်း၊ ဂုဏ်ထူးများစွာရရှိ၍ ဝမ်းသာကြောင်း၊ အထူးသဖြင့် မြန်မာစာဘာသာရပ်ကို ထွက်အောင်ဖြေနိုင်၍ ချီးကျူးကြောင်း၊ သမီးကို ဆရာကြီးက သူ၏တပည့်အဖြစ် စာနယ်ဇင်းပေါင်းစုံ၌ ကြော်ငြာရာတွင် ထည့်သွင်းကြော်ငြာလိုကြောင်း၊ ဆုချီးမြှင့်ပွဲလုပ်လျှင်လည်း တက်ရောက်စေလိုကြောင်း၊ ယင်းကိုလက်ခံလျှင် ငွေတစ်သိန်းပေးလိုပါကြောင်း၊ လက်ခံ၊ မခံ အမြန်ဆုံး အကြောင်းပြန်စေလိုကြောင်း စသည်စသည် စသည်။
‘‘ကျွန်မတို့က သူ့ကို တကယ်သင်ပေးတဲ့ ဆရာမကို အားနာတာပါ။ ဆရာမဆီသွားပြီးတော့ ရှင်းပြခွင့်ပန်ရတယ် ဆရာရယ်’’
မိခင်ဖြစ်သူက ကျွန်တော့်ကို သည်အတိုင်းပဲ ရင်ဖွင့်ပါသည်။ မျက်နှာမကောင်းပါ။ ကျွန်တော်က ဆရာမ မည်ကဲ့သို့ဆုံးဖြတ်သလဲ မေးရပါသည်။
‘‘ဆရာမက ကျွန်မတို့မိသားစု ကျပ်တည်းတာကို သိတယ်။ နားလည်တယ်။ ခြောက်ဘာသာလုံး နာမည်ခံပေးလို့ ခြောက်သိန်းရရင် ခံပေါ့ သမီးရဲ့တဲ့။ တစ်နှစ်စာ ကျောင်းစရိတ်ရရင် နည်းသလားတဲ့’’
 သြော်...တကယ်မသင်တဲ့လူက ထူးချွန်တဲ့တပည့်ကို ငွေတစ်သိန်းပေးပြီး ဒါကိုယ့်တပည့်ပေါ့ဟလို့လုပ်သော ဈေးကွက်။ တော်တော့ကို မျက်နှာပြောင်တိုက်ရသည့် စီးပွားရေး။
(သုံး)
ဈေးကွက်စီးပွားရေးခေတ်ကြီးထဲ၌ လူတွေဘာရောင်းရင်ကောင်းမလဲဟု တွက်ချက်ချိန်ဆကြရသောနေ့ရက်များအတွင်း ဝယ်ရောင်းစရာမရှိသူတချို့က ဂုဏ်သိက္ခာကို ချရောင်းကြသည်များ ရှိနေခဲ့ပြီဖြစ်ပါသည်။
စာဖတ်သူမှာ သားတို့၊ သမီးတို့များ ရှိနေလေသလား မပြောတတ်။ ထိုကလေးတွေက ပညာရေးမှာများ ထူးထူးချွန်ချွန်ရှိကြလေသလားမဆိုတတ်။ ရှိခဲ့သော် အလုပ်ဖြစ်နိုင်ပါသည်။ အခု ဘယ်ဈေးတွေပေါက်နေလေသလဲ မပြောတတ်။ ဝယ်မည့်သူကိုသာ ချိတ်ဆက်မိအောင် နားစွင့်ထားပေတော့။ ဒါမှမဟုတ်လည်း ခေါင်းရွက်ဗျပ်ထိုးပမာ လမ်းပေါ်ထွက်အော်ကြတာပေါ့။

တပည့်ကောင်းတွေ ရောင်းဖို့ပါတယ် ယူကြဦးမလား။       ။

No comments:

Followers