အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ
Saturday, 20 October 2012
ပိတောက်လိုတို့၊ဧရာလိုတို့၊ဆွေနောင်သားတို့
လမ်းတလျှောက်သင်း၊ပန်းပိတောက်မင်း
ရွှေရောင်နှယ်လင်း၊ဆွေဘောင်ရယ်ကျင်း
သူ့ဂုဏ်သတင်း၊လူ့ဘုံအဝင်း
အစဉ်သာလင်း၊အမြင်မှာထင်း
သစ္စာရှင်မင်း၊ပြစ်နာလျှင်ကင်း
လောကဓါတ်တွင်း၊ပြောစမှတ်သင်း
အိုပိတောက်မင်း။
မြစ်မင်းဧရာ၊ချစ်ခြင်းဝေဖဖြာ
ရွှေပြည်မြန်မာ၊ဝေစည်လျံသာ
တည်ရေးနောင်ခါ၊ညီတွေးဆောင်ကာ
ငါတို့ဗမာ၊သာဘို့တကာ
မိတ်ပေါင်းသဟာ၊စိတ်ကောင်းစရာ
တို့ညီစေသာ။
ပိတောက်တနှယ်၊တစ်ထောက်တစ်စွယ်
ဧရာတစ်သွယ်၊ဝေဖြာတစ်လျယ်
များတို့သွေးရယ်၊ထားဖိုးတွေးမယ်
ရဲရဲတကယ်၊စွဲစွဲတကယ်
ကြိုးစားကြမယ်၊မျိုးသားလှရယ်
အားမာန်ကိုလွယ်၊ဓါးလှံကိုရွယ်
ရှေ့သို့လှမ်းမယ်။
လေးစားလျှက်
ရင်ခုန်ရသူ
Friday, 12 October 2012
ရတုဘုရင်သို့တမ်းချင်း
မြစ်ယံကညို၊တောင်ကပြိုလု
အလွမ်းထုကို၊ပေလွှာအိုထက်
တင်လျှက်မင်ရည်၊ကမ်းလိုသည်လေ
ရတုဘုရင်၊နတ်သျှင်နောင်သို့
တမ်းလို့လွမ်းသည်၊လွမ်းလေသည်။
စစ်ပြန်ကကို၊နှောင်းကကြိုမှု
အနမ်းယုကို၊ဆည်းဆာညိုမှာ
စုံစွာတပ်သင်း၊တံခွန်လင်းလို့
ဓါတုကညာ၊နှမလျာရယ်
တမ်းလို့မှန်းသည်၊မှန်းလေသည်။
ချစ်ဟန်ကပို၊မောင်ကဆိုခု
လွမ်းအောင်ပြုလို၊နတ်သျှင်ကိုလ
မှန်းဆရော်ရည်၊တမ်းသည်စာချိုး
မရိုးမဆန်း၊ခပ်တန်းတန်းလေ
လွမ်းနယ်မြေမှ၊ဘုရင်လှသို့
ကမ်းလို့လှမ်းသည်၊လှမ်းလေသည်။
လေးစားလျှက်
ရင်ခုန်ရသူ
Monday, 8 October 2012
လှမ်းခဲ့မယ်နန်းရေ
နှင်းမြူတွေစိုင်း၊အုံ့မှိုင်းအာကာ
သာယာရှုမော၊ရိုးမတောတောင်
လျှိုမြှောင်ချိုင့်ဝှမ်း၊တောင်ပေါ်လမ်းမှာ
သင်းရနံ့ဖြာ၊မာလာချယ်ရီ
ထင်းရူးညီတန်း၊ကျွန်းပင်တန်းနဲ့
မောမြေရဲ့ဟန်၊ပန်းချီဆန်လို့
နန်းတို့စကား၊ကြားရဘဝင်
ကြည်ရွှင်လှပေ။
မြေပြန့်ကမောင်၊အလွမ်းနှောင်ပြီ
ချယ်ရီကငို၊တောင်ပြာညိုတယ်
ပိတောက်ကယ်ဝေ၊ရွှေရည်ကလူး
မောင့်အသဲဦး၊နန်းခင်မှူးရယ်
မောင့်ရင်မယ်လေ၊ဖြေမဆည်နိုင်
လွမ်းလို့မှိုင်ကာ၊နေရရှာပြီ
မြန်းမယ်ဧကန်၊နန်းတို့ထံကွယ်
မောင့်အလာလမ်း၊ကမ်းလို့ကြိုစေ
နန်းပျိုရေ။
လေးစားလျှက်
ရင်ခုန်ရသူ
Saturday, 6 October 2012
မိအေးသို့စာတစ်ဆောင်
မိုးစက်တို့ဖွေး
ကွင်းလယ်ပြေးကာ
ပျော်ရွှင်စွာနဲ့ကြည်နူးခဲ့
စာအံသံလေး
ကျယ်ကျယ်ပေးခဲ့ဖူး
ရွာဦးကတို့ကျောင်းတော်နဲ့
ကြာဖြူကြာနီ
စုံအညီရယ်ပွင့်
ကန်တော်ဝင့်မှာနင်နဲ့ငါ
ခူးကာပေးဖူးကြာပန်းထူးနဲ့
ရာသီတိုက်စား
ဒီရေလားသို့ရယ်
ကုန်လွယ်လွန်လာခဲ့
ပညာတွေစုံ
အရာရှိဂုဏ်တက်
မိအေးသက်ရေ
လွမ်းနေမိခဲ့လည်တံရှည်နဲ့
ပလွေသံညှင်း
လယ်တောတွင်းမှာလ
ဖားသူငယ်ကအုန်အင်
ကျွမ်းအရင်ငယ်ကကြောင်း
ပြန်ပြောင်းကာသတိရမိခဲ့
လူပုံသဲ့နဲ့
ကမ်းခဲ့စာငယ်
မင်ရည်ရယ်လူးပေလွှာဖူးနဲ့
မြန်းခဲ့ပါတော့မိအေးရေ။
လေးစားလျှက်
ရင်ခုန်ရသူ
Friday, 5 October 2012
သံချပ်လေးဆိုရအောင်
  • ကဲသူငယ်ချင်းတို့ ရေ ကျနော့ကို ကူပြီး လိုက်ဆိုပေးပါနော်
    ဖော်လိုလေးလိုက်ပေးနော်
    ကျနော်။   ။လှေလှော်ပွဲကြီးပြီးသွားရာ......
    သူငယ်ချင်းများ။   ။ဆီမီးအခါလာပေလိမ့်
    ကျနော်။    ။ဆီမီးအခါလာပေလိမ့်
    သူငယ်ချင်းများ။     ။လှေလှော်ပွဲကြီးပြီးသွားရာ.........
    ကျနော်။    ။ဆီမီးတစ်ထောင်လှည့်လည်ရာမှာ......
    သူငယ်ချင်းများ။    ။ကြည်နူးစရာတို့ အမွေပေါ့
    ကျနော်။    ။ကြည်နူးစရာတို့ အမွေပေါ့
    သူငယ်ချင်းများ။     ။ဆီမီးတစ်ထောင်လှည့်လည်ရာမှာ.......
    ကျနော်။    ။ကာလသားတို့ ခန့် နေတာ.....
    သူငယ်ချင်းများ။    ။အဝတ်မှာလေသစ်ကာပြောင်လို့ 
    ကျနော်။   ။အဝတ်မှာလေသစ်ကာပြောင်လို့ 
    သူငယ်ချင်းများ။    ။ကာလသားတို့ ခန့် နေတာ.....
    ကျနော်။    ။လုံမေများလည်းချစ်စရာ.....
    သူငယ်ချင်းများ။    ။ကွက်ကြားနံ့ သာသင်းပျံ့ စွာနဲ့ 
    ကျနော်။     ။ကွက်ကြားနံ့ သာသင်းပျံ့ စွာနဲ့ 
    သူငယ်ချင်းများ။    ။လုံမေများလည်းချစ်စရာ....
    ကျနော်။     ။ဂေါ်မစွံများထွက်လာပါ........
    သူငယ်ချင်းများ။     ။ဒီဝါကျွတ်မှာစွံစေအောင်ကွဲ့ 
    ကျနော်။   ။ဒဝါကျွတ်မှာစွံစေအောင်ကွဲ့ 
    သူငယ်ချင်းများ။    ။ဂေါ်မစွံများထွက်လာပါ.....
    ကျနော်။     ။ဒိုးပတ်ဝိုင်းကညံညံဆာ...
    သူငယ်ချင်းများ။    ။ပျော်ရွှင်စရာ ကကြခုန်ကြ
    ကျနော်။    ။ပျော်ရွှင်စရာကကြခုန်ကြ
    သူငယိချင်းများ။    ။ဒိုးပတ်ဝိုင်းကညံညံဆာ.....
    သံပြိုင်။     ။ဟေ့စိန်လား.....ဟေ့မြလား.......
    ဟေ့လာမောင်တို့ ..ဝါး.....................
    လေးစားလျှက်
    ******ရင်ခုန်ရသူ****** 
Thursday, 4 October 2012
လိပ်ပြာလေးရဲ့ရင်တွင်းစကား
ေ ဟမာန်နှင်းတို့၊ဝဲလို့ခိုကာ
မြေမှာတွယ်လာ၊စိုစွတ်စွာနဲ့
မျက်ခင်းလည်းစို၊ပန်းမှာလည်းတွဲ
နှင်းစက်ခဲတွေ၊အထွေထွေမှာ။
ငါကပျံသန်း၊အလှပန်းကြား
မောလားမသိ၊ရနံ့ရှိရာ
လိုက်လို့ရှာတယ်၊ခရီးသွယ်မှာ
နေခြည်းကနွေး၊လေနုအေးပေါင်း
ဒီဆောင်းမနက်၊လွမ်းသက်သက်နဲ့
နေ့သစ်ရဲ့မာန်၊လွင့်ပျံရင်းငါ
ပန်းကမ္ဘာထဲ၊ရစ်ဝဲလျှက်သာ
ကြည်နူးသလို၊ပြုံးချိုမိသေး
ငါလိပ်ပြာလေး၊မနက်လေးကို
မဆုံးလိုပါ။
အလင်းရောင်လွှမ်း၊နေပူကြမ်းမှာ
မပျော်ရှာချင်၊စိတ်ဘဝင်မှာ
ဆင်ကာတောင်းဆု၊ဆန္ဒပြုလို့
ဝတ်မှုံတို့နား၊ခစားရင်းသာ
နေချင်ပါလည်း၊ဖောက်လွှဲမရ
သဘာဝမို့၊ဝေးရပ်သို့သာ
ငါပြန်ရဦးမည်။
လေးစားလျှက်
ရင်ခုန်ရသူ
ပုံဆောင်မဲ့ဓါးရဲ့ထိုးနှက်ချက်
မင်းရဲ့လက်ထဲ၊မြဲမြဲကိုင်ထား
ဓါးတစ်လက်က၊ထက်လှအသွား
မာယာများနဲ့၊ပုံဆောင်မဲ့လည်း
ရင်ထဲဆူးနစ်၊ထိုးပစ်ခဲ့တော့
ဖျော့တော့တဲ့သွေး၊ကာလာလေးက
မြေခကာမှ၊ယုယမှုတွေ
ပိုနေရပြန်၊။
အချစ်ရဲ့ဒဏ်၊မခံချင်လည်း
တသဲသဲဝင်၊စွဲဘဝင်မှာ
အကြင်နာရိပ်၊တိတ်ဆိတ်ဆဲမို့
ချွေးသိပ်ဖို့လည်း၊ဝေးကွာဆဲပါ
သေရာပါမယ့်၊ဒဏ်ရာသခင်
လေးညှို့ရှင်ရေ၊ဖြေစရာလေး
ဆေးတစ်ခွက်လောက်၊ဒို့သောက်ချင်လည်း
သွေးရဲရဲပင်၊မင်းကမြင်ချင်
မင်းလိုအင်သာ၊ပြည့်ပါလျှင်လေ
ငါသေဆိုလည်း၊သေရဲပါတယ်
ဒီလိုဓါးမျိုး၊ထပ်မထိုးဖို့
တိုးလို့တောင်းပန်၊သခင်ထံဝယ်
အမျက်ကယ်ပြေပါစေတော့ကွယ်။
လေးစားလျှက်
ရင်ခုန်ရသ
အတူလွမ်းမယ်ဆည်းဆာ
အာကာယံမှာ၊ခင်းကာဖြန့်ဖြူး
ဝတ်လွှာဖူးငယ်၊ဆေးမင်ခြယ်ပုံ
ရောင်သွေးစုံတယ်၊ပန်းလယ်ကွန့်မြူး
ရနံ့ဦးရယ်၊သင်းပျံ့တွယ်ငြိ
ပေါင်းဆုံမိရာ၊ဆည်းဆာလှမှာ။
နေဝန်းနီနီ၊ကမ်းရပ်ဆီမှာ
လွမ်းကာနှုတ်ဆက်၊စည်းချက်ဖောက်လွှဲ
မစဲငိုသံ၊လှိုင်းလုံးထန်ကြား
ရောယှက်သွားပြန်၊အရံလေညှင်း
သူဆောင်ကျဉ်းတယ်၊ပန်းနံ့ရယ်လည်း
ဝမ်းနည်းသလို၊ရှိုက်ငိုငိုနဲ့
ဝတ်လွှာရဲ့လယ်၊မျက်ရည်ငယ်တို့
တွဲလို့နေပြန်၊ဆည်းဆာယံရယ်
အလွမ်းနယ်ကြူး။
အချစ်ဦးမို့၊ရူးတယ်လို့ထင်
ဆင်ခြင်ကြည့်သေး၊အတွေးလေးက
ရူးချင်ကရူး၊အသဲဆူးလည်း
လွမ်းမြဲလွမ်းလျှက်၊ပေါင်းဖော်ဖက်ငယ်
ဆည်းဆာလယ်မှာ။
လေးစားလျှက်
ရင်ခုန်ရသူ
Followers