အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Showing posts with label မထေရ်မြတ်တို့ ၏ စကားဝိုင်း. Show all posts
Showing posts with label မထေရ်မြတ်တို့ ၏ စကားဝိုင်း. Show all posts

Thursday, 26 June 2014

ဘာကို တန်ဖိုးထားရမလဲ


ကိုယ့်ရဲ့နေ့စဉ်ဆုံးဖြတ်ချက်တွေဟာ ကိုယ့်ကို ဘယ်လိုလူဖြစ်လာမလဲဆိုတာကို ပုံဖော်နေတာပဲ။ ဖန်တီးနေတာပဲ။ ဆုံးဖြတ်ချက်တွေဟာ အုတ်ချပ်နဲ့တူတယ်။ အဲဒီ အုတ်ချပ်ကလေးတွေကို တစ်ချပ်ချင်းစီပြီး ဆောက်သွားတဲ့ အခါမှာ အိမ်တစ်အိမ်ဖြစ်လာသလိုပဲ အဲဒီ ဆုံးဖြတ်ချက်တွေ စုပေါင်းလိုက်တဲ့အခါမှာ လူတစ်ယောက်ဖြစ်လာတယ်။

မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကိုချတဲ့အခါမှာ လွတ်လပ်တဲ့သူ၊ တာဝန်သိတဲ့သူ ဖြစ်လာတယ်။
တကယ် လွတ်လပ်တဲ့ လူသားတစ်ယောက်၊ တကယ်လူပီသတဲ့ လူသားတစ်ယောက်၊ တကယ်လူဖြစ်ရကျိုးနပ်တဲ့ လူသားတစ် ယောက်၊ ကိုယ့်ဘ၀ကို ကိုယ် တကယ်ကျေကျေနပ်နပ်နေတဲ့ လူသားတစ်ယောက် ဖြစ်လာဖို့၊ တကယ်မြင့်မြတ်တဲ့ လူသားတစ်ယောက်ဖြစ်လာဖို့ဆိုရင် အချိန်တိုင်း၊ အချိန်တိုင်းမှာ ချနေတဲ့ ဆုံးဖြတ်ချက်တွေကို ကြည့်ပြီးတော့ ကိုယ်ဦးတည်ထားတဲ့ ဦးတည်ချက် ကို အထောက်အကူပေးမယ့် ဆုံး ဖြတ်ချက်မျိုးကိုချရမယ်။ ကိုယ် ဖြစ်လာရမယ်လို့ မှန်းထားတဲ့ လူသားတစ်ယောက် ဖြစ်လာဖို့အရေးကို ထိခိုက်သွားစေမယ့် ဆုံးဖြတ်ချက်မျိုးကို ချမယ်ဆိုရင် သတ္တိမရှိရာ ကျမယ်။ သစ္စာမရှိရာကျမယ်။

ပစ္စည်းဥစ္စာရဖို့ မသင့်တော်တဲ့ ဆုံးဖြတ်ချက်တွေကို ချနေမယ်ဆိုရင် သတ္တိမရှိတဲ့လူလို့ ဆိုရမယ်။ နောက် တစ်နည်းအားဖြင့်ဆိုရင်လည်း ကိုယ့်ဘ၀ကို အမြစ်ကနေ တူးဖြိုနေတဲ့သူလို့ ဆိုရမယ်။
တချို့က တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ရဲတာ၊ ထိုးရဲတာ၊ ကျိတ်ရဲတာ၊ ပစ်ရဲတာ၊ ခတ်ရဲတာ၊ ခန္ဓာကိုယ်
မှာ နာသွားမှ သွေးထွက်သံယိုဖြစ်သွားမှာကို မကြောက်တာ၊ အဲဒီလို မိုက်မဲတာကိုပဲ သတ္တိရှိတာလို့ အဓိပ္ပာယ်
ကောက်မှားတတ်တယ်။ အမှန်တော့ သတ္တိဆိုတာ အတွင်းစိတ်ဓာတ်ရဲ့ အရည်အသွေးတစ်မျိုးဖြစ်တယ်။

ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)

လွတ်လပ်သူတို့ ၏ အတွေးအခေါ်အယူအဆ

ကိုယ်ပိုင်ဉာဏ်နဲ့ မစဉ်းစားနိုင်တဲ့ သူဟာ တောင်ပံကျိုးနေတဲ့ ငှက်နဲ့ တူတယ်။ အတောင်ရှိပေမယ့် မပျံနိုင်ဘူး။
တောင်ပံချိုးထားတာကို ခံရတဲ့သူတွေ များတယ်။ တချို့ ငယ်ငယ်ကတည်းက ကိုယ့်ဉာဏ်နဲ့ကိုယ် စဉ်းစားခွင့် ကိုယ့်စိတ်ကူးနဲ့ကိုယ် လုပ်ခွင့်မရခဲ့လို့ တောင်ပံကျိုးသလို ဖြစ်သွားတယ်။ ကြီးတဲ့အထိ အဲဒီတောင်ပံက ပြန်ကောင်း မလာတော့ဘူး။ ဒါကြောင့် တစ်သက်လုံး တောင်ပံကျိုးနေတဲ့ ငှက်လို ဘ၀မှာပဲ နေရတော့တယ်။ ပြောသမျှကို ယုံ၊ ခိုင်းသမျှကိုလုပ်၊ ပေးသမျှကို ယူတဲ့သူဖြစ်မယ်။

ပြောသမျှကို ယုံ၊ ခိုင်းသမျှ ကိုလုပ်၊ ပေးသမျှကို ယူတဲ့သူကို တပည့်မွေးချင်တဲ့သူတွေ များတယ်။ “ဟုတ်ရဲ့လား၊ ဘာဖြစ်လို့လုပ်ရမှာလဲ။ လုပ်သင့်ရဲ့လား။ ဒီလိုလုပ်တာ တရားရဲ့လား။ မျှတမှုရှိရဲ့လား။ ဒါလောက်နဲ့တော့ မလုပ်နိုင်ဘူး” လို့ ဆိုတဲ့သူကို တပည့်ကောင်းလို့ မယူဆဘူး။ အဲဒီလိုလူဟာ တပည့်မဖြစ်ဘူး။ တပည့်မဖြစ်ရင် ဘာဖြစ်မလဲ။ အဲဒါကို ဆက်ပြီးစဉ်းစားပါ။

အခြေအနေ တင်းမာမှု မရှိခြင်းဆိုတာ အနုတ်လက္ခဏာ ငြိမ်းချမ်းမှုလို့ ခေါ်ပါတယ်။
တရားမျှတမှုရှိတာကို အပေါင်းလက္ခဏာ ငြိမ်းချမ်းမှုလို့ ခေါ်ပါတယ်။
တရားမျှတမှု မရှိရင် လွတ်လပ်မှု မရှိဘူး။

ဒါကြောင့် တရားမျှတမှုရှိရင် ငြိမ်းချမ်းမှုလည်းရှိတယ်။ လွတ်လပ်မှုလည်း ရှိပါတယ်။ လူတိုင်း တကယ်လိုချင်တာ တရားမျှတမှုပဲ ဖြစ်ပါတယ်။
  
ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ) ၏ လွတ်လပ်သော စိတ်စာအုပ်မှ

Saturday, 10 May 2014

မထေရ်မြတ်တို့ ၏ စကားဝိုင်း(၁)

“ဆရာတော် နာရီကြီး ဘယ်ရောက်သွားသလဲ ဘုရား ..”
“ညက ဒကာ (၂ ) ယောက် လာယူသွားကြတယ်ကွ”
“ဆရာတော် သူခိုးလာခိုးသွားတာဖြစ်မှာပါ။ ဆရာတော် မသိလိုက်ဘူးလားဘုရား ..”
“သိပါတယ်ကွ၊ သူတို့က မမှီမကမ်းနဲ့ ဖြုတ်နေသံကြားလို့
မတော်လွတ်ကျလို့ မင်းတို့ နိုးကုန်ရင် နာရီလဲအကောင်းမရ၊
ဒုက္ခလည်းရောက်ကြမှာစိုးလို့
ပလ္လင်နောက်မှာ ခွေးခြေရှိတယ်လို့ တောင် ပြောလိုက်သေးတယ် ..”
“ဆရာတော့်နှယ် .. သူခိုးပဲ ဘာလို့ ပြောလိုက်ရတာလဲ။
လှူပစ်လိုက်တယ်ဆိုတာကမှ ဟုတ်သေးတယ် ..”
“ထူးပါဘူးကွ .. သူတို့ လာယူတော့လဲ ကိုယ်ကသွားလှူရ သက်သာသွားတာပေါ့။
ညကြီးမင်းကြီး သူများမသိအောင် လာယူတော့
ပုဂ္ဂိုလ် အယုတ်၊ အမြတ်ကလဲ မရွေးရတော့ဘူးပေါ့ ..”

( အောင်ခြင်း ရှစ်ပါး ဆရာတော် ) အမရပူရမြို့  .. ။
“ဆရာတော် .. တပည့်တော်တို့ လှူထားတဲ့ ရေဒီယိုကြီးလဲ မမြင်ပါလား။
ဘယ်နေရာ သွားထားပါသလဲ ဘုရား ..”
“ဘယ်မှ သွားမထားပါဘူး .. သူ့ပိုင်ရှင်က ယူသွားတယ် ..”
“အို .. ဆရာတော်ကလည်း .. ဘယ်ကလာ ပိုင်ရှင်ရှိအုံးမှာလဲ။
တပည့်တော်တို့က ဆရာတော်ကို လှူထားတာပဲ၊ ဆရာတော် ပိုင်တဲ့ပစ္စည်းပေါ့ ..”
“ငါမပိုင်လို့ပေါ့ကွာ၊ ငါပိုင်ရင် ပစ္စည်းက ငါ့အနားမှာရှိနေမှာပေါ။ ခုတော့ သူ့ပိုင်ရှင် အနားရောက်သွားပြီ ..”
“ဆရာတော်ကလည်း ဝေ့လည်လည်ပြောနေပြန်ပါပြီ၊
သူခိုးခိုးသွားတာမဟုတ်လားဘုရား၊ ဒါဆို ဆရာတော် ရေဒီယို ဆုံးပြီပေါ့ ..”
“မဆုံးပါဘူးကွာ၊ ဆုံးတယ်ဆိုတာ မီးလောင်သွားတာတို့၊
မြစ်ထဲပင်လယ်ထဲ ကျသွားတာတို့လို ဘယ်သူမှ သုံးခွင့်မရတာမှ ဆုံးတာ။
ခုဟာက တစ်နေရာမှာ သုံးလို့ရနေအုံးမှာပါ”
( တောင်တွင်းကြီးမြို့  နတ်မှီတောရ ဆရာတော်ဘုရားကြီး )
“ဆရာတော် လုပ်ပါအုံးဘုရား ။ ဒုက္ခတော့ရောက်ကုန်ပြီ၊ ရဲတိုင်မှ ဖြစ်တော့မယ်”
“ဘာတုန်းဟ ကပ္ပိယရဲ့၊ မင်းဟာ အရင်းမပါ၊ အဖျားမပါ ပြူးတူးပြဲတဲနဲ့၊
တိုးတိုးသက်သာ ပြောစမ်းပါ ...”
“ဆရာတော့် ပစ္စည်းတွေ ညက သူခိုး ခိုးသွားပြီဘုရား ။
ဒါကြောင့် ပုလိပ်( ရဲ ) ကို တိုင်မှ ဖြစ်မယ်လို့ ပြောတာပါဘုရား ...”
“ကပ္ပိယ ကိုယ့်ပစ္စည်း သူများအခိုးခံရတယ်ဆိုတာ
ကိုယ်ကလည်း သူများပစ္စည်း ခိုးခဲ့ဖူးလို့ ဖြစ်မှာပေါ့ဟဲ့။
သံသရာမှာ ကိုယ်ပြုခဲ့တဲ့ မကောင်းမှုဟာ
တစ်ချိန်ချိန်မှာ တူသော အကျိုး ပြန်ပေးတတ်တာ ဓမ္မတာပဲ၊
အသာနေပါ ကပ္ပိယရယ် မင်းလုပ်လိုက်မှ ငါ သံသရာမှာ
သူခိုးဖြစ်ခဲ့ဖူးတာ လူသိကုန်ပါ့မယ် ..”
( ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရား )
တရားမသိသူများအတွက် ဥစ္စာပျောက်လျှင် ငရဲရောက်ရ၏။
တရားသိသူများအတွက်ကား ဥစ္စာပျောက်တိုင်း ကုသိုလ်ရ၏
ဟူသော အတွေးတစ်ချက်လေး ရနိုင်ကြပါစေ။
( မထေရ်မြတ်တို့၏ စကားဝိုင်းမှ )
Ref: mmcybermedia
Dhamma Garden Sayadaw

Followers