အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Thursday 16 May 2013

မြတ်ဗုဒ္ဓ၏ကိုယ်ပိုင် အင်တာနက်

ယနေ့ ကမ္ဘာကြီး၌ အိုင်တီနည်းပညာသည် လျင်မြန်သော အဟုန်ဖြင့် တိုးတက်လျက်ရှိရာ

international network (internet) ဆိုသည့် အပြည်ပြည်ဆိုင်ရာ ကွန်ရက်ချိတ်ဆက်မှုဖြင့်
ကမ္ဘာကြီးတစ်ခုလုံးကို ရွာလေးတစ်ရွာအလား ထင်မှတ်ရလောက်အောင် ကမ္ဘာ့အရှေ့ ခြမ်းမှ အနောက်ခြမ်းသို့
E- mail ဖြင့်သော်လည်းကောင်း၊ G talk, VZO chat, Yahoo messenger, Skype စသည်တို့ဖြင့်
ချက်ခြင်းပင် webcam နှင့် ရုပ်မြင်၍ဖြစ်စေ၊ စာရိုက်၍ဖြစ်စေ၊ အသံဖြင့်ဖြစ်စေ ဆက်သွယ်၍
ရနေပါပြီ ဖြစ်ပါသည်။ ထို့ကြောင့် ရှေးယခင်က ကမ္ဘာကြီးသည် အလွန် ကျယ်ဝန်းသည်ဟု ဆိုရသော်ငြားလည်း
ယနေ့ အိုင်တီခေတ်ကြီးတွင် အလွန်ကျဉ်းမြောင်းသွားလေပြီ ဟု ဆိုရပါမည်။

တစ်ခါက ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် (internet connection) ရက်ပိုင်းလောက်
ပြတ်တောက်သွားရာ သူ၏ စီးပွားရေးလုပ်ငန်းများ နိုင်ငံတကာနှင့် အဆက်အသွယ်
ပြတ်တောက်ခဲ့ရသည့်အတွက် Internet မရှိလျှင် သူ့အတွက် အဆင်ပြေမှု မရှိသည့်အပြင်
စီးပွားရေး အဆက်အသွယ် ပြတ်တောက်ကုန်တော့မှာ ဖြစ်သည့်အတွက်ကြောင့် internet မရှိလျှင်
သူ့တွင် အလွန်နစ်နာကြောင်း၊ ပြောဆိုခဲ့ဖူးပါသည်။ ဤသည်ကို ထောက်ရှုခြင်းဖြင့် ယနေ့ခေတ်၌
လူသားများအတွက် Internet သည် အလွန်အရေးပါ အရာရောက်သည့်အပြင် မရှိမဖြစ် အလွန်လိုအပ်သော
အရာတစ်ခုအဖြစ်လည်း သက်သေခံနေပေသည်။

အကယ်၍ လူသားတို့အတွက် အင်တာနက်(Internet) သည် မရှိမဖြစ် လိုအပ်နေသော အရာတစ်ခုဖြစ်နေပြီဆိုလျှင်
လွန်ခဲ့သော ထောင်စုနှစ် နှစ် ခုကျော်တုန်းကလည်း အင်တာနက်(Internet) ကို လိုအပ်လိမ့်မည်
ဟု တွေးတောစရာပင်ဖြစ်သည်။ အကြောင်းမှာ ထိုခေတ်တုန်းက အင်တာနက် မပေါ်ပေါက်သေးချေ။ သို့သော်လည်း
အင်တာနက်ထက် အဆပေါင်းများစွာ စွမ်းရည်မြင့်မားပြီး လောက၌ မည်သည့်အရာနှင့်မျှ တုနှိုင်းမမီသော
အရာတစ်ခုကား အမှန်တကယ်ဖြစ်ပေါ်ခဲ့လေသည်။ ထိုအရာကား တစ်ခြားမဟုတ်၊ မြတ်ဗုဒ္ဓ၏ သဗ္ဗညုတရွှေ
ဥာဏ်တော်ကြီးပင် ဖြစ်ပါသည်။ ယနေ့ခေတ် အင်တာနက်၏ ဆက်သွယ်နိုင်သော ဧရိယာမှာ ကမ္ဘာတစ်ဝန်း
လောက်မျှသာ ဖြစ်ပါသည်။ မြတ်ဗုဒ္ဓ၏ သဗ္ဗညုတရွှေဥာဏ်တော်သည် ဤကမ္ဘာမျှသာမက စကြာဝဠာ ကမ္ဘာပေါင်းများစွာသို့လည်း
ဆက်သွယ်နိုင်ပါသည်။



အင်တာနက်တွင် မိမိအသုံးပြုခဲ့သည့် ၀က်ဘ်ဆိုက်(website) များသို့ ခြေရာခံကာ မိမိ၏
information များကို ခိုးယူနိုင်ပါသော်လည်း မြတ်ဗုဒ္ဓသည် သူ၏ ကိုယ်ပိုင် အင်တာနက်ဟုဆိုအပ်သည့်
သဗ္ဗညုတ ရွှေဥာဏ်တော်ဖြင့် အလိုတော်ရှိသလို ကွန်ရက် ဖြန့်ကျက်ကာ အသုံးပြုနေစဉ် မြတ်ဗုဒ္ဓ၏
Information များကို မည်သူမျှ ခြေရာခံ ခိုးယူနိုင်စွမ်း မရှိသည့်အပြင် လုံခြုံမှု
(security) အပြည့်ရှိနေပေသည်။

ယခုဖြစ်ဆဲကာလတွင်လည်း လူ့ပြည် သာမက နတ်ပြည် ဗြဟ္မပြည်တိုင်အောင် သိမြင်နိုင်သကဲ့သို့
ငရဲ၊ တိရစ္ဆာန် ၊ ပြိတ္တာ စသည့် အပါယ်ဘုံသားများ၏ ဘ၀ဖြစ်စဉ်များနှင့် ဖြစ်ရပ်မှန်များကိုလည်း
အလိုရှိလျှင် အလိုရှိသလောက် တိကျစွာ သိမြင်နိုင်စွမ်းရှိပါသေးသည်။ လွန်ခဲ့သော အတိတ်ကာလဆီက
မရေမတွက်နိုင်သော လူနတ်ဗြဟ္မာ ဘ၀များစွာတို့၏ ဖြစ်ရပ်မှန်များကို အလိုရှိလျှင် အလိုရှိသလောက်
တီဗွီ ဖန်သားပြင်တွင် ကြည့်ရသကဲ့သို့ တိကျမှန်ကန်သော အဖြေများကို ပေးစွမ်းနိုင်ပါသည်။
ထိုအရာကား ‘ပုဗ္ဗေနိဝါသာနုဿတိဥာဏ်’ ဟု ဆိုရသည့် အစွမ်းထက်သော မြတ်ဗုဒ္ဓ၏ ကိုယ်ပိုင်
Internet ပင်တည်း။

ထိုမျှမက နောင်ဖြစ်လတ္တံ့သော အဖြစ်အပျက်များကိုလည်း လိုအပ်လျှင် လိုအပ်သကဲ့သို့
တိကျမှန်ကန်စွာ သိနိုင်ပါသည်။ ထိုအရာကား မြတ်ဗုဒ္ဓ၏ ‘အနာဂတံသဥာဏ်တော်’ ပင်ဖြစ်ပါသည်။
အင်တာနက်ကို အသုံးပြုခြင်းဖြင့် လူသားတို့၏ စီးပွားရေး၊ အိမ်ထောင်ရေး၊ ကျန်းမာရေး၊
လူမှုရေး၊ပညာရေးစသည့် လောကရေးရာများစွာကို တိုးတက်သာလွန်အောင် စွမ်းဆောင်နိုင်ကာ ဘ၀ပြဿနာ
တစ်စိတ်တစ်ဒေသကို ဖြေရှင်းပေးနိုင်ရုံသာ ဖြေရှင်းပေးနိုင်သည်၊ ရာနှုန်းပြည့်ကား မဖြေရှင်းပေးနိုင်ပေ။

မြတ်ဗုဒ္ဓသည်ကား သူ၏သဗ္ဗညုတရွှေဥာဏ်တော်ကို အသုံးပြုကာ လူသားများ၏ ဘ၀ကိုသာမက နတ် ဗြဟ္မာ
သတ္တ၀ါအားလုံးတို့ ၏ဘ၀တိုးတက်အောင်မြင်မှုကို ရာနှုန်းပြည့် ရရှိစေရန် လမ်းညွန်မှုပေးနိုင်ပါသည်။
ထို့ပြင် လူနတ်ဗြဟ္မာ သတ္တ၀ါတို့၏ တကယ့်ဘေး တကယ့်အရေးဖြစ်သည့် အိုဘေး၊နာဘေး၊သေဘေး စသည့်
ဘေးဆိုးကြီးများမှလည်း လွတ်မြောက်စေရန် သူ၏သဗ္ဗညုတဥာဏ်တော်ကို အသုံးချကာ လမ်းညွန်မှု
အပြည့်အ၀ပေးနိုင်ပေသည်။ ထို့ကြောင့်လည်း မြတ်ဗုဒ္ဓသည် လူနတ်ဗြဟ္မာသတ္တ၀ါ အားလုံး၏ အားကိုးရာ
ဆရာတစ်ဆူ ဖြစ်ခဲ့သည် မဟုတ်ပါလော။

No comments:

Followers