အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Showing posts with label ရှေးကဗျာများ. Show all posts
Showing posts with label ရှေးကဗျာများ. Show all posts

Sunday, 1 June 2014

ကျားရဲငါ

နေပြင်းရင် နှင်းမှုန်ရင်
ဆွေ့ဆွေ့ခုန် အိုက်လိုအိုက်
ခိုက်ခိုက်တုန် ချမ်းလိုချမ်း။

အခန်းကျဉ်းကျဉ်း
အလင်းမဝင် လေမဝင်
နေမမြင် လမမြင်
လူမမြင် သူမမြင်
ထိုင်ရင်ထိုင် မထိုင်ရင်ငေး
အိမ်ရင်အိပ် မအိပ်ရင်တွေး။

သတင်းမေးဖို့ ဝေးရော
သီးချင်းလေးမှ မဆိုရ
စာဖတ်ဖို့ ဝေးရော
ကဗျာလေးမှ မစပ်ရ
တရားဟောဖို့ ဝေးရော
စကားလေးမှ မပြောရ။

အဟောသိက သံသရာ
ငါ့ကမ္ဘာ ပိစိကွေး
အခန်းကျဉ်းလေး ပတ်လျှောက်လိုက်
သံတံခါးဝ ရပ်လိုက်
တမတ်တတ်တတ် တစ်နေကုန်။

မနေ့ကလဲ တစ်နေကုန်
ဒီနေ့လဲ တစ်နေကုန်
နက်ဖြန်လဲ ကုန်ဦးမယ်။

ကုန်ကုန်ကုန်
ကုန်ချင်သလောက်ကုန်စမ်း
တစ်ရက်ကုန်မလား တစ်သက်ကုန်မလား
တစ်လကုန်မလား တစ်ဘဝကုန်မလား
တစ်နှစ်ကုန်မလား တစ်ခေတ်ကုန်မလား။

အားမလျှော့ဘူး မပျော့ဘူး
ပေဖြစ်တော့ခံမယ် တူဖြစ်တော့နှံမယ်။

အမှန်တရား ဒို့ဘက်မှာရှိတယ်
ပြည်သူအများ ဒို့ဘက်မှာရှိတယ်
ကာလယန္တရား ဒို့ဘက်မှာရှိတယ်
ရှင်တော်ဘုရား ဒို့ဘက်မှာရှိတယ်
သိကြရဲ့လား ဟား ဟား ဟား ဟား။

တိရစ္ဆာန်ရုံက ကျားလို
လှောင်အိမ်ထဲမှာ တလွန့်လွန့်နဲ့
ကျားညွန့်တုံးတွေ ထင်သလား။

မှားလိုက်တဲ့အမြင်
ဟားတိုက်လို့ရယ်ချင်စရာ။

မှတ်ထားဟေ့..
အဝါပေါ်မှာ အနက်စင်း
မပျက်မယွင်း ကွက်ကွက်ကွင်း
အရှင်းသား မလွဲမရွေ့
အထင်းသား စွဲသရွေ့
ကျားရဲဟာ ကျားရဲ
ငါးလည်း အဲဒီလိုပဲကွဟေ့။

ဦးဝင်းတင်(ဟံသာဝတီ)
(ဘာလဲဟဲ့ လူ့ငရဲစာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်)

Friday, 14 March 2014

ခွင့်သာခိုက်မှ မလိုက်ချင်လျှင် ( လယ်တီဆရာတော် )



-

ငါးအာရုံအင်အစု ခင်မှုနှင့်နေ့ကုန်၊

နင်ယခုမေ့ပုံလို တွေ့မကြုံစခန်း၊

ပယ်လေးဝသောကဘုံမှာ မျောရရုံရှိတော့ကမန်း၊

အောက်အဝီစိသောင်းအငူမှာ ခေါင်းမပြူစတမ်း။

-

နှစ်အရှည်နစ်မည့်လမ်းကိုလ နင်မျှော်စမ်းနင့်ကို၊

ဒေသနာထင်အလင်းရယ်နှင့် နင်အဖျင်းပိုထက်သာပို၊

ဒီလောဘစရိုက်အိုကို မလိုက်လိုရှောင်ပစ်လို့၊

နောင်အသစ်တကယ်ပြင်လျှင် ကောင်းဖို့အစဉ်။

-

ခွင့်သာခိုက်မှ မလိုက်ချင်လျှင်

အမိုက်နင့်ပြင် ရှိသေးလေလိမ့်မလား၊

ခွင့်သာဆဲမှ မခဲချင်လျှင်

အလွဲနင့်ပြင် ရှိသေးလေလိမ့်မလား၊

ခွင့်သာတုန်းမှ မရုန်းချင်လျှင်

အရှုံးနင့်ပြင် ရှိသေးလေလိမ့်မလား။ ။

-
(လယ်တီဆရာတော်ဘုရားကြီး)
တေးထပ် ကဗျာ။

Thursday, 30 January 2014

မဲဇာတောင်ခြေ

မဲဇာတောင်ခြေကိုရေးစပ်သီကုံးခဲ့သော လက်ဝဲသုန္ဒရအမတ်ကြီးရဲ့ အတ္ထုပ္ပတ္တိကို ဦးစွာဖော်ပြလိုက်ပါတယ်။
***
လက်ဝဲသုန္ဒရ အတ္ထုပ္ပတ္တိမဲဇာတောင်ခြေ-ချီ မဲဇာသစ်တောဖွဲ့ရတုရေးသူ လက်ဝဲသုန္ဒရအမတ်ကြီးမှာ ရွှေဘိုမြို့တောင်ဘက် ခရီးလေးတိုင်အကွာ မန်ကျည်းတုံရွာတွင် ၁၀၈၅-ခုနှစ်၌ မွေးဖွားသူ ဖြစ်၍ ငယ်မည်မှာ မောင်မြတ်စံဖြစ်သည်၊ မောင်မြတ်စံ ၇-နှစ်သား အရွယ်မှစ၍ ပညာသင်လျက် ၁၁-နှစ်သားအရွယ်တွင် ရှင်သာမဏေပြုပြီး ၁၄-နှစ်သား အရွယ်တွင် လူဝတ်လဲသည်၊ သာမဏေဘ၀ ဖြစ်စဉ်ကပင် မဟော်ပျို့ကို စပ်ဆိုနိုင်သည်။

ဟံသာဝတီရောက်မင်းတရားကြီးသည် စဥ့်ကိုင်ကို ကေတုမတီဟု သမုတ်၍ သတိုးမင်းခေါင်အား ကိုးသိန်းသခင်ဘွဲ့ နှင်းအပ်ပြီး ကေတုမတီတွင် ထီးပြိုင် နန်းပြိုင် အုပ်ချုပ်စေသောအခါ ဦးမြတ်စံသည် ကိုးသိန်းသခင်ထံတွင် စတင်ခစား အမှုထမ်းခွင့်ရလေသည်၊ သက္ကရာဇ် ၁၁၁၉-ခုနှစ်သို့ ရောက်သော အခါ အလောင်းမင်းတရားကြီးထံတွင် ခိုလှုံပြန်သည်၊ ထိုအခါ သားတော်ကြီး ဥပရာဇာထံတွင် ဦးစွာထမ်းရွက်ခွင့်ရသည်၊ နောက်ညီတော်အမြင့်မြို့စား အိမ်တော်တွင် အကြီးတော်အရာ ထမ်းရွက်နေထိုင်ခွင့် ရပြန်သည်။

ထိုအခိုက် ‘လက်ဝဲသုန္ဒရ’ ဘွဲ့ဖြင့် ချီးမြှင့်ခြင်း ခံရ၏။ ဒုတိယသားတော် ဆင်ဖြူရှင်မင်းတရားကြီး လက်ထက်တော်မှာလည်း အမြင့်မင်းအကြီးတော် အဖြစ်ဖြင့်ပင် ထမ်းရွက်ရလေသည်၊ အမြင့်မင်း၏ လူပျိုတော် မောင်အောင်တင် နှင့် အပျိုတော် မမိတ်တို့ အရေးအခင်းတွင် ငအောင်တင်ကို အကြီးတော် လက်ဝဲသုန္ဒရအား ဘုရင်ကတောင်းခံရာ မရ၍ မဲဇာသို့ အပို့ခံရလေသည်။

မဲဇာတောင်ခြေ-ချီ ရတု ဆက်သွင်းသောအခါ မဲဇာမှ ပြန်လည်ခေါ်ယူ၍ အကြီးတော်အရာကို ပြန်လည်ပေးအပ်ခြင်းမပြုတော့ဘဲ အမြင့်မင်းအိမ်မှာပင် ဘယရ န္တမိတ်ဘွဲ့ဖြင့် အမှုတော်ကို ဆက်လက်ထမ်းရွက်စေသည်၊ သားတော် စဥ့်ကူးမင်းလက်ထက်တွင်မူ အထူးအထွေ ချီးမြှင့်ခြင်း မခံရသည့်ပြင် မိမိသခင် အမြင့်မြို့စားကိုပင် မသင့်သောအမှု ကြံစည်ရမည်လားဟု ဆို၍ ကွပ်မျက်ခြင်း ပြုလေသည်။

သက္ကရာဇ် ၁၁၄၃-ခုနှစ် တပို့တွဲလအတွင်း ဘိုးတော်ပဒုံမင်းတရားကြီး မင်းအဖြစ် သို့ ရောက်တော်မူသောအခါတွင်မူ မြို့ဝန်ရာထူးဖြင့် ခန့်ထား၍ မဟာသီဟသူရ ဘွဲ့ဖြင့် ချီးမြှင့်ခြင်းကို ခံရသည့်ပြင် တရားသူကြီးအဖြစ်လည်း ထပ်လောင်း သူကောင်းပြုခြင်းကို ခံရလေသည်။ အမတ်ကြီးသည် ၁၁၆၁-ခုနှစ်လောက်တွင် ကွယ်လွန်အနိစ္စ ရောက်လေသတည်း။
***
မဲဇာသစ်တောဖွဲ့ (ရေးသူ - လက်ဝဲသုန္ဒရအမတ်)
၁။ မဲဇာတောင်ခြေ၊ စီးတွေတွေတည်း၊ မြစ်ရေ၀န်းလည်၊ မြိုင်တောဆီက၊ ရွှေပြည်ကိုသာ၊ တ-ရှာတော့မိ၊ မိုးရှိရှိလျှင်၊ သီရိကြက်သရေ၊ တက်ဖြိုးဝေသား၊ အောင်မြေကြော့ကြော့၊ ကုန်းမော့မော့နှင့်၊ ဘိုးတော့်ကောင်းမှု၊ တည်ထားပြုသည်၊ ဇမ္ဗူ့ဆီမီး၊ ခြောက်ရောင်ညီးမျှ၊ ဂူကြီးသခင်၊ ရွှေလင်းပင်နှင့်၊ ရွှေခြင်္သေ့မွေ၊ စ၍ရေသော်၊ ရွှေစေတီကြီး၊ အသီးသီးတည့်၊ ပိတ်ဆီးခြယ်သန်း၊ လျှပ်ရောင်တန်းမျှ၊ ရွှေနန်းရွှေဘုံ၊ အလုံးစုံကို၊ အာရုံမျက်မြင်၊ ဖူးမျှော်ချင်၍၊ သည်တွင်ရွှေမြို့၊ သည်သို့စေတီ၊ သည်ဆီရွှေနန်း၊ ဖြောင့်တန်းတော့မည်၊ စိတ်က ရည်သည် …. ရွှေပြည်ဌာန ဝေးသောကြောင့်။ …. ။

၂။ သဲသာသောင်မြေ၊ မြစ်ကမ်းခြေလည်း၊ အကြေတပြင်၊ တို့အောက်ခွင်ဝယ်၊ ရေယဉ်ပတ်ဝန်း၊ ပျော်ဘွယ်ထွန်းလိမ့်၊ တကျွန်းလောက်ပင်၊ ဝေးမည်ထင်ခဲ့၊ စီးသွင်ညိုရစ်၊ မဲဇာမြစ်လည်း၊ ထစ်ထစ်ထွန်းဘိ၊ ချုံအတိနှင့်၊ တောကြီ့းဆိတ်ညံ၊ ဆည်းကျံကျံဝယ်။ ဓူဝံ မပေါ်၊ မမျှော်ပါရ၊ နေကိုတ-လည်း၊ ဘယ်ကရှေ့နောက်၊ ဘယ်တောင်မြောက်ဟု၊ တွေးထောက်မမှန်၊ ဖန်ဖန်အံ့သြ၊ ကြံတိုင်းမောစွ၊ ဘယ်တောဘယ်မြိုင်၊ မသိနိုင်ခဲ့၊ မခိုင်စိတ်ဝမ်း၊ နေ့တိုင်းလွမ်းရှင့်၊ ကင်းစမ်းတောင်က၊ လေဦးစ၍၊ နောက်မှလေရှည်၊ အတည်တည်သည် … ၊ လေပြည်လာက အေးသောကြောင့်။ …. ။

၃။ ပွဲခါညောင်ရေ၊ သွန်းမြဲပေတည်း၊ ရိုသေသဒ္ဓါ၊ ထုံးစဉ်လာဖြင့်၊ မဲဇာရပ်သူ၊ တောင်းဆုယူသည်၊ ရွှေဂူတော်နှင့်၊ ရှုတိုင်းတင့်သား၊ မိုးမြင့်သီခေါင်၊ မဲဇာချောင်က၊ တတောင်လုံးမှိုင်း၊ စ၍ဆိုင်းသော်၊ တောင်တိုင်းရှက်၍၊ ၀န်းကာ ဝှေ့လည်း၊ တောင်ငွေ့ဝေေ၀၊ အထွေထွေနှင့်၊ လေလည်းရောရာ၊ မိုဃ်းမပါဘဲ၊ သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်လည်း၊ မိုးဃ်းလောက်ပြင်းထန်၊ သွန်းချ ပြန်သော်၊ ယုဂန်ထင်ရှား၊ တောင်တော်ဖျားက၊ ရထားယာဉ်သာ၊ နေစကြာလည်း၊ ရောင်ဝါမထွန်း၊ ချမ်းရှာလွန်း၍၊ တည့်မွန်းချိန်နေ၊ ရောက်လွယ် စေဟု၊ စေ့ရေလှည့်လည်၊ တ, လျက်မြည်သည် … နေခြည်ဖြာမှ နွေးသောကြောင့်။ …. ။
***


ကိုးကား။ … ။
မြန်မာကဗျာရွေးချယ်နှင့် ရတုရွေးချယ်ချက် … (ဟံသာဝတီ)
(ဒုတိယအကြိမ်ပုံနှိပ်ခြင်း … ၁၉၇၂၊ ဒီဇင်ဘာလ)

ဖိုးသူတော်ဦးနု စကားပုံ



မြန်ဇမ္ဗူပေါ်၊ ဉာဏ်ယူမျှော်သည်၊ သူတော်ကျွန်ုပ်၊ နား၏တန်ဆာ၊ နားဝင်သာအောင်၊ လင်္ကာပုဒ်ဖြင့်၊ အာလုပ်ချိုမြ၊ စကားပုံသရုပ်၊ တမျိုးထုတ်ပြီးလျှင်၊ အချုပ်ကို ပြခဲ့မည်။

၁။ ဗုဒ္ဓဆာယာကို တွယ်ရမည်။ ရုပ်လှတာကို ပယ်ရမည်။
ဗုဒ္ဓဆာယာကို တွယ်မှ အေးမြရာသည်။ ရုပ်လှတာကို ပယ်မှ ဘေးပကွာမည်။

၂။ သေရည်ကို မသောက်နှင့်။ ရေကြည်ကို မနှောက်နှင့်။
သေရည်ကိုသောက်က အပါယ်ဘုံ ကျတတ်သည်။ ရေကြည်ကိုနှောက်က အနယ်အမှုန် ထတတ်သည်။

၃။ ထင်တိုင်းလည်း နှိပ်၍ မဆိုနှင့်။ ၀င်တိုင်းလည်း သိပ်၍ မမျိုနှင့်။
ထင်တိုင်းနှိပ်၍ဆိုက ရန်အသွယ်သွယ် ပွါးတတ်သည်။ ၀င်တိုင်းသိပ်၍ မျိုက အန္တရာယ်များတတ်သည်။

၎။ ဂေါဏမံသံကိုလည်း မစားနှင့်။ ကောဓခြံရံကိုလည်း မပွါးနှင့်။ *
ဂေါဏမံသံကိုစားက မိဘသဖွယ် ဖြစ်ပေသည်။ ကောဓခြံရံကိုပွါးက အထိကရ အပါယ်နစ်ချေသည်။

၅။ အယုတ်တရားကို အလိုမရှိနှင့်။ မဟုတ်စကားကို မဆိုဘိနှင့်။
အယုတ်ရားကို အလိုရှိက ဘဂ၀ါ၏ စကားကို ပယ်ရာကျချေသည်။ မဟုတ်စကားကို ဆိုမိက သမာဓိတရားကို ကွယ်ပရလေသည်။

၆။ မြှူသလိုပုံနှင့် ကလေးကို မစနှင့်။ လူကို ယုံသဖြင့် အကြွေးကို မချနှင့်။
မြှူသလိုပုံနှင့် ကလေးကို စက ကလေးအမိုက်မို့ ဆဲတတ်သည်။ လူကို ယုံသဖြင့် အကြွေးကိုချက အရေးမစိုက်သဖြင့် မွဲတတ်သည်။

၇။ အမျိုးယုတ်သူ အဆင်းလှလျှင် သတိထား။ တန်ခိုးနုပ်သူ ထမင်းဝလျှင် မကျီစားနှင့်။
အမျိုးယုတ်သူ အဆင်းလှက စာဂတန်တတ်သည်။ တန်ခိုးနုပ်သူ ထမင်းဝက မာနထန်တတ်သည်။

၈။ အဟုတ်အမှန်ကိုလည်း သိမှ။ အလုပ်အကြံလည်း ရှိမှ။
အဟုတ်အမှန်ကို သိမှ သံသရာ ဘေးပ၍ အနေကျယ်ကြမည်။ အလုပ်အကြံရှိမှ ဆန်ရှာရေးလှ၍ အခြေတယ်ကြမည်။

၉။ သူဌေးလို ကြွယ်သော်လည်း မာန်စွယ်မထနှင့်။ မြွေပွေးကို ငယ်သော်လည်း အလမ္ပာယ် မပြနှင့်။
သူဌေးလို ကြွယ်သည်ဟု မာန်စွယ်ထက အရိုအသေနည်းလို့ ပြေ(ပြည်) မုန်းတတ်သည်။ မြွေပွေးကို ငယ်သည်ဟု အလမ္ပာယ်ပြက ထိုမြွေခဲလို့ သေဆုံးတတ်သည်။

၁၀။ မတော်ဘဲ မ၀ယ်နှင့်။ မခေါ်ဘဲ မလည်နှင့်။
မတော်ဘဲ ၀ယ်လေက အသပြာဓန ရှုံးတတ်သည်။ မခေါ်ဘဲ လည်ချေက မကြာခဏ မုန်းတတ်သည်။

၁၁။ မတော်တာကို မမြည်းစားနှင့်။ အဖော်မပါလျှင် ခရီးမသွားနှင့်။
မတော်တာကို မြည်းစားက ဘေးရလို့ ရောဂါပွါးတတ်သည်။ အဖော်မပါဘဲ ခရီးသွားက အရေးမလှသမို့ သောကများတတ်သည်။

၁၂။ ခရီးကိုလည်း အပြင်းမသွားနှင့်။ မီးကိုလည်း အကြွင်းမထားနှင့်။
ခရီးကို အပြင်းသွားက မှားတတ်သည်။ မိးကို အကြွင်းထားက ပွါးတတ်သည်။

၁၃။ ဆရာပြောသမျှကို အပြီးမမှားလေနှင့်။ အနာရောဂါကို မကြီးပွါးစေနှင့်။
ဆရာပြောသမျှကို အပြီးမှားက မုချမှောက်တတ်သည်။ အနာရောဂါကို ကြီးပွါးစေက ဒုက္ခရောက်တတ်သည်။

(က) စကားစကား ပြောဖန်များက စကားထဲက ဇာတိပြ၍ မာနတံခွန် ထူတတ်သည်။
(ခ) ဘုရား, တရား ဟောဖန်များက တရားထဲက ပါဠိရ၍ ဒါန အလွန် လှူတတ်သည်။
(ဂ) အမျိုးဖြတ်မှ အရိုးကြံရာသည်။ တန်ခိုးလျှပ်မှ အဖိုးတန်ပါသည်။

သံသရာလောက၊ နှစ်ဝအကျိုး၊ ပွါးတိုးစေမှု၊ အာရုံပြုလျက်၊ ဦးနုမည်ခေါ်၊ ငါသူတော်လျှင်၊ နာပျော်ဖွယ်ရာ၊ ဆုံးမစာကို၊ ဒါယိကာ ဒါယိကာမ၊ မှတ်သားကြ၍၊ နေ့ ည လေ့ကျက်ကုန်ကြလော့။
***
ဖိုးသူတော်ဦးနုစကားပုံ ပြီး၏။


* ဂေါဏမံသံ = အမဲသား ၊ ကောဓ = အမျက်ထွက်ခြင်း
ကိုးကား။ ။ ဗုဒ္ဓဘာသာ အခြေခံလက်စွဲ ဆယ်စောင်တွဲ (ဦးမောင်မောင် - ဟံသာဝတီ)

အချုပ်တန်းဆရာဖေဆို သံဝေဂတေးထပ်





(၁)
ထုံးရွှေရောင် နှောင်မကြော့ချင်ဘူ့း၊ တောင်တမော့ ဗွေစွန်။ မျှောင်ကတော့ ဟေ၀န်မှာ၊ မြေသလွန် စက်ကိန်း။ ကျင့်ခြိုးခြံ ဖြေဖျော်တယ်၊ နေရာတော် တောသစ်ရွက်စိမ်း။ ။ ပင်စကားဝါ့ ရိပ်သာမှာ၊ အ၀ိဇ္ဇာဖျောက်သိမ်း။ တသိက္ခာ စောင့်ထိန်းလို့၊ တယောက်ငြိမ်းကြံစည်။ ကမ္မ၀ါ ရွှေစာထမ်းပါလို့၊ ခေမာလမ်း ကူးလိုက်ပါတော့မည်။ ။ ဆွတ်လှမ်းလို့ ကျွတ်တမ်းကိုရည်တယ်။ ၀တ်ပန်းထည် ဆင်သစ်နှင့်။ ကြင်ချစ်သူ ဖော်မခေါ်၊ မြန်းချင်ပေါ့နော်။ မေတ္တာသွန်းတဲ့ ငယ်ကျွန်းဖော်ငယ်၊ အလွန်းတော် ပြေရစ်ရှာတော့လေး။

(၂)
လောကဓံ ပြည်ဓလေ့ကို၊ သည်ယနေ့သိမ်းမည်။ ကြည်မမွေ့ကိန်းနယ်ကို၊ ငြိမ်းလွယ်အောင် ကြံပေါ့။ သူတော်မြတ် ခန္တီဝါလို၊ စံမှီရာ ယွန်းစို့ အသော့။ ။ သင်္ခါရဖြစ်ပျက် မှောင်ကို၊ နှစ်သက်ပေါင် တန်တော့။ သစ်နက်ရောင် ဖန်ဝါပျော့နှင့်၊ ကန္တာကြော့ ရိပ်လယ်။ ခင်လေးမောင် စေနာထူးပါလို့၊ ခေမာကူး ကြည်လိုက်ပါတော့မယ်။ ။ သိုဝှက်လို့ ကိုယ်တွက်ရွယ်တယ်၊ ဖိုလ်မဂ်ကွယ် ရည်စူးလို့။ ကြည်နူးတဲ့ ဘာဝနာ၊ ပွါးချင်တော့သာ။ ၀ဋ်ကိန်းက လွတ်ငြိမ်းခွါတယ်၊ ဒွတ္တိံသာ မြဲချင်ပေါ့လေး။

(၃)
နန်းသပြေပင်ညွန့်နှင့်၊ စမ်းရေကွန့်ရိပ်ပြန်။ ပန်းဟေ၀န့် ဗိမာန်၊ အဓိဋ္ဌာန် တင်မြန်း။ ပင်လုံးကျွတ် ပွင့်ဝေဖြာတယ်၊ ဧကစာသုံးတဲ့ သင်္ခမ်း။ ။ မြတ်နွယ်ညွန့် တည်မရာမှာ၊ လှည့်လက်ျာ ခွေမြန်း။ စည့်မျက်နှာ မြေကြငှန်း ငယ်သို့၊ ချွေမြန်းလို့ စိတ်သာ။ တင်စလွယ် ဆင်ခြယ်သ၊ အဋ္ဌင်္ဂ သုံးဆောက်တည်ကာ။ ။ တကိုယ်မွေ့ ဆိတ်ငြိမ်ရာဝယ်၊ နိဗ္ဗိန္ဒာ ကြည်ဇောနှင့်။ သည်တောမြိုင်ဝေပူ၊ ပန်းစုံကကြူ။ ကမ္မဋ္ဌာန်းရ အုတ်ဂူမှာ၊ ရုက္ခမူ ပျော်ဆုံးပလေး။

(၄)
နှစ်ကိုယ်တူ ကြံရာကျအောင်၊ ကန္တာရ လှမ်းမယ်။ ဖလ်ကြာကြွ နန်းလယ်မှာ၊ စံမြန်းတယ် မမွေ့။ မူခြားလို့

ဆောင်းဘွဲ့ 


မပူပေါင် မြောက်ဆီက ချမ်းရော့ထင့်
အဖြူရောင် ခေါက်ထည်ကြမ်းကိုလ
လွှမ်းလို့ရယ်တဲ့ မ’ ကာခြုံ …
ဟ’ကာ ငုံပါတဲ့ နုရွှေကွမ်း … … …

ချမ်းလွန်းလို့ ဒီကဗျာအပိုင်းအစလေး စိတ်ထဲ ရောက်လာပြီး အထပ်ထပ် ရွတ်ဆိုနေမိတယ်။ အစအဆုံးလဲ မမှတ်မိ၊ ဘယ်သူရေးတယ် ဆိုတာလဲမမှတ်မိ … နှုတ်တွေ့လို့သာ ဆိုနေမိတာ။ (သိတဲ့သူများ ပြောပြကြပါ) တကယ်တမ်းတော့ ဘိလပ်ဆောင်းက အဖြူရောင် ခေါက်ထည်ကြမ်းလောက်နဲ့ မနွေးနိုင်ပါဘူး။ အပူပေးစက်တွေ, လျှပ်စစ်နဲ့ အနွေးဓာတ်ပေးတဲ့ စောင်တွေ ကူရသေးတာကလား။ ခုခေတ်မို့သာ ခံနိုင်တာထင်ပါ့၊ ရှေးခေတ်က ဘိလပ်သားတွေ ဒီလိုဆောင်းကြမ်းကြီးတွေမှာ သေကြတာ နည်းမှမနည်းဘဲ။

Sunday, 22 September 2013

ရွှေစက်တောသွားတောလား(ရှင်မဟာရဌသာရ)

 
 
 
 
 
(ပ) အောင်ဇေယျတု၊ ကျမ်းဂန်ရှု၍၊ ဂမုဓာတ်ရ၊ ဓာတွတ္ထဖြင့်၊ ဂမနသဒ္ဒါ၊ ကြောင်းချင်းရာကို၊ လင်္ကာကုံးသီ၊ လမ်းစဉ်စီအံ့၊ ရောင်ညီလေးဦး၊ ဖြစ်ခဲ့ထူးတွင်၊ တောင်ကျူးလက်ျာ၊ ဒက္ခိဏာဟု၊ ဒီပါကျွန်းမြတ်၊ မိုးနတ်ဣန္ဒာ၊ မြောက်မှာကျွန်းသူ၊ မတူကြငြား၊ ဘုရားမြတ်စွာ၊ စကြာစိုးရ၊ သည်ကဖြစ်ပေ၊ သန္ဓေတည်ကြည်၊ ကောင်းညွန့်စည်လျက်၊ နတ်ပြည်နိဗ္ဗာန်၊ ကူးဆိပ်မှန်ဟု၊ ဘုန်းသန်သကျ၊ မုနိန္ဒလျင်၊ ရွှင်ပျကြည်ဖြူ၊ ဟောတော်မူသည်၊ လေးဆူကျွန်းမြတ်၊ ဘုန်းထွတ်သီရိ၊ တမ္ပဒိထက်၊ ကျော်သိထင်ရှား၊ ကျေးဇူးများ၏၊ နဂါးမုဆိုး၊ ရိုကျိုးတောင်းပန်၊ ပူဇော်ရန်ဟု၊ နမ္မဒါနား၊ ရာ့တစ်ပါးနှင့်၊ တောင်ဖျားကျောက်ထိပ်၊ နင်းနှိပ်ရာတော်၊ နှစ်ဘော်ရွှေစက်၊ ရောက်ပြိုးပြက်သည်။ ။ဖိုလ်မဂ်နိဗ္ဗာန် စူးစူးတည်း



(ဒု) စူးစူးနိဗ္ဗာန်၊ ရောက်မည်မှန်၍၊ ဧကန်တဆော၊ ယာယီကြောကို၊ သဘောစိုက်စိုက်၊ လမ်းရိုးလိုက်သော်၊ တောရိုက်ကမ်းဆင်း၊ ကုန်းကျင်းချောင်းမြောင်၊ မြောက်တောင်မှိုင်းဝေ၊ သစ်ပင်တွေနှင့်၊ ပင်ခြေကျင်းကျင်း၊ ပန်းအင်ကြင်းလည်း၊ ခက်ချင်းခိုက်ထိ၊ စောင်းကြိုးညှိသို့၊ နှမိနှမြော၊ လွမ်းဘွယ်ပေါစွာ့၊ တောင်တောဝန်းကျင်၊ သို့ရာတွင်မူ၊ အကြင်တောင်သူ၊ လွမ်းစေဟူသို့၊ လျံဆူထွေပြား၊ ငှက်အများလည်း၊ ပျားသို့ချိုအေး၊ ရင်ရူကြွေးလျက်၊ မောင်ထွေးတို့လော၊ မယ်တို့လောဟု၊ သဘောနှုတ်ဆက်၊ မေးကြလျက်တည့်၊ လင်းဝက်တောလျှိုး၊ ဥချိုးငှက်ပျင်း၊ ပြေးဆင်းငှက်ခါး၊ သစ်ပင်ဖျားက၊ သိန်းကျားစွန်ရဲ၊ လင်းမြီးဆွဲလည်း၊ ကြဲကြဲစစ်စစ်၊ မြည်ကျစ်ထိုးဆွပ်၊ မြေ၀ပ်ဘီလုံး၊ ပြေးတုံးအနီး၊ တောသူဘီးလည်း၊ မြေကြီးနိမ့်မြင့်၊ ပျံအားတင့်ရှင့်၊ ဘော်နှင့်မကွာ၊ ချစ်လျှာမလျော့၊ သံသော့သော့နှင့်၊ ဆော့သည့်နှုတ်သီး၊ မြိုင်တောကျီးလည်း၊ သံကြီးအာအာ၊ ခါကတုတ်တုတ်၊ ရှဉ်စုတ်စုတ်နှင့်၊ ဘုတ်ကငြိမ့်ငြိမ့်၊ တအိမ့်အိမ့်လျှင်၊ သိမ့်သိမ့်တောလုံး၊ သံပေါင်းရုံး၍၊ ပတ်ကုံးမြိုင်နက်၊ အုတ်ကျက်ကျက်သည်။ တောကြက်တွန်သံ မြူးမြူးတည်း။


(တ) တောကြက်တွန်မြူး၊ ကျေးငှက်ကျူး၍၊ သံကြူးမြည်စည်၊ စက်ရိပ်လည်၍၊ နေခြည်ဝင်မြောက်၊ ဆည်းဆာရောက်သော်၊ မျောက်ကကြိုးခွေ၊ ဒေါင်းအိုးဝေနှင့်၊ သံခြေကြွေးကြော်၊ ဖို-မခေါ်လျက်၊ တောက်ကျော်တွန်သွား၊ ငှက်ငနွားလည်း၊ တောဖျားမြိုင်ချောက်၊ ပင်ရိပ်အောက်တွင်၊ သေသောက်ကြူးငှက်၊ သေသောလျက်တည့်၊ တောင်ထက်ကျူးမြည်၊ ၀န်တင်သည်လည်း၊ ထိုးမည်စောင်စောင်၊ တောကောင်ပျော်မွေ့၊ ဓလေ့ဖိုးခေါင်၊ ခေါ်ယောင်ဖန်များ၊ တောလုံးကြားအောင်၊ ကျားကရုတ်ရုတ်၊ သံကြုတ်ကြုတ်နှင့်၊ သစ်ကျူတ်ပြေးလွှား၊ ကြောင်ပါးပြေးခုန်၊ ဆွေ့ဟုန်ပြေးသန်း၊ နွယ်တန်းကိုင်လျှောက်၊ သစ်တောက်ငှက်တော်၊ သံကျော်ဆက်ရက်၊ မြီးဆက်ဖားဖား၊ ခွေးကျားခွေးရွှေ၊ ၀ံပုလွေနှင့်၊ ချေကလည်းဟောက်၊ တောက်သည့်သမင်၊ တောဝန်းကျင်၌၊ ဆင်ကကျိုးကျည်၊ ပျော်ဘွယ်စည်သည်။ လေပြည်ပျံ့ပျံ့ ပျူးပျူးတည်း



(စ) ပျံ့ပျူးလေပြည်၊ အလွမ်းစည်လျက်၊ လမ်းစည်ဆက်သော်၊ ချိုးငှက်လည်ပြောက်၊ ကျွမ်းဘော်ပျောက်သို့၊ နားထောက်ကွန့်မြူး၊ သံပြိုင်ကျူးလျက်၊ တစ်ဦးတိုက်က၊ တစ်ဦးချ၍၊ ဖိုမလင်းပြာ၊ တွန်သံသာနှင့်၊ ဆပ်ပြာစမ်းတွင်၊ တွေ့ကြိမ်မြင်သော်၊ စုံလင်ဖိုမ၊ နိမိတ်ပြ၏၊ ဉာဏက၀ိ၊ ပဏ္ဍိတစစ်၊ ငါတည်းဖြစ်မူ၊ အနှစ်သာရ၊ သုံးဘုံမျှ၏၊ အစအလယ်၊ အဆုံးဝယ်၌၊ ဓိပ္ပါယ်ကျွမ်းသိ၊ မှတ်သားမိလျက်၊ ဇာတိလိုက်လျော်၊ ချိုးနှစ်ဖော်မူ၊ ရွှင်ပျော်အမြဲ၊ လည်ချင်းတွဲ၍၊ မကွဲတူကွ၊ နေသည်ဆသော်၊ ကာမလူ့ဘောင်၊ မရှောင်နိုင်ချေ၊ ညာကြေကျော်စော၊ သဘောစင်စစ်၊ ရှင်၏ဖြစ်မှ၊ တဆစ်လူ့ခွင်၊ ၀င်လ-ဦးမည်၊ ချစ်ကြည်မျိုးနွယ်၊ ဥစ္စာကြွယ်သည်၊ လူဝယ်လူကောင်း၊ အကြောင်းရုံးစည်း၊ ဖြစ်မည်တည်းဟု၊ စနည်းနိမိတ်၊ ချိုး၏ဟိတ်ကို၊ တိတ်တိတ်မှတ်ယူ၊ နှလုံးမူလျက်၊ မပူမဆာ၊ ရေသီတာသို့၊ မျက်နှာရွှင်လန်း၊ မပန်းမညှိုး၊ အင်အားကြိုးလျက်၊ အကျိုးရှိမည်၊ မကြည်စိတ်မှုန်း၊ တစ်ကုန်းဆင်းသက်၊ တစ်ကုန်းတက်၍၊ မြိုင်နက်သာမော၊ စုံတကြော၌၊ တစ်တောထွက်ဝင်၊ တစ်တောမြင်နှင့်၊ တစ်ပင်ရိပ်နား၊ တစ်ပင်သွားသော်၊ တောဖျားမြိုင်နက်၊ လမ်းချက်စူးစမ်း၊ ရိပ်ဖမ်းဆွေးနွေး၊ ဘထွေးတစ်ယောက်၊ ရဲခေါင်မြောက်နှင့်၊ ချစ်ရောက်လည်သီး၊ ဦးရည်းတလည်၊ ချစ်ကြည်မြတ်လေး၊ လုပ်ကျွေးမ-စ၊ ညွှန်ပြလမ်းရိုး၊ တောင်နှယ်ကိုး၍၊ ချုပ်မိုးရီည၊ သွားကုန်ကြသည်။ စိတ်ကရောက်ချင် ရူးရူးတည်း

မှတ်ချက်။ ။ မြန်မာသက္ကရာဇ် (၁၃၂၉)၊ သာသနာနှစ် (၂၅၁၁)၊ ခရစ်နှစ် (၁၉၆၇)ခု၊ ရန်ကုန်မြို့၊ ဟံသာဝတီပုံနှိပ်တိုက်မှ ထုတ်ဝေခဲ့သော “ရှင်ဥတ္တကျော်၊ ရှင်မဟာရဋ္ဌသာရ တောလားများနှင့် အခြားတေားလား၊ ရေလားများ” စာအုပ်မှ ကူးယူဝေငှ ဖေါ်ပြအပ်ပါကြောင်း။

Friday, 13 September 2013

လောကသာရပျို့ 

၁။ အသက်ရှည်စွာ၊ အနာမဲ့ကြောင်း
ကောင်းလှစေချင်
ပဲ့ပြင်နိစ္စ၊ ကွပ်ဆုံးမသား
မိဘဆရာ၊ စကားနာ၍
ကျမ်းစာသိမြင်၊ တတ်အောင်သင်လော့။
ပေါ်လွင်မပြု၊ ကောင်းရာတုလျက်
ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်စေမင်း။

၂။ မိခင်ဖခင်၊ ကျေးဇူးရှင်ကို
ချစ်ခင်မြတ်နိုး
ဂူပုထိုးသို့၊ ရှိခိုးဦးတင်
ကြည်လင်မြတ်လေး၊ သိမ်းမြန်းမွေး၍
လုပ်ကျွေးခယ၊ ရိုတုတ်ကွလျက်
ကြီးထသက်အို၊ မျိုးဆွေကိုလည်း
ကြည်ညိုညွတ်တိမ်း၊ ပိုက်ထုတ်သိမ်း၍
မယိမ်းစင်းလျင်း ငြိမ်းစေမင်း။

၃။ ထုံးတီးနည်းနာ၊ အဖြာဖြာ၌
ပညာရှာမှီး၊ မကြီးသက်ရွယ်
အငယ်သော်က၊ ကြိုးလုံလလျက်
တုပ်ကွပုဆစ်၊ ဆရာစစ်၌
ကြောက်ချစ်ရိုသေ၊ လုပ်ကျွေးထွေဖြင့်
စာပေတတ်ကြောင်း၊ တချောင်းချောင်းလျှင်
ခြိမ်းမောင်းသည်းခံ၊ ဆရာ့ထံ၌
သင်အံကျက်လေ့၊ တစ်နေ့တစ်ပါး
မှတ်သားလေလေ၊ ၀မ်းထဲခွေ၍
အထွေအထူး၊ ဂုဏ်ကျေးဇူးကို
ဆည်းပူးသိမြင် ကြွယ်စေမင်း။

ရခိုင်သူမြတ်

ခက်ဆစ်အဖွင့်

ပဲ့ပြင်= ဆုံးမသည်။ သွန်သင်သည်။ ဖြောင့်မှန်ကောင်းမွန်အောင်လုပ်သည်။
နိစ္စ= အမြဲ။
ကွပ်= ဆုံးမပဲ့ပြင်သည်။ လိမ္မာအောင်လုပ်သည်။
ပေါ်လွင်= ပေါ့ဆသည်။ ဘာကိုမျှ ဂရုမစိုက်။
ကြိုး= ကြိုးစားသည်။
ဂူ= လိုဏ်ခေါင်းခံ၍ အုတ်အင်္ဂတေတို့ဖြင့် တည်ဆောက်အပ်သော ဘုရား။
ပုထိုး= ဓာတ်တော်မွေတော် စသည်တို့ကို ဌာပနာ၍ အုတ်ကျောက်စသည်ဖြင့် တည်ထားသော မုခ်ပေါက် သို့မဟုတ် မုခ်ယောင်ပါရှိသော စေတီ။
သိမ်းမြန်း= ထိန်းသိမ်းစောင့်ရှောက်သည်။
တုပ်ကွ= ရိုသေလေးစားသည်။ ညွှတ်တွားခယသည်။
ပိုက်ထုပ်= ထိန်းသိမ်းသည်။
စင်းလျင်း= အမြဲ၊ မပြတ်မလပ်။
ထုံးတီး= ရှေးထုံးဟောင်း။
ချောင်းချောင်း= အမြဲမပြတ် အရိပ်အခြေကြည့်၍။
ခြိမ်းမောင်း= ဆူပူကြိမ်းမောင်းသည်။
ဝမ်းထဲခွေ= ၀မ်းထဲ၌ မှတ်သားနှလုံးသွင်းသည်။

အချုပ်တန်းဆရာဖေ၏ ကဗျာ

မြန်မာတွေ စည်းကမ်းဖောက်၊ ထီးနန်းပျောက် ဖြစ်ပြီ၊

 မှီးငြမ်းထောက် အသစ်မှီတယ်၊ ညစ်ပလီ လူမျိုး၊

မိပစ်လို့ ဖရှောင်သွေသည်၊ ခွကောင်တွေ ခွေးဖြစ်ပေါ့ ဗျိုး။

မြန်မာချင်း ကြွားကြချင်၊ ဓားပြသွင် လူဆိုး၊

ကုလားမြင် သူ့အမေရိုးတော့မလို့၊

ခုမြေလျှိုး ပုန်းအောင်းရှောင်၊ မိုးမနော် ပြူမဟေးရယ်လို့၊

သူ့ပထွေး ခွေးသို့ မဟောင်၊ ပြောရောဟဲ့ ရာဇ၀င်ပြောင်အောင်၊

စာဇင် (တပ်ကြပ်ကြီး၊ ရဲကြပ်ကြီး)တောင် ဦးချလို့၊

ပလူးရ ပြေးကျို့ ခါခါ၊ ခွေးသို့ပမာ။

တွေးမိတိုင်း အရိုးနာသည်၊ အမျိုးပါ ဆဲချင်ပေါ့လေ။

Wednesday, 11 September 2013

(စလေဦးပုည)ရေးသားသောအလှဘွဲ့ 

ထိတ်စရာလိပ်ပြာလှုပ်
ပြိတ္တာရုပ်သဖွယ်
မဲချက်ကကဲထက်ကြွယ်သည်
ကျွဲနက်ဝယ်မခြား။
ဂျီးသူဌေးမီးသွေးငိုသည်
ကျီးမွှေးကိုရှုံ့းရတကား။
ညစ်ထေးလို့ ပြစ်ထွေးမှောင်သည်
သစ်စေးရောင် အလား။
အနက်တွင် မက်လင်သားပါပဲ
မျက်မြင်အား အမှန်။
အမူတွင် ငါးခူရှုံးရ
လဒူမုန့် ကျွမ်းသည့်သဏ္ဍာန်။
သပိတ်နှင့် ငချိတ်ဆန်လို
မနိပ်ဟန် ဆင်ကွဲပါ့
မင်ခဲနှင့် ပုလင်းဖင်လို မဲမှောင်လို့ညို။
မီးလောင်သည့် တုံးငုတ်တိုမှာ
ပုံးစုတ်ကို စွပ်ထားသို့လေး။
( စလေ ဦးပုည )

Monday, 14 January 2013

ဗြဟ္မစိုရ်တရား

မှတ်စိမ့်ကျမ်းလို၊ တစ်ခန်းဆိုပိမ့်၊

ဗြဟ္မစိုရ်လေးဖြာတည်ကြခါမှ၊

သတ္တ၀ါဟူဟူ၊ ဦးမည်းဖြူတို့၊

ရှင်လူခပင်း၊ ရောဂါကင်းလျှက်၊

ဘေးရန်ရှင်းကွာ၊ ဆင်းအင်္ဂါံနှင့်၊

ချမ်းသာခွန်အားသက်ရှည်ပွား၏။

လေးပါးဗြဟ္မစိုရ် ကုသိုလ်သမ္မာ၊

ကင်းကြခါ၌၊ ယက္ခာဓိပ၊ ဣန္ဒာစသား၊

နတ်ကြီးများတို့၊ စိမ်းဝါးကြမ်းခက်၊

သံဘက်ဥပါ၊ မိစ္ဆာရဲဆိုး၊ ဘီလူးမျိုးတို့၊

စောင့်စိုးမအုပ်၊ မချုပ်သော့အား၊

ပေါက်လွတ်ထား၍၊

လူများဘေးရောက်၊ သေပျောက်ဥပဒ်၊

များသတတ်တည့်၊၊

မှတ်လော့ တစ်သွယ်၊ လူတို့ဝယ်လျှင်၊

ကြီးငယ်အများ၊ မင်းပုဏ္ဏားက၊

ကောက်ျားမိန်းမ၊ ကြင်ကါလ၌၊

လောဘတရား၊ စရိုက်များလျက်၊

ကြံပွားမဆိတ်၊ ထိုကြောင်းဟိတ်ကြောင့်၊

ဒုဗ္ဘိက္ခန္တရ၊ကပ်ကြီးကျလျက် ငတ်ကြမွတ်ကြ၊ မ၀ရေစာ၊တောင့်တကါလျှင်၊

များစွာသေပျောက်၊ပြိတ္တာရောက်၏။

မိးတောက်တမျှဟုန်းဟုန်းထလျှက်၊

ဒေါသဟိတ်လွန်၊ပြန့်ပွားဝှန်သော်၊

သတ္တန္တရ၊ ကပ်ကြီးကျလျှက်၊

သတ်ကြဖြတ်ကြ၊ အာဃာတဖြင့်၊

သောကတုန်မြာက်၊ ငရဲရောက်၏။

ထို့နောက်ဥာဏ၊ နည်းပါးကြကြောင့်၊

နောဟသမုဠာန်၊ ထိုဟိန်လွန်က၊

ရောဂန္တရ၊ ကပ်ကြီးကျလျှက်၊

များလှရောဂါ၊ ဝေဒနာဖြင့်၊

ခန္တာပျက်သူ၊ ပြန့်ပြောထူလျှက်၊

အယူမမှား၊ ချင်းချင်းအားလည်း၊

သနား ကြင်နာ၊ ဂရုနာနှင့်၊

မေတ္တာမကင်း၊ သေကြလျှင်း၍၊

ခပင်းများစွာ သတ္တ၀ါတို့၊

လူ့ရွာနတ်ခြောက်၊ ဖြစ်ရာရောက်၏။

မဖေါက်မှန်စွာကျမ်း၌လာခဲ့၊

လေးဖြာဗြဟ္မစိုရ်၊ ပျက်ယွင်းယို၍၊

အကုသိုလ်မူလ၊ ဟိတ်ပါပတို့၊

ပွားကြကုန်ဘိ၊ ထိုသတ္တိကြောင့်၊

ကလိယုဂ်ဟု၊ သမုတ်သညာ၊

ဝေါဟာရပညတ်၊ ခေါ်ဝေါ်အပ်သား၊

ဆုပ်ကပ်ကါလ၊ ဟာယနနှိုက်၊

လောကလူ့ရွာ၊ သတ္တ၀ါတို့၊

ဓမ္မတာတရား၊ ဟိတ်သုံးပါးနှင့်၊

ကပ်အားတော်ရမည်ကိုကါး။ ။

(မန်လည်ဆရာတော်- မဟာသုတကာရီမဃဒေ၀ လင်္ကါံသစ်)
သုခိ အတ္တာနံ ပရိဟရန္တု
၁၁.၁၁.၂၀၁၂ (တနင်္ဂံနွေနေ့)

Friday, 28 December 2012

နတ်သျှင်နောင် စစ်ချီအလွမ်းရတု သက္ကရာဇ်(972)ခုနှစ်

“တိမ်စွန်လေလျှင်ဖူးရောက်ချင်”
ပေါ်နွေလလျှင် တောင်ကခြိမ့်မြူး မင်းလွင်ဦးနှင့်၊
ပျံ့ပျူးချုပ်ထိုင်း မုန်တိုင်းဆင်လို၊
တိမ်ညိုမှိုင်းထပ် ပြက်လျှပ်ပြကာ၊
စိမ်းဝါ မိုးပန်း ထွေထွေစွန်းက၊
ရေသွန်းသာကြည် ပျော်ရမည်ဟု၊
ပျော်ရမည်ကို မြရည်သက်မှတ်၊
ရောက်ခဲလတ်ဟု ချစ်ထွတ်တင်သည်၊
ပြာစင်ရွှန်းလတ် ဖြူဝင်းမွတ်လျှင်၊
ကြာညွတ်ဖယောင်း နေရှိန်ပျောင်းသို့၊
ဆင့်လောင်းလွှမ်းဝှန် ရှိလိမ့်ဟန်ကို၊
တိမ်စွန်လေလျှင် ဖူးရောက်ချင်သည်၊
ငှက်သွင်ပျံကြွ မတတ်သောဝ်……………..။

မျှော်ချေကလျှင် ကာလအလျှောက်၊
ပိတောက်လျှံခဲ ပုလဲသွယ်ငုံသွယ်၊
အလှယ်လှယ်တိ စပယ်ဖြူမွှေး စကားသေးကို၊
မြတ်လေးစုံမက် ကျွန်ုပ်လက်ဖြင့်၊
ရွေးလျက်ရွရွ မဆင်ရတည့်၊
ကာလသို့အောင် ရည်စောင်ပန်းမာလ်၊
မမီလွန်က ချိန်တန်သို့တည်၊
ပြန်မည်လေသာ မရောက်လှာဟု၊
ကြံကာခွေ၍ နေလိမ့်မည်ကို၊
ရှိသည်မှု့ရန် မင်းရေးဝန်ကြောင့်၊
လျှောက်ပန်စေ့ရေ မချေရသော်၊
ပြိုက်ကျသွယ်ဖြည်း နှင်းလက်သည်း၍၊
ဝမ်းနည်းလျှက်ပင် ပျောင်းလိမ့်ထင်သည်၊
ညက်စင်စံမြ အထွတ်သောဝ်………………….။

ဖျော်ဖြေမှလျှင် ယုယသံချို ၊
ပြေလိုစိမ့်သား ကျူးပိုက်ဖြား၍၊
ချီသွား မူးမူး ရှေ့ရက်ဦးက၊
မကျုးထင်ထင် ကဆုန်တွင်ကို၊
ကျိုင်းစင်မြခဲ စစ်ပွဲရန်နှည်၊
နှုတ်ခြည်ပေါ်သာ ဆိုလေရှာကြောင့်၊
မလ္လာရနံ့ ထုံပျံ့ပန်းသက်၊
ခြူးနတ်ဆင့်ကုံး စိန်ပွင့်အုံးဝယ်၊
ပင်ရုံးရွရွ လက်သင်မ၍
သက်မျှငယ်ချစ် ပျောင်းလိမ့်ဖြစ်ကို၊
စီစစ်မိမိ သတိချုပ်ဆည်၊
ပြေမည်မျှဝေး ချစ်ဝန်လေးခဲ့ ၊
ရေးရေးဖူးချင် မယ်သို့လျင်သည်၊
စက်ရှင်လျှံမျှ ရဟတ်သောဝ်…………………။

ဝန်ကြီးပဒေဿရာဇာ၏ တျာချင်းများ

ဝန်ကြီးပဒေသရာဇာ၏ တျာချင်းများ
***
ထန်းတက်သမားဖွဲ့

နွေဦးကာလ၊ မြူထသောခါ။
ရင်းထောင် ရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ကာ။
ထားနှီး ထက်စွာ၊ ခါးမှာချပ်လျက်၊
ထန်းပွင့် ထန်းခိုင်၊ ရွှန်းမြိုင်မြိုင်၊
ကလိုင်သာလွယ်လို့၊ တက်-သည်နှင့်လေး။ … ။

ထန်းပင် ထန်းလက်၊ ထန်းရွက်ကယ် ဝေေ၀။
စင်အောင် ခုတ်ထစ်၊ နုမြစ်ကယ် ထန်းဦးရေ။
မယားငယ်ဆွေ၊ ထန်းရေသိမ်းဆည်း။
သားမြေးဟစ်ကြော်၊ ခွေးဝက်ကယ်ခေါ်၊
ထန်းလျှော်သာ ယုန်ပိုက်စည်းငယ်နှင့်လေး။ … ။

ခေါ်သံရိုက်ဟည်း၊ လူလည်းကြော်ငြာ။
ခွေးဟစ် လူဟစ်၊ ခတ်ပစ်ကယ် ခြောက်သောခါ။
ပတတ်ကယ် ယုန်, ခါ၊ တောမှာရှိကြ။
ငုံး, ကြက်ကယ် ဖွတ်, မြွေ၊ ၀ံပုလွေ၊
မနေ ထွက်လာကြ-သည်တည့်လေး။ … ။

ဝမ်းသာအားရ၊ မယားကတသွယ်။
ဟင်းရွက် ဆိုးကောင်း၊ သောင်းပြောင်း ရော၍လွယ်။
လင်က တသွယ်၊ ယုန်ငယ်က-စ။
တောသတ္တ၀ါ၊ တွေ့တိုင်းကိုသာ၊
အိတ်မှာသာ ယူ၍ချ-သည်နှင့်လေး။ … ။

သို့နှင့်ရောက်က၊ ခဏအောင့်လျှင်။
တံစို့ထက်နှင့်၊ ထန်းလျက်ဖိုမှာကင်။
ဟင်းအိုးဆူလျှင်၊ အကင်ခတ်ပြီး။
အိုးကင်းနှင့်လှော်၊ ရေနှင့်ကြော်၊
မိုးမျှော် ငရုတ်သီး-ငယ်နှင့်လေး။ … ။

နှီးဒေါင်းလန်းကြီး၊ ခူးပြီးသောခါ။
သမီးနှင့်သား၊ များလို့ မ၀င်သာ။
ဒူးတဖက်သာ၊ တွန်းကာဖယ်လျက်။
သူ့ထက်ငါလေ၊ စားတော့မည်ဝေ၊
စပေသာလှ အုန်းခွက်-ကယ်နှင့်လေး။ … ။

ငုံ့လျက် ကိုယ်စီသာ၊
ဆုပ်ကာလွေးတော့သည်။
ပြီးလျှင် ရေမရှာ၊
ခွေးသာကျွေးတော့သည်။ … ။
***

လယ်သမားဖွဲ့

ဝသန်ကာလ၊ မိုးကျတည့်လျှင်။
ပျော်ပျော်ပါးပါး၊ မယားနှင့် ဆွေငယ်လင်။
လက်တွဲငယ် ခြေငင်၊ ကိုယ်တွင် အ၀တ်။
ပုဆိုးအင်္ကျီ၊ စုတ်ပြဲပြီ၊
ချည်နီဗောင်း တွတ်တွတ်-ကယ်နှင့်လေး။ … ။

မိုးရေစွတ်လို့၊ အ၀တ်ကယ်မပါ။
သားသမီးကို၊ ကိုယ်ထီးပွေ့လို့သာ။
ဆေးတံတထွာ၊ ကိုက်ကာထွန်ရင်း။
လယ်ကွက်တခွင်၊ ထွန်ရေးငင်၊
ရေ၀င် ပုစွန်တွင်း-ငယ်နှင့်လေး။ … ။

ဖားပေါင်စင်းငယ်၊ ခြင်းပလိုင်းဝယ်။
ခရု ပီလော၊ ရောနှော၍သာလွယ်။
ဟင်းရွက်ကယ် နုနယ်၊ တသွယ် ကန်စွန်း။
ဆူးပုပ်ကယ် ကင်းပုံ၊ အလုံးစုံ၊
ဖူးငုံသာ ရော၍ပြွမ်း-သည်နှင့်လေး။ … ။

ချိုလည်း ချိုလွန်း၊ ရည်ရွှန်းများစွာ၊
ကြံဟင်း ကြွက်နားပေါင်း၊ သောင်းပြောင်းရော၍သာ။
အိမ်သို့ရောက်ခါ၊ လျင်စွာ ချက်ပြုတ်။
ထမင်းကပူ၊ ဟင်းကပူ၊
ရှူရှူသာ ရှမ်းငရုတ်-ကယ်နှင့်လေး။ … ။

အလုပ်ကယ် ဧရာသာ၊
ငုံ့ကာလွေးတော့သည်။
သားမြေးငယ် မာချာ၊
ဘယ်ညာ ထွေးတော့သည်။
***

တောဆင်ဖမ်းဖွဲ့

(၁)
ဝသန်ကာလ၊ ၀ါလကျွတ်ခါ။
အောက်မားတို့တမ်း၊ ရွှင်ဝမ်း ဓမ္မတာ။
ဆင်ပေါင်းများစွာ၊ ညီညာ ဆော်နှိုး။
မှူးကဲစီမံ၊ ရိပ်ခြည်သံ၊
မြဲမြံရွှင်အား ကြိုး-ပါလို့လေး။ … ။

တိမ်ညင်ငယ်တင့်နိုး၊ ကျင့်ရိုးငယ် စုံစီ။
တရော် ကင်ပွန်း၊ ပျံ့မွှန်းမွှေးလှိုင်ညီ။
ဗြဟ္မာငယ် သံချီ၊ အောင်ပြီလေ ဆော်ကြွေး။
ကိုးတွင်း ကိုးကန်၊ ရေသန့်ပြွန်၊
မန္တန် မန်းမှုတ် ဆေး-ပါလို့လေး။ … ။

နတ်စာ ပြုရေး၊ သန္တေးငယ် ဂြိုဟ်စာ။
အုန်း ကြံ ငှက်ပျော၊ မုံ့ရော ပျားသကာ။
ကြက် ၀က်ကယ် ဟင်းလျာ၊ သေစာ ဖိုမ။
ပရမေ သူရိန်၊ နတ်ဥတိန်၊
တင်ချိန် ပူဇော် သ-ပါလို့လေး။ … ။

ကြပ်မကြီးသူ။
တောင်ဝင်စခန်း၊ ဆော်မြန်းနှုတ်သံကြူ၊
မြင်းတော်သည်လူ၊ အတူငယ်မခြား။
တသင်းစေ့ကာ၊ တယောက်ကယ်ပါ၊
မှန်စွာ အပ်ကာထား-ပါလို့လေး။ … ။

စုံပြားရဂုံတွင်၊
ဝင်ချိန်နီးတော့သည်။
ဆောင်ဆုမြွက်ကာပန်၊
အောင်သံခြီးတော့သည်။

(၂)
တောဝင်ပါမြဲ၊ ချွန်းစွဲငယ် ထား,လှံ။
ဘယားအိတ်ဗူး၊ မီးကူးမှို့ ဆေးတံ။
နှစ်ဦးငယ် တောယံ၊ စိတ်ကြံ ပယ်ခင်း။
ဟိုင်းဆင် တည်ဆင်၊ တွေ့ပြန်လျှင်၊
ရှောင်အင်လွတ်ရာ ကွင်းရလေး။ … ။

စွယ်မုန်ဟန်ခင်း၊ လျှံဝင်း မာတင်။
တွေ့လျှင် ဆွတ်မူး၊ ပျံ့ပျူးစိတ်ရွှင်။
မယားငယ် အိမ်ရှင်၊ ဆံပင်ဖားလျား။
မချအပ်စွာ၊ မင်္ဂလာ၊
ရှောင်ရာ လက်ထပ်များ-ကိုတည့်လေး။ … ။

ပုန်းရည်တောင်းစား၊ သွားလားအိမ်ရာ။
လော်လည်တခန်း၊ ကူးသန်းမကျင့်ရာ။
ဆွေရင်းငယ်သူငါ၊ ဘာသာလက်ဆွဲ။
ကျွမ်းဝင်ကျီစယ်၊ ပြုရာဘွယ်၊
ပစ်ပယ် ရှောင်ကြဉ်မြဲ-ကိုတည့်လေး။ … ။

ထား,လှံ ကိုင်စွဲ၊ ထီးလဲ ဆောင်းကာ။
မြင်း, ဆင် စီးနင်း၊ ရွာတွင်း မ၀င်ရာ။
မင်းစေ ငင်ကာ၊ ပူဆာလောင်ပြင်း။
ကြွေးမြီအပ်နှံ၊ မတောင်းခံ၊
ရှောင်ရန် အခင်း-ကိုတည့်လေး။ … ။

ကြောင်းချင်း သိသာအောင်၊
ပုံဆောင်ခင်းတော့သည်။
ဘေးပေါင်း အန္တရာယ်၊
ပယ်ရှောင် ကွင်းတော့သည်။

(၃)
ဆိုရာ ဆိုမျှ၊ ကြောင်းစကုန်စင်။
လင်္ကာတထူး၊ ပျံ့ပျူးဆွဲကာစင်။
မှူးကဲစီရင်၊ ရှောင်အင် ပြစ်ကင်း။
ကျားကိုက်ကယ်သာ၊ မစားရာ၊
ဆူးပါ ကင်ပိမ့်ဟင်း-ကိုတည့်လေး။ … ။

စုံခြေမြိုင်တွင်း၊ ကြိုင်သင်းဘွယ်သာ။
ထွက်ဝင်ရှာသွား၊ ညာဖျား တောကန္တာ။
ရှေ့သွားနောက်သာ၊ ခြေရာမှတ်ထား။
သစ်ခက်ကယ်ချဟန်၊ ပြမြဲမှန်၊
စိတ်သန်လွန်ကြိုးစား-သည်နှင့်လေး။ … ။

လှည့်ပတ်ကယ် သွားလား၊ တွေ့ညားသာကြည်။
မှုကဲထံရင်း၊ မကြွင်းပြန်ရာသည်။
မေးမြန်းဖွေနှည်၊ တည်တည်အောက်မား။
နံနက်ကယ် လင်းရောင်၊
သန်မိုက်ကယ်လှောင်၊
ချည်နှောင်တွဲခံ-ပါလို့လေး။

ဆင်စိမ်းပြောငြား၊ တောပြားစုံခွင်။
ပဟိုရ်သံ-မှီး၊ ရိုက်တီး သုံးချက်တွင်။
ရွာနီးငယ်တပြင်၊ တင်ရန် မုံ့ငါး။
ပွဲနှီး နတ်ရကာ၊ စုံစွာ ပေးရငြား-သည်နှင့်လေး။

မမှားပ-သကာ၊
ဣန္ဒာကိုးတော့သည်။
အောင်ဆု တိုင်လျှောက်ပုံ၊
ရှိစုံမိုးတော့သည်။
***

မှတ်ချက်။  ။မေဓာဝီဘလော့မှ ကူးယူတင်ပြသည်။

Monday, 17 December 2012

အမတ်ကြီးပေါ်ဦး ယမမင်းထံ အစစ်ခံ သံပေါက်

ယမမင်း ထံ အစစ်ခံရခြင်း

၁။ အိုကွဲ့ ယောက်ျား၊ မောင်လူသား၊ ဘယ်တရားများ ကျင့်ခဲ့တယ်။ ကျွန်တော်မျိုးမှာ၊ လျှောက်စရာ၊ ဘယ်ဟာကိုမျှ မရှိတယ်။

၂။ ကုသိုလ်ကောင်းမှု၊ တစ်ခုခု၊ မပြုခဲ့လားကွယ်။ ယမရာဇာ၊ မေးသောခါ၊ ခမျာ မှိုင်၍နေရှာတယ်။

၃။ အမောင်ယောက်ျား၊ သတိထား၊ စဉ်းစားပါဦးကွယ်။ ဗုဒ္ဓမြတ်စွာ၊ သာသနာ၊ မထွန်းပါလားကွယ်။ ကျွန်တော်တို့ရွာ၊ သာသနာ၊ ထွန်းလှပါတော့တယ်။

၎။ ပဗ္ဗဇ္ဇိ၊ ဒုလ္လဘ၊ မရခဲ့လားကွယ်။ သာသနာစက်၊ ရဟန်းဘက်၊ စိတ်မျှ မကွက်တယ်။

၅။ ရဟန်းဖြစ်မှာ၊ မင်းဆရာ၊ မဟောပါလားကွယ်။ ကျွန်တော့်ဆရာ၊ ဟောပြရှာ၊ နားမှာမဝင်တယ်။ ကျွန်တော့်စိတ်မှာ၊ သည်အခါ၊ ရွာသာ ရောက်တော့တယ်။

၆။ ယောက်ျားစစ်ပ၊ လှလှရ၊ မင်းဘဝကို နှမြောတယ်။ လူတို့ပြည်ရွာ၊ အမောင့်မှာ၊ ဘာများလုပ်ခဲ့တယ်။ ကျွန်တော်မယား၊ စားဖို့များ၊ ကြိုးစား လုပ်ခဲ့တယ်။

၇။ အမောင်,အမောင်၊ ယောင်တောင်တောင်၊ အမောင် မှားခဲ့တယ်။ သဒ္ဓါဖြောင့်တန်း၊ ဒါနခန်း၊ ပြောစမ်းပါဦးကွယ်။ သားကြီးရှင်ဖြစ်၊ ကျွန်တော်စစ်၊ ညှစ်၍ လှူခဲ့တယ်။

၈။ လှူသောအခါ၊ စေတနာ၊ သုံးဖြာညီလားကွယ်။ သုံးချက်စေတနာ၊ နည်းလှပါ၊ မှန်စွာ လျှောက်တော့မယ်။ ကျွန်တော့်အလှူ၊ ကြွေးတွေပူ၊ ငွေကူ မျှော်မိတယ်။ ကူငွေနှင့်သာ၊ ငါလှူတာ၊ ထေမိပါရင် တော်ရော့မယ်။ ကျွန်တော်မျိုးမှာ၊ သည်လိုသာ၊ အောက်မေ့မိပါတယ်။

၉။ ယုတ်မြတ်မဟူ၊ စားသောက်သူ၊ ကြည်ဖြူပါလားကွယ်။ ငွေကူများရာ၊ လူချမ်းသာ၊ မျက်နှာလိုက်၍ ကျွေးခဲ့တယ်။ မျက်နှာနည်းပါး၊ လူမွဲများ၊ မလွဲသာကျွေး ကျွေးခဲ့တယ်။ လူချမ်းသာပင်၊ မဏ္ဍပ်ဝင်၊ ဖျာလျှင်သင်ဖြူး ခင်းပေးတယ်။ သည်ကို ဟိုကို၊ ကြွပါဆို၊ ဗျို့ဗျာမစဲ ခေါ်ခဲ့တယ်။ ကွမ်းဆေးလက်ဖက်၊ ဆီစက်စက်၊ ဝက်နှင့်ကြက်သား ကျွေးခဲ့တယ်။ ကျွန်တော်မျိုးမှာ၊ ငွေမျက်နှာ၊ သည်လိုဟာမှ သဒ္ဓါတယ်။

၁ဝ။ မင့်အလှူမှာ၊ ငွေတွေဟာ၊ နှမြောပါဘိကွယ်။ ပရိက္ခရာ၊ ဆောင်ရန်မှာ၊ ကောင်းစွာ လှူလားကွယ်။ ပရိက္ခရာ၊ ညံ့လှစွာ၊ ဖိုးချိုတာမှ ဝယ်ပေးတယ်။

၁၁။ လှူသောအခါ၊ ပစ္စည်းမှာ၊ စင်ကြယ်ပါလားကွယ်။ ကျွန်တော်လှူတာ၊ ပစ္စည်းမှာ၊ ခိုးတာများခဲ့တယ်။

၁၂။ ပစ္စည်းကုန်မှာ၊ မင်းလှူတာ၊ ဝမ်းနည်းပါလေတယ်။ ဘုန်းကြီးပင့်ခန်း၊ အလမ်းလမ်း၊ ပြောစမ်းပါဦးကွယ်။ အကျင့်သိက္ခာ၊ ရွေးချယ်ကာ၊ မြတ်ရာ ကိုယ်တော် ပင့်လားကွယ်။ သည်လိုဟာမှာ၊ မလေ့လာ၊ မျက်နှာ,နာမှ ပင့်ခဲ့တယ်။ နှုတ်ဆက်ခေါ်ငင်၊ မျက်နှာရွှင်၊ ပုဂ္ဂိုလ်ကောင်းလို့ ထင်ခဲ့တယ်။ သည်လိုဆရာ၊ ကျွန်တော့်မှာ၊ များစွာပင့်ခဲ့တယ်။ တို့အမျိုးပါ၊ တို့ဆရာ၊ တို့ရွာကိုယ်တော် ပင့်ဦးမယ်။ ပြောင်းနှင့်စပါး၊ မင်းတို့များ၊ ဘယ်လောက်ရလားကွယ်။ ကျောင်းကိုများသွား၊ ရယ်ဟားဟား၊ လက်ဖက် ကွမ်းစားတယ်။ ငှက်ပျော အုန်းသီး၊ ဒကာကြီး၊ မြည်းစမ်းပါဦးကွယ်။ သည်လိုခေါ်ဆို၊ မျက်နှာချို၊ ထိုပုဂ္ဂိုလ်ကိုမှ ပင့်ခဲ့တယ်။ ကျွန်တော်တို့ရွာ၊ လှူကြတာ၊ သည်လိုချည်းသာ ပင့်ကြတယ်။

၁၃။ အမောင်လှူတာ၊ ဗလချာ၊ တန်ပါဦးတော့ကွယ်။ အင်္ဂါငါးလီ၊ ပဉ္စသီ၊ ဆောက်တည်မြဲလားကွယ်။ သီလငါးပါး၊ ကျင့်တရား၊ ပျက်ပြားများခဲ့တယ်။ သက်သတ်ခိုးမှု၊ ကာမေသု၊ တစ်ခုမကျန် ပေါက်ခဲ့တယ်။ မုသားသေရည်၊ ဤနှစ်လီ၊ ဝသီရှိတိုင်း ကျင့်ခဲ့တယ်။

၁၄။ ဖြစ်ခဲလေစွ၊ လူ့ဘဝ၊ သနားလှတော့တယ်။ ကျွန်တော်ချည်းသာ၊ မဟုတ်ပါ၊ လူတကာလည်း ပျက်ကြတယ်။ မိန်းမတွေဟာ၊ ပျက်လိုက်တာ၊ ဈေးဝယ်တာတောင် ရန်ဖြစ်တယ်။

၁၅။ သည်မှတစ်ခန်း၊ ရှေ့သို့လှမ်း၊ မေးစမ်းပါဦးမယ်။ ဘုရား တရား၊ သံဃာများ၊ ဝပ်တွားပါလားကွယ်။ ဘုရားဖူးများ၊ တဟားဟား၊ ပျော်ပါးရအောင်လိုက်ဖူးတယ်။

၁၆။ လိုက်သောအခါ၊ မြတ်ဗုဒ္ဓါ၊ ကြည်ညိုလှစွာ ဖူးလားကွယ်။ ဗုဒ္ဓဂုဏော၊ စိတ်မစော၊ ရယ်မော စားသောက် ပြန်ခဲ့တယ်။

၁၇။ မာတာပိတ၊ မိနှင့် ဖ၊ ညွတ်တွား ခယ ပါလားကွယ်။ မညွတ်ခ,ဘဲ၊ ကျွန်တော်လည်း၊ ဆဲတောင် ဆဲသေးတယ်။

၁၈။ မှားစွမှားစွ၊ မောင်ဗာလ၊ သနားပါဘိကွယ်။ တရားတော်မှာ၊ ဒေသနာ၊ ကြားနာရဲ့လားကွယ်။ စိတ်ကမပါ၊ ရှက်လိုက်တာ၊ လူဆိုမှာကြောင့် နာဖူးတယ်။

၁၉။ နာသောအခါ၊ မင်းစိတ်မှာ၊ သဒ္ဓါကြည်နူး ရှိလားကွယ်။ ကယောင်ချောက်ချား၊ စိတ်ကသွား၊ တောထဲများတောင် ရောက်သေးတယ်။

၂ဝ။ ပုဂ္ဂိုလ်များစွာ၊ ဟောကြားပါ၊ သည်တစ်ခါလားကွယ်။ ကျွန်တော်မျိုးမှာ၊ သည်တစ်ခါ၊ လူမျက်နှာကြောင့် လိုက်သေးတယ်။

၂၁။ သည်တစ်ခါ,နာ၊ အမောင်မှာ၊ ကြည်ညိုပါလားကွယ်။ တရားလည်းချ၊ အိပ်ရေးဝ၊ ထ၍ ပြန်ခဲ့တယ်။ မိန်းမတွေဟာ၊ ငိုက်လိုက်တာ၊ ကျွန်တော့်ထက်တောင် သာသေးတယ်။

၂၂။ စံကျောင်းဝိဟာ၊ မြတ်သံဃာ၊ ဆည်းကပ်ပါလားကွယ်။ ဆွမ်း မုန့် ငှက်ပျော၊ ကျောင်းမှာပေါ၊ ရော၍လိုက်ဖူးတယ်။

၂၃။ လိုက်သောအခါ၊ ထေရ်သံဃာ၊ ရဟန္တာသို့ ထင်လားကွယ်။ ဘုန်းကြီးနားမှာ၊ မရောက်ပါ၊ တော်ရာချောင်က ခိုခဲ့တယ်။

၂၄။ ခိုသောအခါ၊ မင့်စိတ်မှာ၊ ကြည်ညိုပါလားကွယ်။ ကြည်ညိုဝေးကွာ၊ ကျွန်တော့်မှာ၊ စားစရာသာ ကြည့်ခဲ့တယ်။ သူရကာယ်ပင်၊ ကျိုးမမြင်၊ ဘုန်းကြီးကပင် နှမြောတယ်။ သည်လိုများပေ၊ ကျွန်တော်လေ၊ ဆိုတောင်ဆိုမိတယ်။ ကျွန်တော်ချည်းသာ၊ မဟုတ်ပါ၊ သူတကာလည်း ဆိုကြတယ်။

၂၅။ ကျောင်းပစ္စည်းများ၊ အမောင်အား၊ မစားမသောက် ကင်းလားကွယ်။ စားသည့်ထမင်း၊ ဝမ်းတောင့်တင်း၊ ကျောင်းကအနိုင် ဆင်းခဲ့တယ်။

၂၆။ စားသည်မယွင်း၊ ကျောင်းတလင်း၊ ခတ်ခြင်း တံမြက် လှည်းလားကွယ်။ မလှည်းမိပါ၊ ကျွန်တော့်မှာ၊ စားပြီး သောက်ခါ ပြန်ခဲ့တယ်။ ကျွန်တော်တို့ရွာ၊ လူတွေဟာ၊ သည်လိုချည်းသာ စားကြတယ်။

၂၇။ အမောင် ယောက်ျား၊ မင်းဖြစ်ငြား၊ သနားပါဘိတယ်။ ဥပုသ်စောင့်ခန်း၊ ရှေ့သို့လှမ်း၊ မေးစမ်းပါဦးမယ်။ ဥပုသ်အင်္ဂါ၊ အရိယာ၊ ဖြူစွာသီလ စောင့်လားကွယ်။ ဘုန်းကြီးများထံ၊ သီလခံ၊ ကြွက်ဆူညံအောင် ပြောခဲ့တယ်။

၂၈။ ပြောသောစကား၊ မင်းဖြစ်ငြား၊ တရားကြောင်းလားကွယ်။ လယ်,ယာ,ကျွဲ,နွား၊ ပြောင်းစပါး၊ သားမယားကြောင်း ပြောခဲ့တယ်။ စပ်မိစပ်ရာ၊ ပြောလိုက်တာ၊ နွားချင်းလဲရာ ရောက်သေးတယ်။ စကားမဆုံး၊ တစ်နေ့လုံး၊ အုံးအုံးကြွက်အောင် ပြောခဲ့တယ်။ သည်လိုနှင့်ပင်၊ နေသာဝင်၊ အိမ်လျှင်ပြန်ခဲ့တယ်။ ဥပုသ်စောင့်ရာ၊ ပြောကြတာ၊ မိုးမရွာကြောင်းသာ များကြတယ်။

၂၉။ သီလပြောက်ကြား၊ စောင့်လေငြား၊ မိုးကား ကွက်ကြားရွာတတ်တယ်။ မင်းတို့လူ့ဘောင်၊ သီလကြောင်၊ မိုးရှောင်ကွင်းတတ်တယ်။ မင်းတို့ဖြစ်ပုံ၊ အလုံးစုံ၊ အကုန်တွေးပကွယ်။ မင်းတို့စောင့်တာ၊ ဥပုသ်မှာ၊ ထမင်းဆာတာ သနားတယ်။ ဘာဝနာလမ်း၊ ကမ္မဋ္ဌာန်း၊ စီးဖြန်းပါလားကွယ်။ ဘာဝနာလမ်း၊ ကမ္မဋ္ဌာန်း၊ စီးဖြန်းနည်းခဲ့တယ်။

၃ဝ။ တရားစကား၊ အမောင့်အား၊ ဆွေးနွေးပါလားကွယ်။ တတ်သည်ဆိုလျှင်၊ ကျွန်တော်ပင်၊ အလွန်မေးချင်တယ်။

၃၁။ မေးသောအခါ၊ မင်းစိတ်မှာ၊ ဘာဝနာလားကွယ်။ မဖြေနိုင်က၊ အရှက်ရ၊ နာမည်ပျက်အောင် မေးခဲ့တယ်။ တစ်ခါတစ်ခါ၊ ကျုပ်တို့ရွာ၊ စာ စကားသာ ပြောကြတယ်။ သင်္ဂြိုဟ်ဘေးပေါက်၊ ကောက်သင်းကောက် ရောက်မိရောက်ရာ ငြင်းကြတယ်။ ကျွန်တော်ကတောင်၊ တတ်ဟန်ဆောင်၊ ဖောင်ဖောင်လန်အောင် ငြင်းခဲ့တယ်။

၃၂။ ငြင်းသောအခါ၊ မင်းစိတ်မှာ၊ ဘယ်လိုပါလဲကွယ်။ ကျွန်တော်ကပင်၊ ဂုဏ်လိုချင်၊ တတ်သည်ထင်အောင် ငြင်းခဲ့တယ်။ ကျွန်တော်တို့ရွာ၊ လူတွေဟာ၊ စာငြင်းတာနှင့် ရန်ဖြစ်တယ်။

၃၃။ အမောင်ယောက်ျား၊ လျှောက်စကား၊ အမှားတွေသာ များခဲ့တယ်။ အားကိုးစရာ၊ ကုသိုလ်မှာ၊ ဘယ်ဟာကိုမျှ မရှိတယ်။ တစ်ခုကိုမျှ၊ မေးမရ၊ ဝမ်းနည်းလှချေတယ်။ အမောင့်ဖြစ်ထွေ၊ သနားလေ၊ လူ့ပြည်မယား မကယ်တယ်။ မကယ်ဖြစ်တာ၊ မင်းတစ်ခါ၊ ကြမ္မာမှောက်တော့မယ်။ အမောင့်ဖြစ်ပုံ၊ အလုံးစုံ၊ အကုန်သနားတယ်။ ယမရာဇာ၊ မေးသောခါ၊ ခမျာမှိုင်၍ နေတော့တယ်။ သည်သောအခါ၊ ငရဲရွာ၊ ဆွဲကာချတော့တယ်။

ယမမင်းထံ အစစ်ခံ သံပေါက် နိဋ္ဌိတံ။

(ဘုန်းဘုန်းဦးလောကနာထ ဘလော့မှကူးယူဖေါ်ပြပါသည်။)

လင်္ကာရေးသူ အမတ်ကြီး ဦးပေါ်ဦး။ ၆ -ဒေဝဒူတသုတ် မှ၊ ဒေ၀ဒူတ၀ဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်။ (အမတ်ကြီး ဦးပေါ်ဦး၏ ယမမင်းထံ အစစ်ခံ သံပေါက်) by U PawOo (အမတ်ကြီး ဦးပေါ်ဦး)

Followers