အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Monday, 30 June 2014

ဘာအရင်ပြင်မလဲ.....မောင်ရွှေသီး


ရွှေသီးရေ . . . ပြီးခဲ့တဲ့ ရက် သတ္တပတ်က ထွက်ခဲ့တဲ့ အပြာ ဆန်ဆန်ဝတ္ထုစာအုပ်အကြောင်း ကို ပြောရင်း ‘‘ဒီလိုအချိုးမျိုးတွေနဲ့ ဒီမိုကရေစီနဲ့တော့ ဝေးပါပြီ ဦးလေးရာ။ လူတွေက လွတ်လပ်ခွင့်လေးနည်းနည်းရတာနဲ့ စည်းမဲ့ ကမ်းမဲ့ပရမ်းပတာတွေဖြစ်ကုန်၊ လုပ်ကုန်ကြတာ။ ဒါကြောင့် တချို့က ပြည်သူတွေ စစ်အုပ်ချုပ်ရေးနဲ့ပဲ တန်တယ်။ ဒီမိုကရေစီနဲ့ မတန်သေးဘူးဆိုတာမျိုးတွေ ပြောကြတာ’’လို့ မင်းကပြော တော့ မင်းနဲ့ ငါငြင်းရခုံရဦးမှာပေါ့။အဲဒီစာအုပ်အကြောင်းကိုတော့ မငြင်းဘူးနော်ရွှေသီး။ တစ်ခါတလေ ဝေဖန်ရေးလုပ်တယ် ဆိုတာလည်း ကြည့်ကျက်လုပ်ရတယ်ဟ။ ဝေဖန်လိုက်ခါမှ လူတွေက မရမကလိုက်ရှာကြလို့ ပိုတောင်ပေါက်သွားတတ်သေး။
ခုမင်းနဲ့ငါ လူနဲ့ စနစ် အ ကြောင်းငြင်းကြရအောင်။ ငါ့အ မြင်အရတော့ ဘယ်တော့မဆို စနစ်ဆိုတာက လူတွေရဲ့ နောက် ကပေါ့ကွာ။ ကမ္ဘာ့သမိုင်းမှာ လူ ဆိုတာပေါ်ပေါက်လာပြီး ပဝေ သဏီကြာမှ စနစ်ဆိုတာမျိုးက ပေါ်လာတာကိုး။ ပြောရရင် လူ့အဖွဲ့အစည်းကို ထိမိရှမိတာတွေ ဖြစ်လာတဲ့ အခါမျိုးမှာ အဲဒီထိ အောင်၊ ရှအောင်လုပ်တဲ့ သူတွေကိုထိန်းဖို့၊ သိမ်းဖို့စနစ်တွေ ပြဋ္ဌာန်းကြတယ်။ အဲဒီစနစ်အောက်မှာပဲ လူတွေရဲ့ ပြုမူလှုပ်ရှားမှုတွေကြောင့် စနစ်ဟာ အားနည်းချက်ရှိလာရင် ပြန်သုံးသပ်ကြ၊ထပ်ဆင့်ပြုပြင်ကြ၊ လုပ်ကြ ပြန်တယ်။ လူဆိုတာကလည်း တဏှာ၊မာန၊ ဒိဋ္ဌိဆိုတာတွေ အစဉ်ရောပြွမ်းနေတဲ့အတွက်လူ့အဖွဲ့အစည်းကို ကိုယ့်ရဲ့အတ္တကြီးရင်ကြီးသလောက် ထိ အောင် ခိုက်အောင် လုပ်မိကြတာ ကိုး။ အဲဒီလိုလူတွေကို ထိန်းချုပ် နိုင်အောင်ပဲ စနစ်တွေကို ကောင်း သထက်ကောင်းပြုလုပ်လာကြရ တာပေါ့။
ဥပမာလွယ်လွယ်ပေးရရင် သံဃာ့အဖွဲ့အစည်းရဲ့ အစမှာ ၀ိနည်းဆိုတာ မရှိသေးဘူး။ သံ ဃာ့အဖွဲ့အစည်းထဲက သံဃာ တွေကပဲ ၀ိနည်းတွေ ပညတ်လာ အောင် ဖန်တီးခဲ့ကြတယ်လို့ ပြော ရမယ်။ တခြားသူတွေ ကဲ့ရဲ့ပြစ် တင်ခြင်းကလွတ်နိုင်ဖို့၊ ပစ္စုပ္ပန် သံသရာအကျိုး ပိတ်ပင်သွားမှာ စိုးလို့ ၀ိနည်းတွေကို ပညတ်ရ တယ်။ ဒါတောင်မှ ၀ိနည်းအားလုံးကို တစ်ပြိုင်နက်ပြဋ္ဌာန်းခဲ့တာ မဟုတ်ဘူး။ ၀ိနည်းတစ်ခုချင်းကို ပညတ်ခဲ့တာ။ ၀ိနည်းတစ်ခုကို ပြဋ္ဌာန်းလိုက် ကျူးကျော်ဖောက် ဖျက်သူက ၀ိနည်းနဲ့ လွတ်အောင် အခြားအရာတွေကို ကျူးလွန် လိုက်။ ပြောရရင် ခုခေတ်စကားနဲ့ ဥပဒေကို လက်တစ်လုံးခြားလုပ် တာပေါ့ကွာ။ အဲဒီလိုအခါမှာ ကျူးလွန်သူရဲ့ အခြေအနေကိုကြည့် ပြီးထပ်ခါထပ်ခါပညတ်ရတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာတော့ ပြီး ပြည့်စုံတဲ့ ဘုရားဥပဒေတော်ကြီး ဖြစ်လာတယ်။
 မောင်ဖြူဆိုတဲ့ လူတစ် ယောက် ရဟန်းဝတ်တယ်ဆိုပါ တော့။ အဲဒီရဟန်းပြုပြုချင်းမှာပဲ သူက ၀ိနည်းစည်းကမ်းအောက် ကို ရောက်သွားတယ်။ အဲဒီအခါ မှာ သူရဲ့ မောင်ဖြူဘ၀က ပြုမူ ပြောဆိုတာတွေကို ခ၀ါချပစ် လိုက်ရပြီး ၀ိနည်းတော်နဲ့အညီ နေထိုင်ရတော့မယ်။ အနည်းဆုံး နေ့လွဲညစာ စားခွင့်မရှိတော့ဘူး။ အရက်သေစာမသောက်စားရ တော့ဘူး။ ရွှေငွေကိုင်တွယ်သုံးစွဲ ခွင့်မရှိတော့ဘူး။ ဒါဟာ မောင်ဖြူရဲ့ ရုပ်ခန္ဓာ ကပြောင်းလဲသွားတာ မဟုတ်ဘူး။ ဒီလူအပေါ်မှာ လွှမ်းမိုးသွားတဲ့ စနစ်က ပြောင်းလဲသွားတာ။ ပြောချင်တာကတော့ လူတွေကို စနစ်ကပြောင်းလဲနိုင်တယ်ဆိုတာပါပဲ။
အင်း . . .ကြုံတုန်း မင်းကို ရှက်ရှက်နဲ့ တစ်ခုပြောရဦးမယ်။ ကြာခဲ့ပါပြီ၊ လွန်ခဲ့တဲ့ ခုနစ်နှစ် လောက်တုန်းကပေါ့။ တို့ရဲ့ နယ် စပ် မူဆယ်မြို့လေးဆီကနေ တရုတ်ပြည်ရွှေလီမြို့ကို ရောက်သွားခဲ့တယ်။ ငါ့ရဲ့ လက်ထဲမှာ လည်း ကွမ်းယာထုပ်ကြီးနဲ့ပေါ့။ ကြယ်ခေါင်ကနေ ရွှေလီကို ရောက်ရင်ပဲ ငါ့မှာ ဒုက္ခလှလှတွေ့ရတော့တာ ပါပဲ။ ပါးစပ်ထဲမှာ စားထားတဲ့ ကွမ်းဘယ်ကို ထွေးထုတ်ရမှန်းကိုမသိတာ။ ဘယ်သူကမှလမ်းမပေါ် ကွမ်းတံတွေးမထွေးရလို့ ရေးထားတာမျိုးမရှိဘူး။ ဒါပေမဲ့သန့်ရှင်းလွန်းလှပြီး ပြောင်လက် နေတဲ့ကားလမ်းမကြီးရယ်၊ ကြွေပြားတွေကပ်ထားတဲ့ ပလက်ဖောင်းတွေရယ်က ငါ့ပါးစပ်ကကွမ်းတံထွေးကို ထွေးခွင့်မပြု တော့တာပါပဲ။ ရန်ကုန်လို နိုင်ငံ တစ်နိုင်ငံရဲ့ မြို့တော်ကြီးမှာ တွေ့ကရာနေရာ ကွမ်းတံတွေးတွေ  တပျစ်ပျစ်ထွေးနေတဲ့ ငါ့မှာတရုတ်နယ်စပ်မြို့လေးတစ်မြို့မှာထွေးဖို့နေရာမရှိခဲ့ဘူး။ ဘယ်သူကမှ မတားပေမယ့်  ငါ့ရဲ့သိစိတ်ထဲမှာတံတွေးထွေးလိုက်ဖို့ ရှက်ခြင်း၊ ကြောက်ခြင်းတွေ နဲ့ပေါ့။ အဲဒါလည်း လမ်းရဲ့ မြို့ရဲ့စနစ်တစ်ခု အောက်ကို ငါဝင်သွားခဲ့လို့ပေါ့။
ရွှေသီးရေ . . . လူတွေဟာ မွေးဖွားလာစဉ် တုန်းကတော့ အဖြူထည်သက်သက်ကိုး၊ ကြီး ပြင်းလာချိန်မှာတော့ စနစ်တစ်ခု ရဲ့ ထိန်းချုပ်မှုမဖြစ်မနေလိုအပ် လာရော။ ဥပဒေဆိုတာ စနစ်ပေါ့။ကျင့်ဝတ်ဆိုတာစနစ်ပေါ့။ တာဝန်ဆိုတာ စနစ်ပေါ့။ အဲဒီစနစ်တွေ နဲ့ လူ့အဖွဲ့အစည်းကို ကောင်းကျိုး ပြုသူတွေ တိုးပွားလာအောင်၊ လူ့ အဖွဲ့အစည်းကို ဒုက္ခပေးမယ့် လူ
တွေကို နှိမ်းနင်းရအောင် ပြုကြ၊ ပြင်ကြ၊ ပြဋ္ဌာန်းသတ်မှတ်ကြ တယ်။
ဒီနေရာမှာ မင်းပြောခဲ့တဲ့ လူတွေစည်းကမ်းမဲ့လွန်းလို့ စစ်အုပ်ချုပ်ရေးနဲ့ပဲ တန်တယ်။ ဒီမို ကရေစီစနစ်နဲ့  မတန်ဘူးဆိုတာ ကို တို့ပြန်စဉ်းစားရမယ်။ စစ် အုပ်ချုပ်ရေးဆိုတာ ဆူပူလှုပ်ရှား သူတွေကို ငြိမ်ဝပ်ပိပြားအောင်၊ စည်းကမ်းတွေ ပြည့်ဝသွားအောင်လုပ်တယ်ဆိုတာမျိုးလို့မှိုင်းတိုက်ခံထားရတာ မဟုတ်လား။ တကယ်တော့ စစ်အုပ်ချုပ်ရေးအားလုံးဟာ လူ့ အဖွဲ့အစည်းကို ကာကွယ်ဖို့ထက် အုပ်ချုပ်သူလူတန်းစားကို ကာကွယ်ဖို့လုပ်ထားတဲ့ စည်းကမ်းတွေ ဥပဒေတွေပဲ။ ဥပဒေစည်းမျဉ်းဆိုတာမျိုးနဲ့ထိန်းချုပ်တာက တစ်ပိုင်း၊ခုန ရွှေလီမှာ ကွမ်းတံတွေးမထွေးခဲ့ရသလို မိမိကိုယ်တိုင်က ရှက်ဖို့၊ကြောက်ဖို့ကို ပတ်ဝန်းကျင် အခြေအနေဖန်တီးပေးထားတာ၊ ရှိနေတာမျိုးကမှ လူရဲ့ ကိုယ်တိုင် လိုက်နာချင်တဲ့ ဆန္ဒမျိုးကို ဖော်ထုတ်တာပေါ့။
သူတစ်ပါးကို ကြောက်နေရ ပြီး သူတစ်ပါးခိုင်းတဲ့ အတိုင်းလုပ်၊ခိုင်းတဲ့အတိုင်းလိုက်နာဆိုတဲ့ အ ကြောက်တရားမျိုးနဲ့ ငြိမ်ဝပ်ပိပြား နေရတဲ့ အခါမျိုးကနေ မထင်မှတ် တဲ့ လွတ်လပ်ခွင့်လေးတစ်ခု ပေး လိုက်ချိန်မှာတော့ အနှစ်နှစ်ကာ လထိန်းချုပ်ထားတဲ့ စည်းကမ်းမဲ့ မှုတွေ၊ ပရမ်းပတာဖြစ်မှုတွေက ပေါက်ကွဲပြီး မင်းခုနပြောတဲ့ စိတ် ပျက်စရာ ကိစ္စတွေ ပေါ်လာတော့ တာပဲ။
တကယ်လို့ လူ့နှလုံးသားမှာ ရှိအပ်တဲ့ ကျင့်ဝတ်တွေ၊ တာဝန် ၀တ္တရားတွေကို ကိုယ်တိုင်ကိုယ် ကျနှစ်ခြိုက်ပြီး လိုက်နာတာမျိုး ကျတော့ လူ့အ၀န်းအ၀ိုင်းတစ်ခု လုံး အတွက်တန်ဖိုးဖြစ်လာတော့ တာပေါ့။  အဲဒီလိုအမူအကျင့်မျိုး ကို ဒီမိုကရေစီစနစ်မျိုးကသာ ပေးနိုင်တယ်။ မွေးထုတ်နိုင်တယ်။ မိမိကိုယ်ကိုယ် တာဝန်ယူရတဲ့ စနစ်မျိုးပေါ့။ ဒါကြောင့်လည်း နိုင်ငံရေးလှုပ်ရှားသူတွေဟာ စစ်အာဏာရှင်ခေတ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းစေဖို့ အသက်တွေ စတေး၊ ဘ၀တွေ အပျက်ခံပြီး ကြိုးစားခဲ့ကြတာပေါ့။
ငြိမ်ဝပ်ပိပြားနေတာနဲ့ တာ ၀န်သိသိစည်းကမ်းလိုက်နာတာနဲ့ က အနှစ်သာရချင်းတခြားစီပါ ရွှေသီး။
ငါတစ်ခုတော့ ရဲရဲဝံ့ဝံ့ကြီး အာမခံနိုင်တယ် ရွှေသီ။ မင်းမြင် နေရတဲ့ စည်းပျက်၊ ကမ်းပျက် ပရမ်းပတာဖြစ်စဉ်တွေ အား လုံးကို စိတ်ပျက်လက်ပျက်ဖြစ်ပြီး ယောင်လို့တောင်မှ စစ်အုပ်ချုပ် ရေးဆိုတာကို မတွေးမိစေနဲ့။ အဲ ဒီစနစ်ရဲ့ အုပ်ချုပ်မှု နှစ်ပေါင်း ၅၀ ကျော်ကပဲ အဲဒါတွေကို မွေးထုတ် ပေးလိုက်တာ။ မင်းလိုချင်တဲ့ ဒီမို ကရေစီအတွက် အစွမ်းကုန်ကြိုး စားပါ။ အဲဒီစနစ်ကပဲ လူတွေရဲ့ စိတ်အခြေအနေမြင့်မားမှုကိုပေး နိုင်လိမ့်မယ်ရွှေသီး။ အဲဒီစိတ် ဓာတ်မြင့်မားမှုကပဲ တာဝန်ယူမှုနဲ့ ဆက်နွှယ်နေတဲ့ စည်းကမ်းတွေ ကို ပုံဖော်သွားပါလိမ့်မယ်။
မင်းဘာမှ စိတ်မပျက်နဲ့ စစ်အုပ်ချုပ်ရေးကို သဘောကျတဲ့လူတွေ လက်ညှိုးထိုးထိုးနေတဲ့ အ မေရိကန်နိုင်ငံမှာ သမ္မတကလင်တန် ဖောက်ပြန်တာကိုလက်မခံသလို၊ ရီဟားနားရဲ့ရေမွှေးကြော်ငြာကိုလည်း ဆန့်ကျင်ကြပါတယ်ကွာ။ ကဲ စနစ်နဲ့ လူ၊မင်းဘယ်ဟာကို အရင်ပြင်မလဲ။။

                                                        by;;;မောင်နံ့ သာ

မြန်မာ့ပညာရေးကျဆင်းရခြင်းနှင့် အနာဂါတ်အလားအလာ

တစ်ချိန်က အာရှ၏ အဆင့်ထိပ်တန်းတွင် ပါဝင်ခဲ့သော မြန်မာ့ပညာရေးသည် နှစ် ၅၀ ခရီးကိုကျော်ဖြတ်ပြီးသည်နှင့် အာရှ၏အောက်ဆုံး အဆင့်သို့လျှောကျခဲ့ရ၏။ ထိုသို့ ဖြစ်ရသောအကြောင်းရင်းများစွာရှိသည့် အနက် အထင်ရှားဆုံးနှင့် အသိသာဆုံးမှာ အာဏာရှင်စနစ်ပင်ဖြစ်သည်။
မြန်မာ့ပညာရေးသည် လွတ်လပ်မှုမရှိဘဲ အာဏာရှင်များ၏ ဖိနှိပ်ချုပ်ချယ်မှုကို ခံခဲ့ရသည်။ အကျဉ်းစံဖြစ်ခဲ့ရသည်။ ပညာရှင် တို့အပေါ် အာဏာရှင်တို့လွှမ်း မိုးခဲ့သည်။
 ဘာသာရပ်တစ်ခု၏တိုး တက်မြင့်မားမှုသည် ပညာရှင်တို့ ၏လက်ထဲ၌သာရှိသင့်သည်။ ထို ပညာရှင်တို့၏လေ့လာတွေ့ရှိ ချက်များ၊ အကြံဉာဏ်များကို လွတ်လပ်စွာဖော်ထုတ်တင်ပြခွင့် ရှိရန်လိုသည်။ သို့မှသာ ရှင်သန် သောပညာရေးဖြစ်မည်။
ယခုမူ စနစ်ကျသောလွှမ်းမိုး မှုများဖြင့် ပညာရှင်များကိုချုပ် ကိုင်ခဲ့သည်။ ကြီးစိုးခဲ့သည်။ လမ်းညွှန်အမိန့်များပေးခဲ့သည်။ လိုက် နာမှုမရှိသည့်ပညာရှင်များအား ဒဏ်ပေးခြင်း၊ ထုတ်ပယ်ခြင်းများ ပြုခဲ့သည်။ ဤသို့ဖြင့် ပညာရှင် အမြောက်အမြားမှာ မထင်မရှား ဖြစ်ခဲ့ကြသည်။ အချို့မှာမူ ပြည်ပ နိုင်ငံများသို့သွားရောက်အခြေချ နေထိုင်ခဲ့ကြသည်။ မြန်မာ့မြေ ပေါ်၌ပညာရှင်များဆိတ်သုဉ်းခဲ့ရ သည်။ အာဏာရှင်များ၏စိတ် ကြိုက်အကောင်အထည်ဖော်ပေး မည့်အကြောင်းတော်သိ၊ ဗောင်း တော်ညိတ်များဖြင့်သာ မြန်မာ့ ပညာရေးက ခရီးဆက်ခဲ့ရသည်။
ထို့အပြင် မြန်မာ့ပညာရေး ပျက်စီးသွားရခြင်း၏ ဒုတိယ အချက်မှာ လုံလောက်သောငွေ ကြေးမရရှိခြင်းကြောင့်လည်းပါ သည်။
တစ်ချိန်က မြန်မာ့ပညာရေး ဝန်ထမ်းတစ်ဦး၏အနိမ့်ဆုံးလစာ သည် ၁၂၅ ကျပ်မျှလောက်သာ ဖြစ်သော်လည်း စားဝတ်နေရေး အတွက် လုံလောက်ရုံသာမက အနာဂတ်ကျန်းမာရေးအတွက် ပင် စုဆောင်းထားနိုင်ခဲ့သည်။ ဘဝဝမ်းစာဖူလုံသည်။ ထိုအခါ အလုပ်၌ပျော်ရွှင်ခြင်းကိုရသည်။ သို့ဖြစ်၍ စိတ်ပါလက်ပါသင်ကြား နိုင်သည်။  ထိုအခါ ပညာရေး သည်အောင်မြင်၏။
သို့သော် အာဏာရှင်စနစ် ဦးတည်လိုက်သည်နှင့် ကုန်ဈေး နှုန်းများ  မြင့်တက်သွားသည်။ ဆရာ၊ ဆရာမတို့၏လုပ်ခလ စာများ မလောက်မငဖြစ်သည်။ ပညာရေးဝန်ထမ်းများ၏ဘဝ သည် ဝမ်းမဝ၊ ခါးမလှဖြစ်ခဲ့ရ သည်။ လုပ်ငန်းခွင်သည် ယခင် လိုပျော်စရာမဟုတ်တော့။ လွမ်း ရေးထက်ဝမ်းရေးခက်လာသည်။ ထိုအခါကျူရှင်ယဉ်ကျေးမှုပေါက်ဖွားလာသည်။
မြန်မာ့ပညာရေးက အုတ် ရောရော၊ ကျောက်ရောရောဖြစ် လာသည်။ ထို့ကြောင့် သန့်စင် သည့် ဥပဒေများထုတ်ပြီး ‘ဝန် ထမ်းဆရာများ ကျူရှင်မသင်ရ’ ဟုကန့်သတ်ခဲ့ပြန်သည်။ ၎င်း သည် ရောဂါအရင်းအမြစ်ကိုမရှာ ဖွေဘဲ ဆေးမြီးတိုနှင့်ကုခြင်းတစ် မျိုးဖြစ်ခဲ့၏။ ပညာရေးဝန်ထမ်း များ၏ ဘဝဖူလုံရေးကိုမဖြည့် ဆည်းဘဲ ကန့်သတ်ချက်ထုတ် လိုက်သဖြင့် တော်၍ထူးချွန်သောဆရာများ ပညာရေးနှင့်ဝေးခဲ့ရပြန်သည်။ ဆရာဘဝကိုမြတ်နိုးပြီး ငတ်ပြတ်ဆင်းရဲခံကာ ရပ် တည်ခဲ့သူများမှာလည်း အများ၏ ရှေ့တွင် သိမ်ငယ်စရာ၊ မျက်နှာ မလှဖြစ်ခဲ့ရသည်။ အဖြူ၊ အစိမ်း ဝတ်ရမှာမဝံ့မရဲ။ ဆရာအမည်ခံ ရမှာမဝံ့မရဲ။ ထိုမျှအထိ မြန်မာ့ ပညာရေးက နိမ့်ကျခဲ့ရသည်။
ထို့အပြင် ကျောင်းသုံးစာ အုပ်များမလုံလောက်ခြင်း၊ အရည်အသွေးညံ့ခြင်း၊ ကျောင်းပရိဘော ဂများမပြည့်စုံခြင်း၊ ကျောင်းအ ဆောက်အအုံများချည့်နဲ့ခြင်း၊ ကျောင်းသားဆရာအချိုးမမျှခြင်း၊ စသည်တို့ကြောင့်လည်း မြန်မာ့ ပညာရေးက ထိုးဆင်းခဲ့ရသည်။
လူငယ်များသည် တစ်ပွဲတိုး စမ်းသပ်ခံဘဝဖြင့် စနစ်၏သား ကောင်များဖြစ်ခဲ့ရသည်။ ဘွဲ့ရ လူငယ်များအား အလုပ်အကိုင် ရရှိရန် မဖန်တီးပေးနိုင်ခဲ့ပေ။ အလုပ်တစ်ခုရဖို့အရေး အိပ်မက်ဆိုးများမက်ခဲ့ရသည်။ မြန်မာဘွဲ့သည် ဧည့်ခန်း၌ချိတ်ဆွဲပြသရာ ဓာတ်ပုံတစ်ခုထက်မပို။ ထိုမျှ အထိ မြန်မာ့ပညာရေးမှာနိမ့်ကျ ခဲ့ရသည်။
သို့သော် ယခုအစိုးရတာဝန် ယူပြီးသည်မှစ၍ ပညာရေးပြုပြင် ပြောင်းလဲမှုများပြု၍လာသည်။ ဝန်ထမ်းဆရာများအား လုပ်ခလ စာတိုးပေးခြင်း၊ကျောင်းအဆောက်အအုံများ ပြုပြင်တည်ဆောက် ပေးခြင်း၊ ပြဋ္ဌာန်းစာအုပ်များ လုံလောက်စွာ ထုတ်ပေးခြင်း၊ ကျောင်းသား၊ ဆရာအချိုးညှိပေး ခြင်း စသည်တို့ကိုပြု၍လာခဲ့သည်။ ၎င်းသည် မြန်မာ့ပညာရေးလော ကအတွက် မျှော်လင့်အားထားရာ များဖြစ်၏။ သို့သော် ခေါက်ရိုး ကျိုးနေသော မြန်မာ့ပညာရေး၌ ဆရာများ၏လမ်းဟောင်းကကန့် ၍ဆီးနေပြန်သည်။ ထိုဆရာများ သည် ကလေးများ၏အတွေး၊ အရေးကိုလမ်းဖွင့်ပေးခြင်းမရှိဘဲ ယနေ့အချိန်ထိ ကြက်တူရွေးစာ အံနည်းဖြင့်အလွယ်သုံးနေကြဆဲ ဖြစ်သည်။ ၎င်းသည်လည်း ပညာ ရေး၏ ကျဆုံးမှုတစ်ရပ်ပင်ဖြစ် သည်။
ထို့အပြင် သင်ရိုးညွှန်းတမ်း အချို့မှာလည်း ဟောင်းမြည့်နေ ဆဲဖြစ်သည်။ ဥပမာပြောရလျှင် ကမ္ဘာ့လူဦးရေသည် မြန်မာ့သင် ရိုး၌ ယနေ့အချိန်ထိ သန်း ၆၀၀၀ သာရှိနေသေးသည်။ ထို့ကြောင့် သင်ရိုးများကိုလည်း ခေတ်မီစွာ ပြုပြင်ထားရန်လိုသည်။
အချုပ်အားဖြင့်ဆိုရလျှင် မြန်မာ့ပညာရေးတိုးတက်မြင့်မား လာစေရန် ပညာရှင်များအား လွတ်လပ်စွာကြံဆတွေးတောခွင့် နှင့် စနစ်ကျသောသုတေသနများ ကိုအားပေးရန်လိုသည်။
ကျောင်းအဆောက်အအုံ များကောင်းမွန်စေရန် ဆရာ၊ ဆရာမများအား လုံလောက်သည့်လစာငွေများပေးရန်၊ ကျောင်းသား ဆရာအချိုးမျှတမှုရှိရန်နှင့် ဆရာမများအား အဆက်မပြတ်သင်တန်းများပေးနေရန် စသည် တို့ကိုပြုလုပ်ပေးမည် ဆိုပါက မြန်မာ့ပညာရေးသည် လာမည့် ဆယ်စုနှစ်နှစ်ခုအကျော်၌ ပြန်၍ ဦးမော့လာမည်ဟုယုံကြည် မျှော် လင့်မိပါသည်။။

                                                               by= နော်ဇင်ထက်

Sunday, 29 June 2014

မြန်မာ့ပညာရေး အမှန်တရားနှင် မဝေးစေချင်

တစ်ခုခုတော့ လွဲနေပြီထင်ပါတယ်။ ဇွန်လ ၂၄ ရက်ထုတ် ဒီမိုကရေစီတူဒေးသတင်းစာမှာ ပါဝင် တဲ့ ‘‘အဝေးသင်တက္ကသိုလ်တွင် အသက်မွေးဝမ်းကျောင်း ဘာသာရပ်များကို သင်ကြားပေးနိုင်ရန် ဆောင်ရွက်မည်’’ဆိုသည့် သတင်းတစ်ပုဒ်ကို ဖတ်ရသဖြင့် ယင်းသတင်းပါအကြောင်းအရာ ကြောင့် ဤဆောင်းပါးကို ရေးဖြစ်ခဲ့ပါတယ်။ ယင်းသတင်းပါအ ကြောင်းအရာတွင် ရန်ကုန်အဝေး သင်တက္ကသိုလ်၏ တာဝန်အရှိ ဆုံးပုဂ္ဂိုလ်တစ်ဦးက ‘‘အဝေးသင် ပညာရေးသည် နိုင်ငံတကာနှင့် ယှဉ်ကြည့်မယ်ဆိုလျှင် မဆိုး ကြောင်း၊ သူတို့နှင့် တန်းတူ သဘောမျိုးဖြစ်ကြောင်း၊ နှိုင်းယှဉ် မည်ဆိုရင် နှိုင်းယှဉ်လို့ရသည့်အနေအထားတွင် ရှိကြောင်း’’ ပြောဆိုထားသည်ကို ဖတ်ရသဖြင့်လွန်စွာ အံ့အားသင့်မိပါသည်။
နိုင်ငံတကာနှင့် နှိုင်းယှဉ်လို့ ရတယ်ဟု ဆိုထားခြင်းမှာ အဝေး သင်ပညာရေး၏ သင်ရိုးညွှန်း တမ်းများကို ဆိုလိုတာလား၊ အဝေးသင်ပညာရေးမှ ထွက်ပေါ် လာသော ဘွဲ့ရကျောင်းသားများ ၏ အရည်အသွေးကို ဆိုလိုတာ လား၊ ဒါမှမဟုတ် ဘွဲ့နှင်းသဘင် ခန်းမမှ နှစ်စဉ်ပုံမှန်ထွက်ပေါ်လာ သည့် မြောက်မြားစွာသော ဘွဲ့ရ ကျောင်းသားများ၏ အရေအ တွက်ကို ဆိုလိုတာလားဆိုတာ တော့ ရှင်းရှင်းလင်းလင်းမသိရ ပါ။ မြန်မာနိုင်ငံ၏ လက်ရှိပညာ ရေးစနစ်ကိုကြည့်လျှင် နိုင်ငံတ ကာကို နှိုင်းယှဉ်ဖို့ဝေးစွ အာဆီယံနိုင်ငံများအတွင်းပင် အလယ် အလတ် အဆင့်မရောက်သေး သည်ကို အထွေအထူးပြောစရာ  လိုမည်မထင်ပါ။ ပညာရေး အသိုင်းအ၀န်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ကျောင်းသားများနှင့် ဘွဲ့ရပညာတတ်ပုဂ္ဂိုလ်များအားလုံးသိရှိလက်ခံထားပြီး ဖြစ်ပါသည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံကို ၀ိဇ္ဇာ၊ သိပံ္ပဘာသာရပ်များအတွက် လာရောက်ပညာတော်သင်ယူကြသော နိုင်ငံခြားသားဟူ၍ မရှိပါ။ မြန်မာနိုင်ငံကပဲ နိုင်ငံတကာသို့ ပညာတော်သင်များထွက်သွားမစဲ တသဲသဲ ဖြစ်နေသည်မှာ လက်ရှိမြန်မာ့ပညာ ရေးအဆင့်အတန်းကို သက်သေ ခံနေသည်မဟုတ်ပါလား။ မြန်မာ စာနှင့် ဗုဒ္ဓဘာသာစာပေများအ တွက် မြန်မာနိုင်ငံကို လာရောက် ပညာသင်ယူကြသော နိုင်ငံခြား သားများတော့ရှိကြပါသည်။
မြန်မာ့ပညာရေးအဆင့် အတန်းကိုကြည့်လျှင် ဘာသာရပ် ဆိုင်ရာ သင်ရိုးညွှန်းတမ်းများက တော့ ယခင်စစ်အစိုးရလက်ထက် ကတည်းကပင် နိုင်ငံတကာအ ဆင့်မီသည်ဟုပြောရပါမည်။ သို့ သော်လည်း ပညာရေးစနစ်ကို အဓိက စီမံခန့်ခွဲသူများနှင့် လက်တွေ့ အကောင်အထည် ဖော် ဆောင်ရွက်သူများ၏ အားနည်း ချက်များကြောင့် အရည်အချင်း ပြည့်မီသော နိုင်ငံတကာစံချိန်မီ ဘွဲ့ရကျောင်းသား၊ ကျောင်းသူ များနှင့် အဖိုးတန်လူ့စွမ်းအား အရင်းအမြစ်များ လွန်စွာရှားပါး ခဲ့ရပါသည်။ ပညာရေးစနစ်တစ်  ခုမည်မျှ ကောင်းမွန်သည်ကို ပြောဆိုနိုင်ရန် အဓိကအခြေခံအချက်များစွာ ရှိပါသည်။ အရေးကြီးသော အချက်များမှ အချို့ကိုပြောဆိုရလျှင်  (က) မှန်ကန်သော ပညာရေးစီမံခန့်ခွဲမှုစနစ်၊ (ခ)စစ်မှန်သော ပညာရှင်များ၏ဦးဆောင်မှုနှင့် မှန်ကန်သော ဆုံးဖြတ်နိုင်မှုစွမ်းအား၊ (ဂ) ပညာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းများ၊ (ဃ) ပညာရေးစနစ်ကို လက်တွေ့အကောင်အထည်ဖော်ကြရမည့် ဆရာ၊ ဆရာမများ၏အရည်အ သွေးပြည့်ဝမှုနှင့် အရည်အသွေးကို အပြည့်အ၀အသုံးချနိုင်မှု၊ (င) ပညာရေးဆိုင်ရာဘတ်ဂျက် သုံးစွဲနိုင်မှု၊ (စ) ပညာရေးနှင့် ဆက်နွှယ်သော လက်တွေ့အသုံးချသုတေသနဖွံ့ဖြိုးမှု၊ (ဆ) အရည်အသွေးအာမခံနိုင်မှု (Quality Assurance)၊ (ဇ) စက်မှုလက်မှု ကဏ္ဍများ၊ သိပံ္ပနှင့် နည်းပညာ ကဏ္ဍများနှင့် စီးပွားရေးဆိုင်ရာကဏ္ဍများစသည့် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများကို ပညာရေးမှ နည်းပညာ အထောက်အပံ့ပေးစွမ်းနိုင်မှုစသည့် အထက်ပါ အခြေခံအချက်များ ကောင်းမွန်နေပြီဆိုလျှင် ယင်းပညာရေးစနစ်သည်စံချိန်မီပညာရေးစနစ်၊ နိုင်ငံတကာအဆင့်မီပညာရေးစနစ်ဟုဆိုနိုင်ပေမည်။ နိုင်ငံတကာနှင့် တန်းတူညီသော ပညာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းများရှိရုံဖြင့် နိုင်ငံ တကာအဆင့်မီပညာရေးစနစ်ဟု ပြောလျှင်ဖြင့် လူရယ်စရာပင်ဖြစ်ပေလိမ့်မည်။
ပညာရေးစနစ်ကောင်းမွန် စေရန် မူဝါဒများကို မည်သို့ပင် ချမှတ်စေကာမူ လက်တွေ့အ ကောင်အထည် ဖော်နိုင်မှုအား နည်းနေလျှင် အေင်မြင်နိုင်မည် မဟုတ်ပေ။ မြန်မာနိုင်ငံ၏ လက် ရှိပညာရေးစနစ်သည် ၁၉၇၃ ခုနှစ် ပညာရေးဥပဒေများကို အ ခြေခံထားသော ပညာရေးစနစ် ဖြစ်သည်။ ၁၉၈၈ ခုနှစ်နောက် ပိုင်း စစ်အစိုးရတက်လာပြီး နောက် ၁၉၇၃ ခုနှစ် ပညာရေး ဥပဒေများကို ပြင်ဆင်မွှမ်းမံခဲ့ သော်လည်း စီမံခန့်ခွဲမှုနှင့် လက် တွေ့အကောင်အထည်ဖော်နိုင်မှု အားနည်းသောကြောင့် အောင် မြင်မှုမရရှိခဲ့ပေ။ ပညာရေးတွင် ပညာရှင်များ၏ လွတ်လပ်စွာ စီမံ ဆောင်ရွက်ခွင့်မရှိခြင်း၊ ပက တိအခြေအနေမှန်နှင့် လိုက်လျောညီထွေမရှိခြင်းနှင့် ဗဟိုချုပ်ကိုင်မှု လွန်ကဲခြင်းတို့သည် ပညာရေးဖွံ့ ဖြုးတိုးတက်ရေးအတွက် အဓိက အတားအဆီးများဖြစ်ခဲ့သည်။ ဗဟိုချုပ်ကိုင်မှုစနစ်တွင် ပညာ ရေးကို အဓိကဦးဆောင်သူသည် ပညာရေးကိုနားလည်တတ်ကျွမ်း သူ မဟုတ်ပါက ယင်းပညာရေး အဆင့်အတန်းသည် အောက်ဆုံး အထိ ကျဆင်းသွားမည်မှာ မလွဲ ဧကန်ဖြစ်သည်။
မြန်မာနိုင်ငံ၏ လက်ရှိတက္က သိုလ်ပညာရေးကို ကြည့်လျှင် သင်ကြားရေးနှင့် သုတေသနပိုင်း ဆိုင်ရာများတွင် အားနည်းချက် လွန်စွာကြီးမားလျက် ရှိဆဲပင် ဖြစ်သည်။ မြန်မာနိုင်ငံရှိ တက္က သိုလ်၊ ဒီဂရီကောလိပ်နှင့် ကော လိပ်စုစုပေါင်း ၁၆၈ ခုအနက် အချို့ဝန်ကြီးဌာနများအောက်ရှိ အသက်မွေးဝမ်းကျောင်းတက္က သိုလ်ကောလိပ်အနည်းငယ်မှလွဲ ၍ ကျန်တက္ကသိုလ်ကောလိပ် အများစုတွင် သင်ထောက်ကူဆိုင် ရာပစ္စည်းများမပြည့်စုံခြင်း၊ ကျွမ်း ကျင်သော အရည်အသွေးမြင့် ဆရာ၊ ဆရာမများ နည်းပါးနေ ခြင်းတို့က ပညာရေးအတွက် အဓိကအရေးတကြီးလိုအပ်ချက်များပင်ဖြစ်သည်။
  ၁၉၈၈ ခုနှစ်နောက်ပိုင်း ဘွဲ့ရလူငယ်အမြောက်အမြား ထွက်ပေါ်လာခဲ့သော်လည်း အ ရည်အသွေးနှင့် အဆင့်အတန်း အာမခံနိုင်မှု (Quality Assuance) မရှိခြင်းက ဘွဲ့ရလူငယ်များအ တွက် အနာဂတ်ကို မရေမရာဖြစ် စေခဲ့ပါသည်။ လက်ရှိအဝေးသင် တက္ကသိုလ်မဆိုထားနှင့်၊ ကျန် တက္ကသိုလ်ဒီဂရီကောလိပ်များ သည်ပင်လျှင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် အခြေအ နေရောက်အောင် နှစ်အတော်အ တန်လျှောက်လှမ်းရဦးမည်ဖြစ် သည်။
 လက်ရှိ အဝေးသင်တက္က သိုလ်ကျောင်းသားများသည် ဆရာ၊ ဆရာမများနှင့် ထိတွေ့ သင် ယူမှုအလွန်နည်းပါးခြင်း၊ ၎င်းတို့ကိုယ်တိုင် အဝေးသင်ပညာ ရေးကို ယုံကြည်မှုမရှိခြင်း၊ ဘွဲ့ တစ်ခုရရှိရေးအတွက် ကျူရှင်ကိုသာအဓိကအားထားနေကြ ရ ခြင်း၊ ရုပ်မြင်သံကြားသင်ခန်းစာ ပို့ချချက်များကို ကြည့်ရှုသင်ယူမှု မရှိသလောက်နည်းပါးခြင်း၊ ဗီစီ ဒီသင်ခန်းစာပို့ချချက်မှတစ်ဆင့် လေ့လာသင်ယူမှုနည်းပါးနေ သေးခြင်း၊ အဝေးသင်စာစဉ် (Assignments) များကို ကိုယ် တိုင်ဖြေဆိုမှုနည်းပါးပြီး အသင့် ဖြေဆိုပြီးသား စာစဉ်အဖြေစုံများ မှ ၀ယ်ယူကူးချခြင်းနှင့် တစ်ပွဲထိုး အလွတ်ကျက်စနစ်ကို သုံးပြီး စာ မေးပွဲဖြေဆိုနေကြခြင်းတို့သည် ယနေ့အဝေးသင်ကျောင်းသား များ၏ ဘွဲ့တစ်ခုရရှိရေးအတွက် လက်တွေ့ပြုမူဆောင်ရွက်နေပုံ များပင်ဖြစ်သည်။ ထို့အပြင် အ ဝေးသင်တက္ကသိုလ်သည် သင် ကြားရေးနှင့် လက်တွေ့ဘာသာ ရပ်များအတွက် ကိုယ်ပိုင်ဆရာ၊ ဆရာမများမရှိဘဲ အခြားတက္က သိုလ်များမှ ဆရာ၊ ဆရာမများ ၏ အကူအညီကို ယူနေကြရခြင်း က အဝေးသင်တက္ကသိုလ်၏ အား နည်းချက်ဖြစ်သည်။ ဤအခြေအ နေတွင် အသက်မွေးဝမ်းကျောင်း ဘာသာရပ်များကိုပါ သင်ကြားဦး မည်ဆိုလျှင်တော့ ဟုတ်ပါ့မလား ဟုပင် မေးခွန်းထုတ်စရာဖြစ်နေပါ သည်။
 အဆောက်အအုံ တစ်ခု ဆောက်မည်ဆိုလျှင် အခြေခံ အုတ်မြစ်ခိုင်မာဖို့တော့ လိုပါမည်။ သို့မဟုတ်ပါက အဆောက်အအုံတစ်ခုလုံးပြိုကျပျက်စီးလိမ့်မည်ဖြစ်သည်။ ပညာရေးစနစ်ကောင်း တစ်ခုတည်ဆောက်မည် ဆိုလျှင်လည်း ထိုနည်းတူစွာပင်ဖြစ်သည်။
  အောက်ခြေအထိ ဆင်းပြီး ပကတိအခြေအနေအမှန် ကို ဦးစွာမြင်အောင် ကြည့်ရပါမည်။ ထိုသို့မဟုတ်ဘဲ ပညာရေး နှီးနှောဖလှယ်ပွဲများနှင့် အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပပြုလုပ် ခြင်း၊ မူဝါဒများချမှတ်ခြင်း၊ ဥပ ဒေများရေးဆွဲခြင်းစသည်တို့ကို ပြုလုပ်နေရုံမျှဖြင့် မြန်မာ့ပညာ ရေးအဆင့်အတန်း မြင့်မားလာ နိုင်မည်မဟုတ်ပေ။
နိုင်ငံတော်အကြီးအကဲများ၊ ဌာနဆိုင်ရာ အကြီးအကဲများ အနေဖြင့် အောက်ခြေအထိ ဆင်း သည်ဆိုရာတွင်လည်း အဓိပ္ပာယ် ရှိရန်လိုအပ်ပါသည်။ ယနေ့ဌာနဆိုင်ရာ အတော်များများသည် အထက်လူကြီးများကို အလွန် ကြောက်ရွံ့တတ်ကြသော ကြောင့် အမှန်တရားကို မခြွင်းမ ချန်ရဲရဲဝံ့ဝံ့တင်ပြရဲသော စိတ် ဓာတ်များ ပျောက်ဆုံးလျက်ရှိ သည်။ အထက်မှ လူကြီးလာစစ် မည်ဟု ကြိုသိထားလျှင် လူကြီး စိတ်ကျေနပ်အောင် ကြိုတင် ပြင်ဆင်ထားတတ်သည့် အလေ့ အထများထွန်းကားဆဲပင်ဖြစ် သည်။ ကြိုတင်ပြင်ဆင်သည်ဆို ရာဝယ် အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်းတင်ပြ မည့်အချက်အလက်စာရင်း ဇ ယားများကို မဆိုလိုပါ။ ပကတိ အခြေအနေအမှန်ကို ပြောင်းလဲ ထားခြင်းများ၊ အမှားကို ဖုံးကွယ် ထားခြင်းများ၊ လူကြီးနှင့် အဆင် မပြေနိုင်သည်ဟု ယူဆရသည့် လူပုဂ္ဂိုလ်များကို ရှင်းထုတ်ဖယ် ရှားထားခြင်းများ၊ လူကြီးနှင့် ဆက်ဆံရေးအဆင်ပြေမည့်သူ များကို စုစည်းကြိုဆိုခြင်းများ စသည်တို့ကို ဆိုလိုပါသည်။ ထို့ အပြင်အရေးကြီးသည်မှာ ဗိုလ် ချုပ်လူထွက်များထက် အမှန်တ ကယ်တတ်ကျွမ်းသော ပညာရှင် များကို နေရာပေးပြီး တက္ကသိုလ် ကောလိပ်များကို လွတ်လပ်စွာ စီမံလုပ်ကိုင်ခွင့်ပြုရန်ဖြစ်သည်။ ဗဟိုကသာ ချုပ်ကိုင်မည်ဆိုလျှင် မြန်မာ့ပညာရေး အနာဂတ် မ ကောင်းနိုင်ပါ။
နိုင်ငံတော်အကြီးအကဲများ မှအစ အထက်ဟုခေါ်အပ်သော လူကြီးမင်းအားလုံးသည် ပကတိ အမှန်တရားကို သိလိုလျှင် မလို အပ်ဘဲ ကြိုတင်အကြောင်းမကြား ဘဲနှင့် ရှောင်တခင်ဝင်ရောက် စစ်ဆေးခြင်းများကို မကြာခဏ ပြုလုပ်ပါဟု လေးစားစွာ အကြံ ပြုလိုပါသည်။ ကြိုတင်အကြောင်းကြားလျှင်ဖြင့် အမှန်တရားကို ဖုံးကွယ်တင်ပြခြင်းများရှိလာနိုင်သည့်အပြင် လူကြီးစိတ်ကျေနပ်မှုရရှိစေရေးအတွက် မည်မျှပင် ဌာနဆိုင်ရာငွေကြေး၊ အသုံးစရိတ်မပြည့်စုံစေကာမူ လူကြီးမင်းတို့အား ဧည့်ဝတ်ကျေပွန်စွာ တခမ်းတနား ကြိုဆိုကြမည်သာဖြစ် သည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်ဌာနဆိုင်ရာလူကြီးမင်းများဧည့်ခံစရိတ်သည် ကျပ်သန်းပေါင်းများစွာရှိပါသည်။ ယင်းငွေများဖြင့် စာသင်ကျောင်းများ၊ ဆေးရုံဆေးပေးခန်းများ၊ လမ်းတံတားများတည်ဆောက်လျှင် နိုင်ငံတော်အတွက်များစွာ အကျိုးရှိမည်ဖြစ် သည်။
မည်သို့ပင်ဆိုစေ၊ တာဝန်ရှိ သူအသီးသီးသည် အောက်ခြေအ ထိ မဖြစ်မနေဆင်းကြည့်ရန် လို အပ်ပေသည်။ သို့မှသာ ပကတိ အခြေအနေမှန်ကို မြင်နိုင်ပြီး လက်တွေ့ကျသည့် စီမံဆောင် ရွက်မှုများပြုလုပ်နိုင်မည်။ သို့မ ဟုတ်ပါက အောက်ခြေမှ တင်ပြ ချက်များကို စားပွဲပေါ်တွင်သာ ထိုင်ဖတ်နေမည်ဆိုပါက ပကတိ အမှန်တရားနှင့် ဝေးနေဦးမည် ဖြစ်သည်။ ထို့ပြင် အထက်လူကြီး ကို ကြောက်ရွံ့သည့်အလေ့အထ မရှိစေရေးအတွက် မိမိ၏ လက် အောက်ဝန်ထမ်းများကို ခြိမ်း ခြောက်ဆူပူပြောဆိုခြင်းထက် အပြုသဘောဆောင်သည့် ပဲ့ပြင် ဆုံးမပြောဆိုခြင်းက အကြီးအကဲ နာယကဂုဏ်နှင့် ညီညွတ်ပေ မည်။
 အပြန်အလှန် ရိုသေလေး စားသည့် အမူအကျင့်များ မထွန်း ကားဘဲ ကြောက်ရွံ့တတ်သည့် အလေ့အထများဖြစ်ထွန်းနေသ ရွေ့အမှန်တရားနှင့် ဝေးနေဦး မည်ဖြစ်သည်။ ရိုသေလေးစား ခြင်းနှင့် ကြောက်ရွံ့ခြင်းသည် မတူပါ။ ကြောက်ရွံ့ခြင်းသည် အာဏာရှင်၏ စရိုက်လက္ခဏာ ဖြစ်သည်။ အာဏာရှင်ယဉ်ကျေး မှုမပျောက်သမျှ ကာလပတ်လုံး မည်သည့်ကဏ္ဍအတွက် မည် သည့်မူဝါဒများ ချမှတ်ဆောင် ရွက်စေကာမူ မည်သို့မျှ အောင် မြင်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် မြန်မာ့ပညာရေး အဆင့်အတန်းကို စိတ်ရင်းအမှန် ဖြင့် တိုးတက်စေချင်လျှင် အ ထက်အောက်အပြန်အလှန်လေး စားခြင်း၊ အပြန်အလှန်နား ထောင်တတ်ခြင်း၊ အောက်ခြေ အထိ ဆင်းပြီး ပကတိအခြေအနေ မှန်ကို မြင်အောင် ကြည့်တတ် ခြင်း၊ အောက်ခြေမှ အထက်သို့ မှန်မှန်ကန်ကန် တင်ပြရဲခြင်း စသည့် ယဉ်ကျေးမှုဖြစ်ထွန်းရန် မဖြစ်မနေ လိုအပ်ပါကြောင်း စေတနာအမှန်ဖြင့် ရေးသားလိုက်ရပါသည်။

                                                                  By--မောင်ချို

Tuesday, 24 June 2014

သစ္စာတွေ မေတ္တာတွေ ချစ်သဒ္ဒါတွေ ဝေနေတဲ့ ပညာရေး


 မောင်သာချို
 (တစ်)

စာရေးဆရာမနုနုရည်(အင်းဝ) မြန်မာစာပေလောကထဲသို့ စတင်ဝင်ရောက်လာစဉ်က တော်တော်ကလေး ဂယက်ထသည့် ၀တ္ထုတိုတစ်ပုဒ်ကို ရေးသားတင်ဆက်ခဲ့ဖူးပါသည်။ ‘‘နမ်းမှာလားမောင်ရဲ့ မွှေးတယ်ရှင်’’ ဟူသော ၀တ္ထု။ ခေတ်ပြိုင်ဝေဒနာကိုဖွဲ့သည့် ၀တ္ထုတိုတစ်ပုဒ်။

ဝတ္ထုဇာတ်လမ်းက အယူအကောက်ရှေးရိုးဆန်လွန်းသော စာဖတ်သူတို့ကြားထဲမှာ မကြားဝံ့မနာသာ အကြောင်းအရာတစ်ရပ် ဖြစ်သွားပုံရပါသည်။ အပြင်းထန်ဝေဖန်တုံ့ပြန်လိုက်ကြပုံတွေများ။
ဝတ္ထုထဲရှိ အဓိကဇာတ်ဆောင်က တက္ကသိုလ်ကျောင်းသူတစ်ဦး။ သူ့မှာ ချစ်သူရှိပါသည်။ သူ့လိုပဲ တက္ကသိုလ်ကျောင်းတော်သားတစ်ယောက်။ ဘွဲ့ရပြီးလျှင် ဘ၀တစ်ခုကို ထူထောင်တည်ဆောက်ကြဖို့အထိ ရည်မှန်းထားသည့်ချစ်သူ။ သို့သော် ကျောင်းသူမိန်းမပျိုက ဘ၀အခြေခံမခိုင်မာ။ မိဘများက စီးပွားရေးယိမ်းယိုင်ပြိုလဲနေသည့်သူများ။

သည်လိုနှင့် တစ်ရက်မှာ ကျောင်းသူမ၏ ဦးလေးဆိုသူ ပေါ်လာပါသည်။ ဦးလေးက တူမဖြစ်သူ အဆောင်၌ စားဝတ်နေမှု ဖွယ်ဖွယ်ရာရာမရှိမှာကို စိုးရိမ်ပူပန်ကြောင်း ကျောင်းသူမကိုယ်တိုင်က သတင်းထုတ်ပြန်လာပါသည်။ ထို့ကြောင့် သောကြာနေ့ညနေတွင် ဦးလေးက အဆောင်သို့လာကာ ကားဖြင့်အိမ်သို့ခေါ်သွား။ ဦးလေး၏ အိမ်မှာလိုက်နေ။ တနင်္လာနေ့ ကျောင်းပြန်ဖွင့်တော့မှ ဦးလေးကိုယ်တိုင် အဆောင်သို့ ကားဖြင့်ပြန်ပို့။

စာရေးဆရာမက ၀တ္ထုတိုကိုရေးသောအခါ တက္ကသိုလ်ကျောင်းသူ၏နေရာမှ ၀င်ရေးခြင်းဖြစ်ပါသည်။ ဦးလေးက တကယ့်ဦးလေးမဟုတ်။ ကျောင်းဆက်တက်ဖို့ရာ အထောက်အပံ့ပေးသည့် ဟန်ဆောင်ဦးလေး။ ကျောင်းသူနှင့် တစ်ပတ်တစ်ခါ အတူတူနေသည့် ဦးလေး။ ဦးလေးက အဆောင်သို့ ကားဖြင့် လာခေါ်စဉ် ဦးလေးမြင်မည်ကိုစိုး၍ သစ်ပင်ကိုကွယ်ကာ နှုတ်ဆက်နေသည့် ချစ်သူတက္ကသိုလ်ကျောင်းသား။ ဘွဲ့ရသည်အထိတော့ စောင့်ပါဦးဟု တိတ်တဆိတ် တောင်းပန်နေသည့် တက္ကသိုလ်ကျောင်းသူ။ ကားပေါ်မှာ မျက်ရည်စတွေနဲ့။
သည်ဝတ္ထုကို ဝေဖန်ကြ၊ တုံ့ပြန်ကြသည့်အသံတွေက စာပေလောက အ၀န်းအ၀ိုင်းကလေးထဲမှာ တစ်ခါက ကျွက်ကျွက်ညံနေခဲ့ဖူးပါသည်။

နောင်တက္ကသိုလ်ဘ၀ကို လက်တွေ့ဖြတ်သန်းရလေသောအခါ သည်လိုမျိုးဆန်ဆန် အဖြစ်အပျက်တွေက တစ်ကွေ့တစ်ခါများဆီ၌ တိုးမိတိုက်မိကလေးတွေ ရှိလာရပါသည်။ အဆောင်တွင်နေကာ အမျိုးသားတစ်ယောက်နှင့် လက်ထပ်ထား၊ ကိုယ့်ခင်ပွန်းဖြစ်ကြောင်းလည်း ပတ်ဝန်းကျင်ကို မိတ်ဆက်၊ ကျောင်းပိတ်ရက်များမှာ ထိုခင်ပွန်းဆိုသူနှင့် လိုက်ပါသွား၊ ဘွဲ့ရပြီးတော့ ကွာရှင်းပြတ်စဲ၊ ပြီးတော့မှ အခြားသောသူနှင့် လက်ဆက်ကာ ဘ၀ကိုတည်ငြိမ်စွာ တည်ဆောက်သွားကြသည့် သူတို့ကို သိရှိထိတွေ့လာရလေသောအခါ စာရေးဆရာမနုနုရည်(အင်းဝ)၏ ၀တ္ထုတိုကို မအံ့သြပါလေတော့။

(နှစ်)

အံ့သြစရာတက္ကသိုလ် ဆရာမတစ်ဦးကို တွေ့ဖူးပါသည်။
သူက ပြည်ပသို့ထွက်ကာ ပညာသင်ကြားလိုစိတ်ရှိသူ။ သို့သော် ထွက်ခွာသွားဖို့ရာက လွယ်လွယ်နှင့် အဆင်မပြေ။ သည်မှာတွင် သူက နိုင်ငံခြားသားသံရုံးဝန်ထမ်းတစ်ဦးကို လက်ထပ်ပစ်လိုက်ပါသည်။ ထိုသူ၏ ဇနီးမယားဘ၀ကို ခံယူကာ ပြည်ပသို့ အလွယ်တကူ လိုက်ပါသွားခဲ့နိုင်ပါသည်။ သူအလိုရှိရာနိုင်ငံသို့ အရောက်တွင်ကား ထိုသူနှင့် ကွာရှင်းပြတ်စဲပစ်လိုက်ကာ သူ့လမ်းကိုသူ ဖြောင့်တန်းစွာ လျှောက်ပစ်လိုက်ပါလေတော့သည်။
ဆန်းလိုက်တာ။

(သုံး)

တစ်ခါက  အလျင်စလို ဒရောသောပါးကြီးဆိုသလို မိန်းမယူပစ်လိုက်သည့် တက္ကသိုလ်ဆရာတစ်ဦးနှင့် ဆုံဖူးပါသည်။ သူ့ကိုကြည့်ရသည်မှာ ဆယ်ကျော်သက် လူငယ်ကလေးတစ်ယောက်ပမာ ချစ်လှချည်ရဲ့ ကြိုက်လှချည်ရဲ့၊ ဆွေးလှချည်ရဲ့ လွမ်းလှချည်ရဲ့ဟူသော ပုံစံမျိုးဖြင့် မခွဲနိုင်၊ မခွာရက်သဖြင့် လက်ထပ်သွားခြင်းမျိုး မဟုတ်သောကြောင့် ထူးဆန်းသည်ထင်၍ မေးကြည့်မိပါသည်။
‘‘ထရန်စဖာလေဗျာ ထရန်စဖာကို ရှောင်ဖို့ပညာ’’တဲ့။
အံ့သြဖို့ကောင်းလိုက်တာ။ သမီးရည်းစားရယ်၊ ဘာရယ်လည်း ပီပီပြင်ပြင် မဟုတ်သေးပါဘဲ နည်းနည်းချိတ်တိတ်တိတ်ကလေးဖြစ်ရုံနှင့် လက်ထပ်ဖို့ တိုင်ပင်ဆုံးဖြတ်လိုက်ကြသည်မှာ စရန်စဖာကြောင့်တဲ့။ သြော် ...Transfer ။

တက္ကသိုလ်လောကမှာက လင်မယားနှစ်ယောက်အနက် တစ်ယောက်က နယ်တွင်ရှိနေသမျှကာလပတ်လုံး ကျန်တစ်ယောက်သည် ရန်ကုန်၊ မန္တလေးမြို့ကြီးများရှိ တက္ကသိုလ်များကနေ မည်သည့်အရပ်ကိုမှ ရွှေ့ပြောင်းစရာမလိုကြ။ သည်စည်းမျဉ်းကို သိထားသူ မိတ်ဆွေက ပြောင်းရွှေ့ဖို့ရာ နီးလာသည်နှင့် လက်ထပ်ပွဲကို ဆင်နွှဲပစ်လိုက်ခြင်း ဖြစ်ပါသည်။ ထို့နောက် ဇနီးသည်ကို ရန်ကုန်နှင့် အနီးဆုံးဖြစ်သော ပဲခူး၊ မအူပင်၊ ဟင်္သာတ၊ ပုသိမ်၊ တောင်ငူ၊ ပြည် စသော မြို့များသို့ လျှောက်ခိုင်းလိုက်ပါသည်။ ကိုယ့်သဘောနှင့်ကိုယ် နယ်ကို ဆန္ဒပြုသည်ဆိုတော့လည်း လွယ်လွယ်ကလေးနှင့်ပဲ ရသည်ပေါ့။ ဤတွင် နယ်ရောက်သူ ဇနီးသည်က မည်သည့်အရပ်သို့မှ မရွှေ့ပြောင်းတော့ဘဲ ထိုနယ်၌ အထိုင်ချထားလိုက်ပါသည်။ ခင်ပွန်းဖြစ်သူကား ရန်ကုန်လို မြို့ကြီးပေါ်ကနေ တစ်ဖ၀ါးဆို တစ်ဖ၀ါးမှ ခွဲခွာစရာမလိုတော့ဘဲ မြို့ကြီးပေါ်၌ အရည်အချင်းရှိလျှင်ရှိသလို တစ်လဆယ်သိန်း၊ ဆယ့်ငါးသိန်း အေးအေးဆေးဆေး စုပေတော့။ တစ်ခါတစ်ခါ ကိုယ်က ဇနီးရှိရာဆီသို့ လိုက်သွား။ တစ်ခါတစ်ခါ ဇနီးသည်က ကိုယ့်ဆီလာ။ သုံးလေးငါးနှစ်ဆို တိုက်ခန်းကလေး၊ ကားကလေးတောင် ဖြစ်သွားနိုင်ပါရဲ့။
နယ်တက္ကသိုလ် တစ်ခုခုဆီသို့ ရောက်မသွားရလေအောင် ဟိုးအဝေးကြီးဆီသို့ လွင့်မသွားရလေအောင် မင်းနဲ့ကိုယ်နဲ့ လက်ထပ်ရအောင်ဆိုလား။

(လေး)

လူတွေ ဘာကြောင့်လက်ထပ်ကြသလဲ။ ဖိုနဲ့မ ဘာကြောင့်အတူတူနေဖို့ ကြိုးစားကြသလဲဆိုသည့် ကိစ္စများမှာ ဟိုတုန်းကတော့ တော်တော့ကိုပဲ ရိုးစင်းပါသည်။ ချစ်လို့၊ ကြိုက်လို့၊ မြတ်နိုးလို့၊ တွယ်တာလို့၊ သနားလို့၊ အားကိုးလို့၊ တပ်မက်လို့၊ အထင်ကြီးလို့ စသည်စသည်ဖြင့် ခေါင်းစဉ်ကွဲတွေက တစ်ခုခုတော့ ဖြစ်နိုင်ပါသည်။
အခု လူ့အဖွဲ့အစည်း ယန္တရားကြီးက ဆန်းပြားလာလိုက်တာ။ ဘွဲ့ရသည်အထိ အထောက်အပံ့ဖြစ်ဖို့ ပေါင်းသင်းကြတဲ့ အချိန်ပိုင်းအိမ်ထောင်တဲ့။ ယာယီအိမ်ထောင်တဲ့။ နှစ်ချုပ်အိမ်ထောင်တဲ့။ နိုင်ငံခြားထွက်ပြီး ပညာသင်နိုင်ဖို့ ပေါင်းဖက်တဲ့ ဟန်ဆောင်အိမ်ထောင်တဲ့။ နယ်ပြောင်းရမှာကိုကြောက်လို့ ကပျာကသီ တည်ဆောက်တဲ့ ဒရောသောပါး အိမ်ထောင်တဲ့။

‘‘ဃရာဝါသ၊ သမ္ဗာဓဟု ဒုက္ခဖွဲ့နှောင်၊ လူတို့ဘောင်ဝယ် အိမ်ထောင်သားမွေး၊ ခြနယ်မြှေး’’တဲ့ ။
ကိုးခန်းပျို့ဆရာ ရှင်မဟာရဋ္ဌသာရက အိမ်ထောင်ရေးဟာ ရှုပ်ထွေးပါတယ်တဲ့။ အိမ်ထောင်ရေးကမှ ရှုပ်ထွေးတာမဟုတ်။ အိမ်ထောင်ပြုပုံပြုနည်းကလည်း ရှုပ်ထွေးလိုက်တာ။ အခုဆို ပညာရေးနဲ့တောင်မှ ကြင်ရာအရေးက ထွေးယှက်လို့။ သြော် .. ဆန်းပြားတဲ့ ယန္တရားကြီးပါကလား။          ။

တပည့်ကောင်းကောင်း ရောင်းရန်ရှိသည်။

 
  မောင်သာချို
 
(တစ်)
ဘဝ၏အချိုးအကွေ့တစ်ခုအဖြစ် ဧရာဝတီမြစ်အနောက်ဘက်ကမ်းပါးပေါ်က ဟင်္သာတဆိုသော မြို့ကြီးတစ်မြို့မှာ ဆယ့်လေးနှစ်တိတိ ခိုနားကျင်လည်ခဲ့ရဖူးပါသည်။ စာပေကိုအခြေခံကာ မြို့ခံများနှင့် အထူးတလည် ခင်မင်ရင်းနှီးမိကြရာက ခင်ရာမင်ရာများ မကင်းရာမကင်းကြောင်းများ၏ သားသမီးများကို စာသင်ပေးခဲ့ရဖူးပါသည်။ ဆယ်တန်းကျောင်းသူ၊ ကျောင်းသားကလေးတွေပဲပေါ့။ တစ်ယောက်ချင်း နှစ်ယောက်ချင်း သင်ပေးရသည်က ပိုများပါသည်။ ကိုယ်သင်ပေးသည်ကပဲ အစပ်အဟပ်တည့်သွားလို့လား၊ ကလေးတွေကိုယ်တိုင်ကပဲ ထူးချွန်ထက်မြက်ကြလို့လားမသိ။ မြန်မာစာဂုဏ်ထူးရှင် တော်တော်များများကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပါသည်။
တစ်နှစ်၊ ဆယ်တန်းအောင်စာရင်းများ ထွက်ရှိပြီးနောက် ကျောင်းဖွင့်စရက်များနှင့် အချိန်ကိုက်ဆိုသလို မြန်မာစာသင်ရိုးကုန် အထူးထုတ်စာအုပ်တစ်အုပ်လည်း ထွက်ရှိ၍လာပါသည်။ နာမည်ကတော့ ထားလိုက်ပါတော့။ ယခုအခါ နာမည်ကျော်ဆရာတွေထဲက တစ်ယောက်ဟုဆိုလျှင် လုံလောက်ပါပြီ။
ကျွန်တော် စာအုပ်ကို ကောက်လှန်လိုက်တော့ စာအုပ်၏ရှေ့ပိုင်းစာမျက်နှာများတွင် ထုတ်ပြန်ပြီးခါစ စာမေးပွဲအောင်စာရင်းမှ ဟင်္သာတမြို့သား တပည့်ကလေး၏နာမည်နှင့် ခုံနံပါတ်ကိုပါ တွေ့လိုက်ရပါသည်။ မြန်မာစာအပါအဝင် ဘာသာစုံဂုဏ်ထူးရှင် တပည့်များ၏စာရင်းတဲ့။ ကျွန်တော် တော်တော့ကိုပဲ အံ့သြသွားပါသည်။ ဟင်္သာတတွင်နေ ဟင်္သာတတွင်ဖြေသော ကျွန်တော့်တပည့်က ဘယ့်နှယ်လုပ်ပြီး ရန်ကုန်ရှိ ထိုကျူရှင်ဆရာ၏ တပည့်ထူးစာရင်းထဲတွင် ဝင်သွားရပါလိမ့်။ သို့ဖြင့် လမ်းကြုံသောတစ်နေ့ တပည့်အိမ်ရောက်ခိုက် သည်အကြောင်းပြောဖြစ်တော့ တပည့်က ပြုံးနေပါသည်။ သူလည်း သိနှင့်ပြီးသားကိစ္စ။
ဆန်းတယ်ဆရာ...တဲ့။ ဘာတွေကများ ဆန်းနေရပြန်သည်မသိ။
(နှစ်)
သို့ဖြင့် ရန်ကုန်မြို့၌ကျင်လည်ရစဉ် တစ်ရက် ကျောင်းသူမကလေးတစ်ဦး၏ အိမ်သို့ရောက်သွားပါသည်။ စာသင်ဖို့မဟုတ်ပါ။ မိဘများနှင့် ခင်မင်ရင်းနှီးစွဲရှိကြပြီး လူမှုရေးကိစ္စ ပြောကြမြဲ၊ ဆိုကြမြဲ၊ တိုင်ပင်ကြမြဲ ပြုကြလေ့ရှိသဖြင့် ရောက်သွားခဲ့ခြင်း ဖြစ်ပါသည်။ ထုံးစံအတိုင်း ဆယ်တန်းစာမေးပွဲ အောင်စာရင်းတွေ ထုတ်ပြန်ပြီးစကာလ။
ထိုသမီးငယ်ကလေးက ပညာထူးချွန်ပါသည်။ မြန်မာစာအပါအဝင် ဂုဏ်ထူးတွေက ပုလဲသဖွယ်စီသွယ်၍နေပါသည်။ မိဘနှစ်ပါးက သာမန်ဝန်ထမ်းများ။ တိုင်းတိုင်းတိတိသုံးစွဲ၊ ကျစ်ကျစ်လျစ်လျစ် ရှင်သန်ကြရသည့်အနေအထား။
တစ်ရက် သူတို့၏အိမ်သို့ လူတစ်ယောက်ရောက်လာပါသည်။ နေထိုင်ရာလိပ်စာကို အဆင့်ဆင့် စုံစမ်းမေးမြန်းပြီးနောက် ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။ နာမည်အထင်အရှားရှိသူ မြန်မာစာကျူရှင်ဆရာတစ်ယောက်က လွှတ်လိုက်ခြင်းဖြစ်ပါသည်။ ထိုဆရာ၏ကျူရှင်က ဝန်ထမ်းတဲ့။
လာရင်းကိစ္စက စကားကိုခံသာအောင် တန်ဆာမဆင်ဘဲ လွှတ်ပြီးပြောချရသော် လူလာဝယ်ခြင်း။ ဟုတ်ပါသည်။ လူလာဝယ်ခြင်းပါ။ သမီးငယ်ကလေး၏ကျောင်းက နာမည်ကြီးကျောင်းဖြစ်၍ ယင်းမှတစ်ဆင့် ခြေရာခံကာ သမီးတို့ထံ ရောက်ရှိလာခဲ့ရခြင်းဖြစ်ကြောင်း၊ ဂုဏ်ထူးများစွာရရှိ၍ ဝမ်းသာကြောင်း၊ အထူးသဖြင့် မြန်မာစာဘာသာရပ်ကို ထွက်အောင်ဖြေနိုင်၍ ချီးကျူးကြောင်း၊ သမီးကို ဆရာကြီးက သူ၏တပည့်အဖြစ် စာနယ်ဇင်းပေါင်းစုံ၌ ကြော်ငြာရာတွင် ထည့်သွင်းကြော်ငြာလိုကြောင်း၊ ဆုချီးမြှင့်ပွဲလုပ်လျှင်လည်း တက်ရောက်စေလိုကြောင်း၊ ယင်းကိုလက်ခံလျှင် ငွေတစ်သိန်းပေးလိုပါကြောင်း၊ လက်ခံ၊ မခံ အမြန်ဆုံး အကြောင်းပြန်စေလိုကြောင်း စသည်စသည် စသည်။
‘‘ကျွန်မတို့က သူ့ကို တကယ်သင်ပေးတဲ့ ဆရာမကို အားနာတာပါ။ ဆရာမဆီသွားပြီးတော့ ရှင်းပြခွင့်ပန်ရတယ် ဆရာရယ်’’
မိခင်ဖြစ်သူက ကျွန်တော့်ကို သည်အတိုင်းပဲ ရင်ဖွင့်ပါသည်။ မျက်နှာမကောင်းပါ။ ကျွန်တော်က ဆရာမ မည်ကဲ့သို့ဆုံးဖြတ်သလဲ မေးရပါသည်။
‘‘ဆရာမက ကျွန်မတို့မိသားစု ကျပ်တည်းတာကို သိတယ်။ နားလည်တယ်။ ခြောက်ဘာသာလုံး နာမည်ခံပေးလို့ ခြောက်သိန်းရရင် ခံပေါ့ သမီးရဲ့တဲ့။ တစ်နှစ်စာ ကျောင်းစရိတ်ရရင် နည်းသလားတဲ့’’
 သြော်...တကယ်မသင်တဲ့လူက ထူးချွန်တဲ့တပည့်ကို ငွေတစ်သိန်းပေးပြီး ဒါကိုယ့်တပည့်ပေါ့ဟလို့လုပ်သော ဈေးကွက်။ တော်တော့ကို မျက်နှာပြောင်တိုက်ရသည့် စီးပွားရေး။
(သုံး)
ဈေးကွက်စီးပွားရေးခေတ်ကြီးထဲ၌ လူတွေဘာရောင်းရင်ကောင်းမလဲဟု တွက်ချက်ချိန်ဆကြရသောနေ့ရက်များအတွင်း ဝယ်ရောင်းစရာမရှိသူတချို့က ဂုဏ်သိက္ခာကို ချရောင်းကြသည်များ ရှိနေခဲ့ပြီဖြစ်ပါသည်။
စာဖတ်သူမှာ သားတို့၊ သမီးတို့များ ရှိနေလေသလား မပြောတတ်။ ထိုကလေးတွေက ပညာရေးမှာများ ထူးထူးချွန်ချွန်ရှိကြလေသလားမဆိုတတ်။ ရှိခဲ့သော် အလုပ်ဖြစ်နိုင်ပါသည်။ အခု ဘယ်ဈေးတွေပေါက်နေလေသလဲ မပြောတတ်။ ဝယ်မည့်သူကိုသာ ချိတ်ဆက်မိအောင် နားစွင့်ထားပေတော့။ ဒါမှမဟုတ်လည်း ခေါင်းရွက်ဗျပ်ထိုးပမာ လမ်းပေါ်ထွက်အော်ကြတာပေါ့။

တပည့်ကောင်းတွေ ရောင်းဖို့ပါတယ် ယူကြဦးမလား။       ။

Monday, 9 June 2014

"ငါးတန်းနှင့်ပြိုင် ဘယ်သူနိုင်"

(၁) ယခုအစီအစဉ်မှာပါဝင် ဖြေကြားဖို့ ဖိတ်ခေါ်ထားသူများကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် နိုင်ငံတော်သမ္မတဦးသိန်းစိန်တို့ ဖြစ်ပါသည်။
မေးခွန်းများကို ပထမဆုံး ဖြေကြားရမည့်သူကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပဲ ဖြစ်ပါသည်။ ဗိုလ်ချုပ်မှူးကြီးက ဒီမိုကရေစီဖော်ဆောင်ရေးမှာ တပ်မတော်က တစ်တပ်တစ်အား ပါဝင်နေသည်ဟု ပြောခဲ့ပြီး အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းများကို တပ်မတော်မှ ထောက်ခံပါသည်ဟု ပြောခဲ့သူလည်းဖြစ်ပါသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖြေကြားရမည့်  မေးခွန်းများကတော့ အောက်ပါအတိုင်းဖြစ်ပါသည်။
(၁)သုံးနှစ်ကြာ ဖြစ်ပွားခဲ့သည့် ကချင်စစ်ပွဲမှာ တပ်မတော်ဘက်က အကျအဆုံးအရေအတွက်ကို အတိအကျဖော်ပြပါ။
(၂) သုံးနှစ်ကြာဖြစ်ပွားခဲ့သည့် ကချင်စစ်ပွဲမှာ တပ်မတော်ဘက် က ကုန်ကျခဲ့သည့် စစ်စရိတ်ကို အတိအကျဖော်ပြပါ။
(၃) ကချင်စစ်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ အပစ်အခတ်ရပ်စဲရေးညွှန်ကြားမှုများက အောက်ခြေတပ်များအထိ ဘာကြောင့် မရောက်သလဲဆိုသည်ကို ဖြေကြားပါ။
မေးခွန်းများကို ဒုတိယဖြေ ကြားရမည့်သူကတော့ ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းဖြစ်ပါသည်။ သူရဦးရွှေမန်းကတော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ နောက်ကြောင်းပြန်လှည့်သူများကို ချေမှုန်းမည်ဟု ကတိပေးခဲ့သူဖြစ်ပြီး သတင်းမီဒီယာများမှာ မကြာခဏ ဖော်ပြခံနေရသူလည်းဖြစ်ပါသည်။ နာယကကြီးဖြေကြားရမည့် မေးခွန်းများကတော့ အောက်ပါအတိုင်းဖြစ်ပါသည်။
(၁) ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သုံးနှစ်ကြာဖြစ်ပွားနေသည့် ကချင်စစ်ပွဲနှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ လာရောက်ရှင်းပြဖို့ ဖိတ်ခေါ်မည့်နေ့ရက်နှင့် အချိန်ကို ဖြေကြားပါ။
(၂) ကချင်စစ်ပွဲမှာ တပ်မတော်ဘက်က ကျဆုံးခဲ့သည့် အရေအတွက်နှင့် စစ်စရိတ်ကို အများပြည်သူသိရှိနိုင်အောင် စုံစမ်းရေး ကော်မရှင်ဖွဲ့မည့်အချိန်ကို ဖြေကြားပါ။
(၃) ပြည်သူကို ကိုယ်စားပြုသည်ဆိုသည့် လွှတ်တော်ကိုယ်စားလှယ်များက ကချင်စစ်ပွဲနှင့်ပတ်သက်ပြီး ဘာကြောင့် လုံလောက်သည့်မေးခွန်းများ မထုတ်ခဲ့ကြသလဲဆိုသည်ကို ဖြေကြားပါ။
တတိယနှင့် နောက်ဆုံးဖြေကြားရမည့်သူကတော့ နိုင်ငံတော်သမ္မတဦးသိန်းစိန်ဖြစ်ပါသည်။ သမ္မတကြီးကတော့ ‘‘သန့်ရှင်းသောစီမံအုပ်ချုပ်မှု’’နှင့် ‘‘ပွင့်လင်းမြင်သာမှုရှိရေး’’တို့ကို ထုတ်ဖော်ပြောကြားလေ့ရှိသူဖြစ်ပါသည်။ သမ္မတကြီးဖြေကြားရမည့် မေးခွန်းများက အောက်ပါအတိုင်း ဖြစ်ပါသည်။
(၁) ထိုးစစ်များရပ်တန့်ဖို့ ညွှန်ကြားချက်များရှိနေသည့်ကြားက ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မှုများ ဘာကြောင့် ဆက်ဖြစ်နေသည်ကို ဖြေကြားပါ။
(၂) ကချင်မှာဖြစ်ပွားနေသည့် စစ်စရိတ်က နိုင်ငံသားတစ်ဦးချင်းစီအတွက် မည်မျှကုန်ကျနေသည်ကို တွက်ချက်ပြပါ။
(၃) သုံးနှစ်ကြာ ကချင်စစ်ပွဲနှင့် ပတ်သက်ပြီး ပြည်သူများကို အသေးစိတ်ရှင်းလင်းတင်ပြသည့် မိန့်ခွန်းကို ပြောကြားမည့်နေ့ရက် နှင့် အချိန်ကိုဖြေပါ။
နောက်တစ်ကြိမ် အခွင့်ရလျှင် ‘‘ငါးတန်းနှင့်ပြိုင် ဘယ်သူနိုင်’’ အစီအစဉ်မှာ ကေအိုင်အို၊ ကေအိုင်အေခေါင်းဆောင်များကိုလည်း အလားတူ ဖိတ်ခေါ်မေးခွန်း ထုတ်ရမှာဖြစ်ပါသည်။


(၂)
စာဖတ်သူ ယခုဆောင်းပါးကို ဖတ်နေချိန်တွင် ကချင်စစ်ပွဲ သုံးနှစ်ပြည့်ပြီဖြစ်ပါသည်။
တိတိကျကျပြောရလျှင် ယခုဇွန်လ ၉ ရက်မှာ ရက်ပေါင်း ၁,၀၉၅ ရက် ရှိခဲ့ပါပြီ။ သုံးနှစ်အတွင်းမှာ တိုက်ပွဲပေါင်း ၂,၅၀၀ ခန့်ဖြစ်ပွားခဲ့သည်ဟု အချို့ခန့်မှန်းကြသည်။ ထိုခန့်မှန်းချက်မှန်ကန်လျှင် တစ်ရက်ကို ပျမ်းမျှ တိုက်ပွဲ နှစ်ပွဲကျော်ကျော်ဖြစ်ပွားနေသည်ဟု ဆိုရမည်။ သုံးနှစ်အတွင်း စစ်ဘေးဒုက္ခသည် တစ်သိန်းနီးနီးခန့်လည်း စစ်ပြေး တိမ်းရှောင်ခဲ့ကြရသည်ဟု နိုင်ငံတကာအဖွဲ့အစည်းများက ခန့်မှန်းခဲ့ကြသည်။
နိုင်ငံအတွင်းမှာ သုံးနှစ်ကြာ တိုက်ခိုက်နေသည့် စစ်ပွဲနှင့်ပတ်သက်ပြီး တပ်မတော်က ပြည်သူများကို ရှင်းလင်းထုတ်ပြန်ချက် မပြုလုပ်ခဲ့ပါ။ တပ်မတော်သားများ၏ အမိအဖများဖြစ်သည့် ပြည်သူများကို တပ်သားမည်မျှ ကျဆုံးခဲ့ပြီဆိုတာကို မထုတ်ပြန်ခဲ့ပါ။ ပြည်သူများ၏ ‘‘သိပိုင်ခွင့်’’ကို လေးစားမှုလုံးဝမရှိခဲ့ပါ။ သတင်းမီဒီယာများကို သတင်းအချက်အလက်မပေးခဲ့ပါ။
လွှတ်တော်ကိုယ်စားလှယ်များကလည်း ပြည်သူများကို ကိုယ်စားပြုပြီး မေးခွန်းထုတ်ကြဖို့ တာဝန်ပျက်ကွက်ခဲ့ကြပါသည်။ ပြည်သူတို့၏ သိရှိပိုင်ခွင့်နှင့် စစ်ဆေးပိုင်ခွင့်ကို လေးစားမှု မရှိခဲ့ကြပါ။
နှစ်ဖက်စလုံး၏ အကျအဆုံး သည် နိုင်ငံတစ်ခုလုံး၏ အကျအဆုံးဖြစ်ပါသည်။ အလားတူ နှစ်ဖက်စလုံး၏ ကုန်ကျစရိတ်သည်လည်း နိုင်ငံတစ်ခုလုံး၏ ကုန်ကျစရိတ်ဖြစ်ပါသည်။ ကျဆုံးသွားကြသူများနှင့် စစ်ကုန်ကျစရိတ်များအပြင် အခြားကြီးမားသည့် ဆုံးရှုံးမှုကြီးတစ်ခုရှိပါသည်။ တိုင်းရင်းသားအချင်းချင်းကြားမှာ ပေါ်ပေါက်လာသည့် ‘‘အမုန်းတရား’’ဖြစ်သည်။ ငွေကြေး၊ အချိန်ကာလတို့နှင့် ပြန်လည်ဝယ်ယူ၍မရနိုင်သည့် ဆုံးရှုံးမှုဖြစ်သည်။
နိုင်ငံရေးအပြောင်းအလဲ၏ အကျိုးဆက်များကို ရန်ကုန်နှင့် နေပြည်တော်မြို့ကြီးများမှာ ကွန်ဖရင့်ကြီးများ၊ အခမ်းအနား အကြီးအကျယ်များဖြင့် ကျင်းပနေကြချိန်မှာ နေအိမ်များကိုစွန့်ခွာပြီး စစ်တိမ်းရှောင်နေကြရသည့် ကချင်ပြည်သူများကို လွှတ်တော်ကိုယ်စားလှယ်များ မေ့လျော့နေ၍မဖြစ်ပါ။
တာဝန်ရှိသူများက အမှန်တရားကို ရဲရဲဝံ့ဝံ့မျက်နှာချင်းဆိုင်ဖို့ အချိန်ရောက်လာခဲ့ပါပြီ။
ပြင်သစ်တွေးခေါ်ပညာရှင် ဗော်လ်တိုင်းယားက အခုလိုပြောခဲ့သည်။
‘‘လူမသတ်ဖို့တားမြစ်ထားတယ်။ ဒါကြောင့် လူသတ်သမားတွေ အပြစ်ပေးခံကြရတယ်။ ခရာတွေမှုတ်ပြီး အစုလိုက် အပြုံလိုက် လူသတ်ကြသူတွေကလွဲရင်ပေါ့’’

ရဲမိုး

မန္တလေးနန်းတွင်းကို ဘယ်သူပိုင်သလဲ????

               မန္တလေးနန်းတွင်း တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ - နေလင်းအောင်)
 
 
မြန်မာဘုရင် နောက်ဆုံးစိုးစံခဲ့တဲ့ မန္တလေးနန်းမြို့တွင်းကို အသက် (၂၀) ၀န်းကျင်ရှိ မန္တလေးမြို့ခံလူငယ်အများစု မရောက်ဖူးဘူးလို့ ပြောလာရင် စာဖတ်သူတို့မအံ့သြပါနှင့်။ အသက်(၂၀)ကျော်နှင့် (၄၀)ကြား လူလတ်ပိုင်း အများစုသည်ပင်လျှင် နှစ်ပေါင်း၁၅၀ ကျော် သက်တမ်းရှိ နန်းမြို့တွင်း ကို မရောက်ဖူးကြတော့ပေ။
နန်းတွင်းအပြင်ဘက်ကသာ နီစွေးစွေး အုတ်မြို့ရိုးကို ဖြတ်သွားဖြတ်လာ မြင်ဖူးကြပါသည်။ လူငယ်အချို့ကို တစ်မိုင်ခွဲခန့် အ ကျယ်ရှိ နန်းတွင်းထဲတွင် ဘာရှိ သလဲဟု မေးခွန်းထုတ်ကြည့် သောအခါ စစ်တပ်တွေရှိသည် ဟု ဖြေကြသည်။ 
 
မြို့ခံလူငယ်အများစုသည် နန်းတွင်းထဲတွင် မြန်မာဘုရင်နှစ်ပါး နန်းစံခဲ့သည့် မြနန်းစံကျော်ရွှေ နန်းတော် အပါအ၀င် ကုန်း ဘောင်ခေတ် မြန်မာ့ယဉ်ကျေးမှု လက်ရာအဆောက်အအုံများ၊ ဇာတိသွေး ဇာတိမာန်တက်ကြွ စေမည့် အငွေ့အသက်များ ထုံ မွမ်းနေသည့် နေရာများရှိနေသည် ကို မသိရှိကြတော့ပြီ ။ မရောက်ဖူးကြခြင်းသည် မသွားရောက် ကြခြင်းကြောင့် မဟုတ်ပါ။ နန်းတွင်းထဲတွင် အခိုင်အမာ တပ်စွဲ ထားသော စစ်တပ်က အတွင်း သို့ဝင်ရောက်လာကြကုန်သော အများပြည်သူကို လုံခြုံရေး အ ကြောင်းပြပြီး အလွယ်တကူ ၀င်ခွင့်မပေးသောကြောင့် ဖြစ်သည်။သမိုင်းဝင်ရှေးဟောင်း နန်းတွင်း၏ လုံခြုံရေးတော့ မဟုတ်တန် ကောင်းချေ။

အမှန်တကယ်တော့ နန်း တွင်းထဲတွင် စစ်တပ်တပ်စွဲထား ခြင်းသည် ယခုမှမဟုတ်ပါ။ မန္တလေးရတနာပုံ နေပြည်တော်နယ်ချဲ့လက်အောက်ရောက်ရှိခဲ့သည့်လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာကျော်ကတည်းက အင်္ဂလိပ် စစ်တပ်များ မြို့နေလူထု လုံခြုံရေးထက် သူတို့လုံခြုံရေးကို ကာကွယ်သည့်အနေဖြင့် တပ်စွဲ နေရာယူခဲ့သည်။ ထိုအချိန်ကစပြီး လွတ်လပ်ရေးရပြီးခေတ်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၊ န၀တ၊ နအဖ ခေတ်မှသည် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ယနေ့အချိန်ထိ အုပ်ချုပ်သူ အစိုးရ  အမျိုးမျိုးပြောင်းလဲသွားသော်လည်း စစ်တပ်တပ်စွဲထားခြင်းကတော့ ပြောင်းလဲမသွားခဲ့ပေ။ ထို့ကြောင့် မင်းနေပြည်တော်ဖြစ်ခဲ့ဖူးသည့်  နန်းမြို့တွင်းသည် အများပြည်သူပိုင်သည့် နေရာမဟုတ်ဘဲ စစ်တပ်ပိုင်သည့် နေရာဟု ပြောရပေတော့မည်။

မြနန်းစံကျော် ရွှေနန်းတော် တည်ရှိရာ နန်းတွင်းထဲကို ၀င် ရောက်နိုင်သည့် အဓိက၀င်ပေါက် လေးခုရှိသည်။ နန်းမြို့ရိုး၏အရှေ့၊ အနောက်၊ တောင်၊ မြောက်တို့ရှိ ၀င်ပေါက်တို့ဖြစ် သည်။ အနှီဝင်ပေါက်လေးခုရှိ သော်လည်း နန်းတွင်းသို့ ၀င် ရောက်လေ့လာလိုပါက အများ ပြည်သူအတွက် အရှေ့ဝင်ပေါက် တစ်ခုတည်းကသာ ၀င်ရောက်ရန် ခွင့်ပြုထားသည်။ ကျန်သုံးပေါက် ကနေ ၀င်ရောက်ခွင့်မပြုပေ။

ခွင့်ပြုပေးထားသည့် အ ပေါက်သည်လည်း လွတ်လွတ် လပ်လပ် ၀င်ခွင့်ထွက်ခွင့်ရသည် တော့မဟုတ်ပါ။ ၀င်ခွင့်ရရန် မှတ် ပုံတင် (သို့မဟုတ်)ယာဉ်မောင်း လိုင်စင်ကတ်ပြား တစ်ခုခုတော့ လို အပ်ပါသည်။ ပါလာသည့် ကတ် ပြားကို ၀င်ပေါက်က အစောင့်တဲ ၌ ပြသထားရစ်ခဲ့ကာ မှတ်ပုံတင် ရသည်။ ဘယ်သွားမည်၊ ဘယ်သူ့ ဆီသွားမည် စသည်တွေကို အ စောင့်စစ်သားအား ဖြေဆိုရသေး သည်။ နန်းတော်တွင်းသို့ ဆိုင် ကယ်၊ စက်ဘီးဖြင့် စီးနင်းဝင် ရောက်ခွင့်မပြု။ ဆိုင်ကယ်၊ စက်ဘီးစီးသူ ပြည်သူအားလုံး အ၀င် ပေါက်တွင် ဆင်းတွန်းကြရပြီး သတ်မှတ်နေရာ ရောက်မှသာ စီးနင်းခွင့်ပြုပါသည်။ ကတ်ပြား တစ်ခုခု မပါရှိပါက နန်းတွင်းသို့ ၀င်ခွင့်ရရန် မလွယ်ဘဲ လာရာ လမ်းသို့သာ ပြန်ရပေမည်။

မန္တလေးသူ၊ မန္တလေးသား တို့ အပါအ၀င် မန္တလေးသို့လာ ရောက်ကြကုန်သူတို့သည် ၀င် ထွက်ခွင့် အတားအဆီး အချို့ ကြောင့် စစ်တိုင်းမှူးအဆက်ဆက် စံမြန်းရာ နန်းတွင်းသို့ မ၀င် ရောက်ဖြစ်ကြတော့ပေ။ ထိုသို့ ဖြင့်ခံ့ခံ့ညားညား ၀ံ့ဝံ့စားစား တည်ရှိနေသော နန်းတော်တွင်းသည် အများပြည်သူ အထူးသဖြင့် ယနေ့ခေတ်လူငယ်အများစုနှင့် အလှမ်းဝေးကွာ လာလေတော့ သည်။
စစ်အစိုးရ ဘုန်းမီးနေလ တောက်ပသည့် ကာလလွန်မြောက် ပြီး နောက်ပိုင်း လက်ရှိအစိုးရ လက်ထက်အစပိုင်းတွင် နန်းမြို့ တွင်းသို့ အလွယ်တကူ ၀င်ရောက် လေ့လာခွင့်ရကြတော့မည်ဟု မန္တလေးမြို့ခံတွေ မျှော်လင့်ခဲ့ကြ သေးသည်။ အရပ်သားအစိုးရဟု ဆိုသောကြောင့် အထက်ပါအ တိုင်း မျှော်လင့်ခဲ့ကြခြင်းဖြစ်ပါ သည်။ သို့သော် အချည်းနှီးဖြစ်ခဲ့ သည်။ စစ်တပ်က တပ်စွဲမြဲစွဲဆဲ၊ ၀င်ထွက်ရခက်ဆဲပင် ဖြစ်သည်။

၂၀၁၃ ခုနှစ်အတွင်း မျှော် လင့်ချက်ရောင်ခြည် ထပ်မံထွက် ပေါ်လာပြန်သည်။ ပြည်ထောင်စု အစိုးရက စီမံခန့်ခွဲသော နန်းတွင်း ကို မန္တလေးတိုင်း အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုအောက်သို့ လွှဲပြောင်း ပေးခဲ့သည်။ နန်းတွင်းရှိ ရွှေနန်း တော်တစ်ဝိုက်ကို ရှေးဟောင်း ယဉ်ကျေးမှုဇုန်အဖြစ် အကောင် အထည်ဖော်မည်။ အများပြည်သူဝင်ရောက်လေ့လာခွင့်ရရန်၊ ကမ္ဘာလှည့်ခရီးသည်များ ဆွဲဆောင်စရာ နေရာဖြစ်လာရန်၊ ပြုလုပ်မည်ဟု မီဒီယာများတွင် ဖော်ပြခဲ့သည်ကို တွေ့ရပြန်သည်။ သို့သော် ရက်တွေ၊ လတွေသာ ကုန်ဆုံးလာခဲ့သော်လည်း နန်းတော်တွင်းသို့ လွတ်လပ်စွာ ၀င်ထွက်ခွင့်ကား ယခုအချိန်ထိ မရရှိသေးပေ။

ယနေ့ခေတ် လူငယ်၊ လူရွယ်များ သမိုင်းကို စိတ်ဝင်တစား လေ့ လာခွင့်ရရန်၊  ယဉ်ကျေးမှုအမွေ နှစ်များကို သိရှိတန်ဖိုးထားရန်၊ ရှေးဟောင်းဇုန်အဖြစ် သတ်မှတ် ပြီး ကမ္ဘာလှည့်ခရီးသွားများကို ဆွဲ ဆောင်ရန်အတွက် မန္တလေးတိုင်း အစိုးရအဖွဲ့အနေဖြင့် အမြန်ဆုံးအကောင်အထည်ဖော် ဖန်တီးသင့်နေပြီ ဖြစ်သည်။
နန်းတော်တွင်းရှိ စစ်တပ် သည်လည်း ခေတ်တွေပြောင်းလဲ လာပြီဖြစ်သောကြောင့် မြို့လယ် ကောင်မှာ အခံ့သား နေရာမယူ သင့်တော့ပေ။ ယခုလို နေရာယူ ထားခြင်းသည် မြို့လူထုက စစ် တပ်ကို လုံခြုံအောင် အကာအကွယ်ပေးထားသလိုဖြစ်နေသည်။ အမှန်တကယ်ကား စစ်တပ်က မြို့လူထုကို လုံခြုံအောင် အကာအကွယ်ပေးရမည် ဖြစ်သည်။ မြို့လူထုသည် စစ်တပ်ကို လုံခြုံ အောင် အကာအကွယ်ပေးထား ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာ မြင့်ခဲ့ပြီ ဖြစ်သည်။ ယနေ့ခေတ် အခြေအနေအရ မန္တလေးမြို့ခံ ပြည်သူတို့ လုံခြုံစိတ်ချစွာ နေ ထိုင်စားသောက်ရန် မြို့ပြင် မဟာဗျူဟာကျသည့်နေရာတွင် တပ်စွဲ ကာ စောင့်ရှောက်ဖို့ အချိန်တန် ပြီ ဖြစ်သည်။

လက်ရှိ တိုင်းဒေသကြီး အစိုးရသက်တမ်းသည် တစ်နှစ်ကျော်သာ ကျန်တော့သည်။ လက်ကျန်ကာလအတွင်း အများပြည်သူတို့ နန်းတော်တွင်း အလွယ်တကူ ၀င်ထွက်ခွင့်ရရှိရန် အမြန်ဆုံးဆောင်ရွက်ဖို့လိုပြီဖြစ်သည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မန္တလေးတိုင်းအစိုးရနှင့် စစ်တပ်သည် မြို့မေတ္တာခံယူခွင့်ရပေမည်။ ထိုသို့ မဟုတ်လျှင်ဖြင့် ...။
                                                                         
                                                                            (မောင်ဥာဏ)
 

Tuesday, 3 June 2014

မျောလွင့်သွားတဲ့ "ရိုးသားဖြောင့်မတ်ခြင်း


"တော်ထက်"တဲ့လူတစ်ယောက်က "ရိုးသားဖြောင့်မတ်ခြင်း"ကို ရေထဲလွှတ်ချစွန့်ပစ်ခဲ့တယ်။ "ရိုးသားဖြောင့်မတ်ခြင်း"ဟာ ကူးရင်းခတ်ရင်း ကျွန်းငယ်လေးတစ်ခုပေါ် ရောက်လာခဲ့တယ်။ "ရိုးသားဖြောင့်မတ်ခြင်း"ဟာ သဲသောင်ပြင်မှာအနားယူရင်း တစ်ယောက်ယောက်လာရင် အကူအညီတောင်းဖို့ စောင့်နေခဲ့တယ်။
တအောင့်ကြာတော့ အဝေးကနေ သီချင်းသံတစ်သံလွှင့်လာတာကို သူကြားလိုက်မိတယ်။ သူချက်ချင်းထရပ်ပြီး အသံလာရာဆီကြည့်လိုက်တော့ လှေငယ်လေးတစ်စီး သူ့ဘက်ကိုဦးတည်ပြီး လှော်ခတ်လာတာကို တွေ့လိုက်တယ်။ လှေရဲ့အလံပေါ်မှာ "ပျော်ရွှင်ခြင်း"လို့ ရေးထားတာကို တွေ့တော့ "ရိုးသားဖြောင့်မတ်ခြင်း" က လှမ်းအော်တယ်။
"ပျော်ရွှင်ခြင်းရေ... ပျော်ရွှင်ခြင်းရေ.. ငါ ရိုးဖြောင့်ခြင်းပါ။ ငါ့ကို လှေကြုံစီးခွင့်ပြုပါ"
"ရိုးဖြောင့်ခြင်း" အကူအညီတောင်းတာကို "ပျော်ရွှင်ခြင်း"ကကြားတော့ ရယ်ပြီး ...
"ဟား.. ဘယ်ဖြစ်မလဲ၊ ရိုးသားဖြောင့်မတ်ခြင်းရှိရင် ငါဘယ်ပျော်တော့မလဲ။ ဒီလောကမှာ ကြည့်စမ်း.. အမှန်တရားတွေပြောလို့ မပျော်ရွှင်ရတဲ့လူတွေ အများကြီး။ ဆောရီးပဲ.. နင့်ကိုငါ မကယ်နိုင်ဘူး"
ပြောပြောဆိုဆို "ပျော်ရွှင်ခြင်း"ထွက်သွားခဲ့တယ်။ ပျော်ရွှင်ခြင်းထွက်သွားတော့ "နေရာ"ဆိုသူရောက်လာပြန်တယ်။ နေရာကိုတွေ့တော့ ရိုးဖြောင့်ခြင်းက
"နေရာ.. နေရာ.. ငါ ရိုးဖြောင့်ခြင်းပါ။ ငါ့ကို နင့်လှေနဲ့အတူ ကမ်းကပ်ခွင့်ပေးပါ" လို့တောင်းဆိုပြန်တယ်။
နေရာက လှေကို အဝေးကြီးလှော်သွားပြီး... "မဖြစ်ဘူး.. မဖြစ်ဘူး.. နင့်ကို ငါ့လှေပေါ်မတင်နိုင်ဘူး။ အခုလို ငါ့နေရာရဖို့ မလွယ်ခဲ့ဘူး။ နင့်ကိုသာခေါ်သွားရင် ငါ့နေရာတောင် ငါထိန်းထားနိုင်မှာ မဟုတ်ဘူး" လို့ဆိုခဲ့တယ်။
ရိုးဖြောင့်ခြင်းဟာ စိတ်ပျက်လက်ပျက်နဲ့ နေရာရဲ့နောက်ကျောကို ငေးကြည့်နေခဲ့တယ်။ သူ့ရဲ့အကြည့်မှာလည်း နားမလည်မှု၊ တွေဝေမှုတွေ ရောယှက်နေခဲ့တယ်။ ဒီလိုနဲ့ သူဆက်စောင့်နေခဲ့တယ်။
တအောင့်ကြာတော့ စည်းချက်မညီတဲ့အသံနဲ့အတူ "ယှဉ်ပြိုင်ခြင်း" ရောက်လာခဲ့တယ်။ ရိုးဖြောင့်ခြင်းက ဝမ်းသာအားရ ခေါ်တယ်။
"ယှဉ်ပြိုင်ခြင်းရေ.. ယှဉ်ပြိုင်ခြင်း.. နင့်လှေနဲ့အတူ ငါလိုက်ခဲ့လို့ရမလား"
"မင်း ဘယ်သူလဲ။ မင်းကငါတို့အတွက် ဘယ်လောက်အကျိုးအမြတ်ပေးနိုင်မှာလဲ"လို့ ယှဉ်ပြိုင်ခြင်းက ပြန်မေးတယ်။
ရိုးဖြောင့်ခြင်းက သူဘယ်သူလဲဆိုတာကို မပြောချင်ဘူး။ ပြောလိုက်ရင် လှေနဲ့မခေါ်သွားမှာလဲစိုးတယ်။ ဒါပေမယ့် ရိုးဖြောင့်ခြင်းက ရိုးဖြောင့်ခြင်းပါပဲ။ နောက်တော့လဲ "ကျွန်တော်က ရိုးဖြောင့်ခြင်းပါ"လို့ သူပြောလိုက်တယ်။
"အော်.. မင်းက ရိုးဖြောင့်ခြင်းကို.. မင်းက ငါ့ကိုသက်သက်ဒုက္ခပေးတာနဲ့ တူမနေဘူးလားကွ။ ယှဉ်ပြိုင်ခြင်းတွေ ဒီလောက်များနေတဲ့အချိန် ငါတို့ရဲ့ မရိုးသားတဲ့ယှဉ်ပြိုင်မှုမှာ မင်းပါလာလို့ ဘယ်ဖြစ်မလဲ"
ပြောပြောဆိုဆို ယှဉ်ပြိုင်ခြင်း ထွက်သွားခဲ့တယ်။ ရိုးဖြောင့်ခြင်းက မျှော်လင့်ချက်မဲ့ရင်း မဲ့နေချိန်မှာ အဝေးကနေ အသံတစ်သံကိုကြားလိုက်တယ်။
"လူလေး.. လာ လှေပေါ်တက်ပါ"
ဆံပင်ဖြူဖြူဖွေးဖွေး အဘိုးအိုတစ်ဦးက သူ့ကိုလှမ်းခေါ်လိုက်တယ်။
"အဘိုးက အချိန်ပါ"
"ဘာဖြစ်လို့ ကျွန်တော့်ကို ကယ်ရတာလဲ"
"ရိုးသားဖြောင့်မတ်ခြင်းဟာ ဘယ်လောက်အရေးပါတယ်ဆိုတာ အချိန်ကပဲ သိလို့ပါ"
အပြန်လမ်းမှာ လှေမှောက်နေတဲ့ ပျော်ရွှင်ခြင်း၊ နေရာနဲ့ ယှဉ်ပြိုင်ခြင်းကိုတွေ့တော့ အဘိုးအိုက သက်ပြင်းရှည်ကြီးချပြီး
"အင်း........ ရိုးသားဖြောင့်မတ်ခြင်းမရှိရင် ပျော်ရွှင်ခြင်းကလည်း ကြာရှည်မတည်မြဲဘူး။ နေရာလည်း မမြဲဘူး။ ယှဉ်ပြိုင်ခြင်းလည်း ကျရှုံးမှာပဲ"လို့ ဆိုခဲ့တယ်။
(နိုင်းနိုင်းစနေ )

Saturday, 31 May 2014

သေနတ်တစ်လက်ကိုင်ပြီး လူထုဘက်ကရပ်သတဲ့

(တစ်)
အရှေ့တောင်အာရှမှာ ဒီမိုကရေစီ လမ်း ကြောင်းပေါ်ကိုတက်သွားကြတဲ့ နိုင်ငံတွေထဲမှာ ဖိလစ်ပိုင်ဟာ တော်တော်ကလေး စောသဗျ။ တေးထားမှတ်ထားတဲ့ စာရွက်ကလေးတွေ ပြန်ကြည့်တော့ အခုလိုတွေ့ပါတယ်။
ဖိလစ်ပိုင် (၁၉၈၆)
တောင်ကိုရီးယား (၁၉၈၇)
တိုင်ပေ (၁၉၈၇)
မွန်ဂိုလီးယား (၁၉၉၀)
ကမ္ဘောဒီးယား (၁၉၉၁)
ထိုင်း (၁၉၉၂)
အင်ဒိုနီးရှား (၁၉၉၉) တဲ့။
ဒီအမှတ်အသားအတိုင်းဆို ရင်ဖြင့် ဖိလစ်ပိုင်ဟာ တော်တော် စောတဲ့ နိုင်ငံတစ်ခုပဲပေါ့။
ဖိလစ်ပိုင်ကိုကြည့်တဲ့အခါ အနှစ် ၂၀ လောက်ဟာ အမှောင် ကြီးပါ။ ၁၉၆၅ ကနေ ၁၉၈၆ အထိ။ အုပ်စိုးသူ အာဏာရှင်က ဖာဒီနန်မားကို့စ် (Ferdinand Marcos)။ အမေရိကန်ဒေါ်လာ ၅ ဘီလီယံချမ်းသာတယ်ဆိုတဲ့ မား  ကို့စ်။ ဇနီးသည် အီမယ်ဒါမားကို့စ် ဆီမှာ လေဒီရှူးအရန် ၂,၇၀၀ ရှိ တယ်ဆိုတဲ့ မားကို့စ်။ အတိုက် အခံသုံးသောင်းကျော်ကို သတ် ပစ်တယ်ဆိုတဲ့ မားကို့စ်။ အတိုက် အခံခေါင်းဆောင်တစ်ယောက် ဖြစ်သူ ဘီနင်နိုအကွီနို (Benigno Aquino)ကို ၁၉၇၂ ကနေ ၁၉၈၀ အထိ ထောင်ထဲထည့်ထားရုံသာ မက အမေရိကန်ကနေ ဆေးကု ပြီးပြန်အလာ မနီလာလေဆိပ်မှာ တွင် ပစ်သတ်စေခဲ့တဲ့ မားကို့စ် (၂၁-၈-၈၃)။ မတတ်သာလို့ ၁၉၈၆ ဖေဖော်ဝါရီ ၇ မှာ ရွေး ကောက်ပွဲလုပ်ပေးလိုက်တဲ့အခါ သူသတ်ပစ်ခဲ့သူရဲ့ဇနီး ကိုရာဇန် အကွီနို (Corazan Aquino) အနိုင်ရတာကို လက်မခံဘဲ သူသာရရှိကြောင်း ဇွတ်ကြေညာခဲ့သူမားကို့စ်။
အဲသည့်အချိန်မှာ အကြီး ကျယ်ဆုံးတိုက်ပွဲနဲ့ တိုးခဲ့ရသူက စစ်တပ်အကြီးအကဲ ရာမို့စ် (Ramos) ပါ။
(နှစ်)
ရာမို့စ်ဟာ အာဏာရှင် မားကို့စ်ခေတ်ရဲ့ လက်နက်ကိုင် တပ်များ အကြီးအကဲပါ။ ရှင်း ရှင်းပြောရရင် ကာကွယ်ရေးဦးစီး ချုပ်လို့ပဲ ဆိုကြပါစို့။
သူမနိုင်ဘဲနဲ့ ရွေးကောက်ပွဲ မှာ အနိုင်ရတာဟာ သူပါပဲလို့ အာဏာရှင်မားကို့စ်က ကြေညာ ချလိုက်တဲ့အခါ ထုံးစံအတိုင်း လူ ထုက လမ်းပေါ်ထွက်ချလာတော့ တာပါပဲ။ မနီလာမြို့တော်မှာ လူ ငါးသိန်းတဲ့ခင်ဗျ။ အာဏာရှင် စနစ်အလိုမရှိ။ ဒီမိုကရေစီရရှိရေး ဒို့အရေး။ လက်နက်ကိုင်ဝါဒကျ ဆုံးပါစေ စသည်စသည်။
ရာမို့စ်အကြီးကျယ်ဆုံးတိုက် ပွဲနဲ့ ကြုံရပါပြီ။ အဇ္ဈတ္တတိုက်ပွဲ။ ဘယ်ဘက်က ရပ်မလဲဆိုတဲ့ ပြဿနာ။ နိုင်ငံတော်ရဲ့ သယံဇာတ၊ ဓနဥစ္စာစည်းစိမ်ချမ်းသာတွေကို သူနဲ့ သူ့လူတစ်စုတို့အကျိုးစီးပွားအတွက်သာ လုပ်ဆောင်နေတဲ့ အာဏာရှင်မားကို့စ်ဘက်က ရပ်တည်မလား၊ ကျောက်စရစ် တောခေါင်ခေါင်မှာ အတောင် ကျွတ်တဲ့ကြိုးကြာ ရေရှာမရသလို ဖြစ်နေတဲ့ ပြည်သူလူထုဘက်က ရပ်တည်မလား။ အဲသည့်တိုက်ပွဲပါ။ တိုင်းပြည်ရဲ့ အနာဂတ်အတွက် အမြော်အမြင်နဲ့ဆိုင်တဲ့ တိုက်ပွဲ။ လက်နက်ကိုင် တစ်ယောက်ရဲ့ ဉာဏ်ခံဘယ်လောက် ကြီး၊ မကြီးဆုံးဖြတ်ရတဲ့တိုက်ပွဲ။
တစ်ကမ္ဘာလုံးအံ့ဩသွားခဲ့ရ တယ်ခင်ဗျ။ အာဏာရှင်နိုင်ငံရဲ့ စစ်တပ်အကြီးအကဲက လူထု ဘက်ကနေ ရပ်တည်လိုက်ပါလေ သတဲ့။ ဖီဒယ်လ်ရာမို့စ် (Fidel Valdez Ramos)။
(သုံး)
ရာမို့စ်က United States Military Academy ကနေ ကျောင်းဆင်းတဲ့သူပါ။ အမေရိ ကန် စစ်ကျောင်းဆင်းလို့ဆိုပါ တော့။ မြို့ပြဆိုင်ရာ အင်ဂျင်နီ ယာ မဟာဘွဲ့ကိုရတာကလည်း အမေရိကန်ကပါပဲ။ University of illinois တက္ကသိုလ်တဲ့။
အမျိုးသား ကာကွယ်ရေး စီမံခန့်ခွဲမှုဘွဲ့ကိုတော့ ဖိလစ်ပိုင် ကနေပဲ ယူပါတယ်။ National Defense College of the Phili-ppines တဲ့။ MBA ဘွဲ့ကိုတော့ Manila University ကနေပဲ ယူပါ တယ်။ ဖိလစ်ပိုင်တက္ကသိုလ်ပါပဲ။
စစ်မှုထမ်းရာမို့စ်ဟာ အာ ဏာရှင် မားကို့စ်လက်ထက်မှာ လက်နက်ကိုင်တပ်များရဲ့ အကြီး အကဲဖြစ်နေပါပြီ။ Chief of Staff of the Armed Forces of the Philippines တဲ့။
လူထုနဲ့ အာဏာရှင်သမ္မတ ရင်ဆိုင်တိုက်ပွဲမှာ ဘယ်ဘက်က ဝင်ပါမလဲလို့ ဆုံးဖြတ်ခဲ့ရသူဟာ အဲသည့်ရာမို့စ်ပါ။
အများသိတော်မူပြီးကြတဲ့ အတိုင်း ပြည်သူ့တပ်မတော်ဟာ ပြည်သူကိုပဲ ကာကွယ်ရမယ်လို့ ရာမို့စ်ဆုံးဖြတ်လိုက်တာကအစ ၁၉၈၆ မှာ ဖိလစ်ပိုင်နိုင်ငံဟာ ဒီမိုကရေစီလမ်းမပေါ် ခပ်စော စော ခြေချနိုင်ခဲ့တာပဲမဟုတ်ဘူး လား။
(လေး)
ရှေ့နားမှာ ပြောထားခဲ့သလို ဖိလစ်ပိုင်ဟာ အလင်းကိုရောက် ရှိတာစောပါတယ်။ အဲသလို စော ဖို့အတွက် သူ့စိတ်တွင်းတိုက်ပွဲကို ရာမို့စ်တစ်ယောက် ခက်ခက်ခဲခဲ ဆင်နွှဲခဲ့ရတာပါ။
သေနတ်တစ်လက်၊ ကျည် ဆန်တစ်တောင့်နဲ့ တိုက်ပွဲတစ်ပွဲ ကို ဆင်နွှဲတဲ့အခါ ရန်သူ့စခန်းတစ် ခု၊ တောင်ကုန်းတစ်လုံး၊ မြို့ပျက် ရွာပျက်ကြီးတစ်နေရာရာကို သိမ်း ပိုက်ရကောင်း သိမ်းပိုက်ရနိုင်ပါ တယ်။
အမှားအမှန်ဘယ်ဘက်က ရပ်မလဲဆိုတဲ့ စိတ်တိုက်ပွဲမှာ ဖိလစ်ပိုင်ကာကွယ်ရေးဦးစီးချုပ် အနိုင်ရလိုက်ပုံက ပြည်သူလူထု တစ်ရပ်လုံး၊ သမိုင်းမှတ်တမ်း တစ်ခုလုံး၊ ဓမ္မကိုမြတ်နိုးသူ ကမ္ဘာ သူ၊ ကမ္ဘာသားတို့ရဲ့ နှလုံးသား ကမ္ပည်းမော်ကွန်းတစ်ခုလုံး။   ။

မောင်သာချို
ကျွန်မတော်တော်စိတ်ဆင်း ရဲပါတယ်။ ဒီတာဝန်ကို အလွယ်တကူခေါင်းညိတ်လိုက်မိတာကိုက ကျွန်မရဲ့အမှား။ ဒီလောက်ခက်ခဲမယ်မှန်းမှ မသိခဲ့ဘဲ။ အခုတော့ ရုပ်ပျက်ဆင်းပျက် ဣနြေ္ဒမဲ့။ ကျွန်မ ထဘီစကိုမလွှတ်တမ်း ကျစ်ကျစ်ပါအောင်ဆွဲထားပြီး မျက်ရည်တွေနှပ်တွေနဲ့ ငိုယိုနေတဲ့ကျွန်မတူလေး။
‘‘ကြီးကြီး သားကိုမထားခဲ့နဲ့။ ပြန်လိုက်မယ်။ မူကြိုထဲမှာ သား ကိုမထားခဲ့နဲ့’’စိတ်ညစ်လိုက်တာ။ ဆရာမတွေကို အားနာလို့အတင်း အဓမ္မထားခဲ့ပြီး ကျောင်းပြင်ရောက် ခဲ့ပေမယ့် မြင်ကွင်းတွေကမျက်စိ ထဲကမထွက်။ တူတော်မောင်ငို နေသလို အရင်ရောက်နှင့်နေတဲ့ ကလေးတွေ အတော်များများ လည်း အငိုမျက်နှာတွေနဲ့။ မနေ့ကသူ့အမေလာပို့တုန်းကလည်း အဲဒီ လိုငိုလို့ ကြီးတော်ဆိုရင်ကြောက် တော့ ငိုရဲမှာမဟုတ်ဘူးဆိုပြီး ကျွန်မလက်အပ်လိုက်တာ။ မထူး ပါဘူး။ ကလေးမှမပျော်ဘဲ။ သူမှ မသွားချင်ဘဲ။
တကယ်တော့ ဒီကလေးသုံး နှစ်ပြည့်တာ တစ်ပတ်ပဲရှိသေး တယ်။ မိဘနဲ့ခွဲပြီး နေရာအသစ် မှာ လူစိမ်းတွေနဲ့ ဘယ်နေချင်ပါ့ မလဲ။ အိမ်မှာက အိပ်ချင်တဲ့အချိန် အိပ်၊ ဆော့ချင်သလိုဆော့၊ စား ချင်တာပူဆာ။ ကျောင်းဆိုတာက အချိန်နဲ့ကျွေး။ အချိန်တန်အိပ်။ ဆော့ရမယ့်အချိန်ဆော့ အချိန် ဇယားနဲ့။ ခက်တာက မိဘတွေ ခမျာလည်း လင်ကိုယ်မယားနှစ် ယောက်လုံးဝန်ထမ်းတွေ။ တစ်လလုပ်တစ်လစား အလျဉ်မီရုံ။ အိမ် မှာကလေးထိန်းတွေ၊ အိမ်ဖော်တွေနဲ့မထားနိုင်တော့ သုံးနှစ် မပြည့်ခင် ကလေးကို နှစ်ဖက်မိဘအိမ်တစ်လှည့်စီ အကူအညီတောင်းထိန်းခိုင်း။ သုံးနှစ်ပြည့်တာနဲ့ မူကြိုကျောင်းပို့ကြရတော့တယ်။
အခုခေတ် ရန်ကုန်မြို့မှာ လူလာဖြစ်ရတဲ့ကလေးတွေဟာ အတော်သနားစရာ ကောင်းပါ တယ်။ လူဖြစ်မယ်မကြံသေးဘူး။ ကျောင်းအပို့ခံရပြီ။ အဘိုး၊အဘွား ရင်ခွင်မရှိ။ ညအိပ်ရာဝင်ပုံပြင်ဆို တာ ဘာမှန်းမသိ။ နေရတဲ့အိမ်ကို က စာကလေးအသိုက်လိုခေါင်း လွတ်ရုံ တစ်ဝဂူတိုက်ခန်းကျဉ်း လေးတွေ။ မူကြိုကျောင်းတွေ ကလည်း အစိုးရမူကြိုကလွဲရင် တိုက်ခန်းတွေထဲမှာဖွင့်ကြတာ များတယ်။ ဆိုင်၊ မဆိုင်တော့ မသိပေမယ့် တွေးမိတယ်။ အခုခေတ်လူငယ်တွေ  တစ်ကိုယ်ကောင်းဆန်လာတာ၊ မေတ္တာ တရားတွေခေါင်းပါးလာတာ၊ အတွေးအခေါ်တွေကျဉ်းမြောင်းလာတာ ဒီလိုတိုက်ခန်းထဲက မူကြိုတွေဆီမှာများ မြစ်ဖျားခံလာသလားလို့။
ကျွန်မတို့ငယ်ငယ်ကတော့ ကျောင်းဆိုတာ ငါးနှစ်ကျော်မှ တက်ရတာ။

ပြင်ချင်ချင်၊ မပြင်ချင်ချင် ရွေးကောက်ပွဲ ကော်မရှင် ပြင်ဖွဲ့ပါ

၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ၏လွတ်လပ်မှုနှင့် တရားမျှတမှုသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ သမာသမတ်ရှိမှု၊ကြားနေမှု၊ဘက်မလိုက်မှုတို့နှင့် များစွာဆက်စပ်နေသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကြားနေအဖွဲ့အစည်းတစ်ခုအဖြစ် ပြန်လည်ဖွဲ့စည်းနိုင်ခြင်း မရှိလျှင် လာမည့်ရွေးကောက်ပွဲများ၏ လွတ်လပ်မှုနှင့် တရားမျှတမှုသည် စိုးရိမ်ရေမှတ် အလွန်တွင်ရှိနေမည်ဖြစ်သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံးသည် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်စွဲပါ အမိန့်အမှတ်- ၃/၂၀၁၁ ကို ထုတ်ပြန်လျက် ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၈ (က)နှင့် ပြည်ထောင်စုအစိုးရအ ဖွဲ့ဥပဒေပုဒ်မ၁၆(ခ)(၃)အရ သမ္မတဦးသိန်းစိန်သည် ဦးတင်အေးကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။ အဆိုပါ ခန့်အပ်မှုသည် အခြေခံ ဥပဒေ၏ ဘောင်ထဲတွင်ရှိသော် လည်း နိုင်ငံရေးရှုထောင့်မှ ကြည့် လျှင် အရုပ်ဆိုးအကျည်းတန်လွန်း သည်ဟု သုံးသပ်နိုင်သည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဦးတင်အေး သည် ဒုတိယဗိုလ်ချုပ်ကြီး(အငြိမ်း စား)ဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အဆင့် မြင့်ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ တံတား ဦးမြို့နယ် မဲဆန္ဒနယ်မှ ပြည်ခိုင် ဖြိုးပါတီကိုယ်စားပြု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ခဲ့သည်။
  အဆိုပါ မှတ်တမ်းများ အရ သမ္မတဦးသိန်းစိန်သည် ဦးတင်အေးကို ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ခြင်းသည် နိုင်ငံရေးလွဲချော်မှုကြီးပင် ဖြစ် သည်။ အဆိုပါ လွဲချော်မှုကြီးကို ကြိုတင်စီမံ၊ ပြင်ဆင်ဆောင်ရွက် ခဲ့သည်ဆိုလျှင် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ၏ နောက်ကွယ် မှ နိုင်ငံရေးကောက်ကျစ်မှုတစ်ခု ဟုပင် သတ်မှတ်နိုင်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၈(ခ)အရ နိုင်ငံတော်သမ္မတ သည် ဦးတင်အေးကို ထင်ပေါ် ကျော်ကြားသည့် ဂုဏ်သတင်းရှိ သော ပုဂ္ဂိုလ်အဖြစ်လည်းကောင်း၊ သိက္ခာသမာဓိနှင့် ပြည့်စုံပြီး၊ အတွေ့အကြုံရင့်ကျက်သူအဖြစ် လည်းကောင်း သတ်မှတ်လျက် ပုဒ်မ ၃၉၈ (က)အရ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဟောင်း နှင့် နိုင်ငံတော်သမ္မတသည် ပြည် ခိုင်ဖြိုးပါတီ၏ ထိပ်တန်းခေါင်း ဆောင်တစ်ဦးကို သမာသမတ်ရှိ ရှိ ကြားနေရန် မြင့်မြင့်မားမား လိုအပ်သော ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏ ဥက္ကဋ္ဌအ ဖြစ် ခန့်အပ်မှုသည် မြန်မာ့ဒီမိုက ရေစီအပြောင်းအလဲကို နောက် ကျောမှဓားနှင့် ထိုးခြင်းဟုပင် ကောက်ချက်ပြုနိုင်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ၏ လွှတ်တော် ကိုယ်စားလှယ်အများစုဖြင့် ဖွဲ့ စည်းထားသော ပြည်ထောင်စု လွှတ်တော်အနေဖြင့် ကြားလူ မဟုတ်သော ပြည်ခိုင်ဖြိုးပါတီ၏ ထိပ်တန်းခေါင်းဆောင်ဟောင်း တစ်ဦးကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ခန့်အပ်နိုင်ရန် အတည်ပြုထောက်ခံ ခဲ့ခြင်းသည်လည်း မီးကျိုးမောင်း ပျက်နိုင်ငံရေး၏ ပြယုဂ်ပင် ဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီ၏ လွှတ် တော်ကိုယ်စားလှယ်များအနေ ဖြင့် သမာသမတ်ရှိသော ကြား လူတစ်ဦးဦးကို ဥက္ကဋ္ဌအဖြစ် တာ ၀န်ပေးခန့်အပ်နိုင်ရေး နိုင်ငံတော် သမ္မတကို တိုက်တွန်းအဆိုပြုရန် ပျက်ကွက်ခဲ့ခြင်းနှင့် လွှတ်တော် အတွင်းရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့်တိုင်းရင်းသားနိုင်ငံ ရေးပါတီများအပါအ၀င် နိုင်ငံ ရေးအတိုက်အခံများ၏ တရားဝင် ကန့်ကွက်သံများကို မကြားရခြင်း တို့သည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ၏ ဆိုးကွက်များပင်ဖြစ်သည်။
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များအဖြစ်ဦးမြင့်နိုင်၊ ဦးအောင်မြင့်၊ ဦးသာဦး၊ ဒေါက်တာဒေါ်မြင့်ကြည်၊ ဦးဝင်းကြည်နှင့် ဦးညွန့်တင်တို့ကို ၂၀၁၁ ခုနှစ်မတ်လ ၃၀ ရက်တွင် တာဝန်ပေးခန့်အပ်ခဲ့ပြီး ဦးဝင်းကိုအား ကော်မရှင်၏ အတွင်းရေးမှူးအဖြစ် တာဝန်ပေးခဲ့သည်။ အဖွဲ့ဝင်များအားလုံးသည် ၂၀၁၀ ပြည့်နှစ် မတ်လ ၁၁ ရက်တွင် ဖွဲ့စည်းခဲ့သော   ပြည်ထောင်စုရွေးကောက်ပွဲ ကော် မရှင်အဖွဲ့ဝင်များဖြစ်သည်။
တပ်မတော်အငြိမ်းစား အရာရှိတစ်ဦးဖြစ်သော ဦးတင်ထွန်းသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ လက်ရှိအတွင်းရေးမှူးဖြစ်သည်။
 အင်ဒိုနီးရှား အထွေထွေ ရွေးကောက်ပွဲကော်မရှင်သည် စိတ်ဝင်စားဖွယ်၊ အတုယူဖွယ်၊ လေ့လာဖွယ်ဖြစ်သည်။ သမ္မတ ဆူဟာတိုပြုတ်ကျပြီးနောက် ၁၉၉၉ ခုနှစ် အထွေထွေရွေးကောက်ပွဲများ ကျင်းပနိုင်ရန် ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလတွင် ရွေးကောက်ပွဲကော်မရှင်ကို အဖွဲ့ဝင် ၅၃ ဦးဖြင့်အောက်လွှတ်တော်၏ ဥပဒေနှင့်အညီ ဖွဲ့စည်းခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဟောင်းသည် ကော်မရှင်ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ လူထုတောင်းဆိုမှုကြောင့် လူသိများသော လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေ၊ တရားလွှတ်တော်တရားသူကြီးဟောင်း၊ နိုင်ငံရေးလေ့လာသုံးသပ်သူ အပါအ၀င် ကြားလူငါးဦးကို ကော်မရှင်တွင် အဖွဲ့ဝင်များအဖြစ် ခန့်အပ်ခဲ့သည်။ ၂၀၀၄ ခုနှစ် အထွေထွေရွေးကောက်ပွဲများ ကျင်းပနိုင်ရန် ရွေးကောက်ပွဲ ကော်မရှင်ကို ပညာရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များ၏ ကိုယ်စားလှယ်များဖြင့် ၂၀၀၁ ခုနှစ် ဧပြီလ ၁၁ ရက်တွင် ဖွဲ့စည်းခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် အောက်လွှတ်တော်သည် ငါးနှစ် သက်တမ်းရှိသော ရွေးကောက်ပွဲ ကော်မရှင်ဖွဲ့စည်းရန် ကော်မရှင် အဖွဲ့ဝင်များကို ရွေးချယ်ရေး ကော်မတီမှ မဲဆန္ဒပေးရွေးချယ် ရန်တို့ပါဝင်သော ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ အင်ဒိုနီးရှားရွေး ကောက်ပွဲကော်မရှင် အဖွဲ့ဝင် ခုနစ်ဦးတွင် တက္ကသိုလ်ကထိက တစ်ဦးနှင့် ရွေးကောက်ပွဲပြုပြင် ရေးဆိုင်ရာ အင်န်ဂျီအို၏ အမှု ဆောင်ညွှန်ကြားရေးမှူးတစ်ဦးတို့ ပါဝင်လျက်ရှိသည်။

Tuesday, 13 May 2014

နေပြည်တော်ကို လေးခွနဲ့ ပစ်ကြ


အလိုဗျာ။ ခေါင်းစဉ်ကြည့်ပြီး လန့်လည်းမ သွားကြပါနဲ့ဦး။ ကျုပ်စကားဆုံးတဲ့ အခါကျတော့ ကိုယ့်လူတို့ အလိုလို သဘောပေါက်သွား ကြမှာ ပါလေ။ ဒီလိုဗျ ဒီလို။ ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်က ကျုပ်သိပ်ကြိုက်မိ သွားတဲ့ သတင်းကလေးတ စ်ပုဒ်ရှိသဗျ။ ကိုယ့်လူတို့လည်း သတိထားမိ လိုက်မှာပါ။ တခြားဟုတ်ပါရိုး လားဗျာ။ ထိုင်းနိုင်ငံက လယ်သမားတွေ သုဝဏ္ဏဘူမိလေဆိပ်ကို ပိတ်ဆို့မယ့် သတင်းပါပဲ။ အနှီလိုကြုံးဝါးပြီး သကာလ ထွန်စက်တွေနဲ့ စီတန်းပြီးချီတ က်လာကြတဲ့ လယ်သမားတွေကြို မင်ပြီး ကျုပ်ရဲ့ဘ၀င်မှာ ပြုံးစိစိ နှစ်သက် သဘောကျဖြစ်ခဲ့ရသဗျ။
 နို့ ..ထိုင်းနိုင်ငံက လယ်သမားတွေ သူ့ဟာသူ မြို့တော် ဘန်ကောက်ကို ချီတက်သွားတဲ့ ဥစ္စာ။ ကျုပ်က ဘာသဘောကျစရာရှိ သတုံး။ အနေသာကြီးပဲဟာ ဘာညာနဲ့ ဘစီကို မေးခွန်းထုတ်စရာ ရှိတာပေါ့။ ဘယ့်နှယ့် သဘောမကျ မရှိရမှာလဲဗျာ။ လမ်းမကြီးပေါ်မှာ အနီရောင်သုတ်ထားတဲ့ ထွန်စက်ကြီးတွေနဲ့ ညီညွတ်စွာချီတက်လာတဲ့ ထိုင်းလယ်သမားအင်အားစုကြီး ဟာ အစိုးရအဖွဲ့ကို ကိုင်လှုပ်နိုင်ခဲ့တယ်ခင်ဗျ။ နောက်ဆုံးမှာ အစိုးရက ညှိနှိုင်း သဘောတူညီချက်ရလိုက်လို့မို့ လေဆိပ်ကိုပိတ်ဆို့မယ့် ကိစ္စကို ပယ်ဖျက်ပြီး နေရပ်ပြန်ခဲ့ကြ တယ်ဗျာ။
သူတို့ ထိုင်းလယ်သမားတွေ မကျေမနပ်ဖြစ်ပြီး ဆန္ဒပြမယ်ဆို တဲ့ကိစ္စကလည်း ကျုပ်တို့ဆီနဲ့တော့ ပြောင်းပြန်ခင်ဗျ။ သူတို့က အစိုးရဘက်က ပေးချေရန်ရှိတဲ့ စပါးအကြွေးတွေ မရသေးလို့ဆိုပဲ။ အစိုးရက အကြွေးမဆပ်တော့ ထိုင်းလယ် သမားတွေ ဒေါသထွက်တာပေါ့ဗျာ။ ဒါပေမဲ့ ကျုပ်တို့နဲ့ နောက်ထပ်ကွာခြားတာ တစ်ခုက ထိုင်းအစိုးရကလည်း ဒီကိစ္စကို အရေးတယူရှိ တယ်ခင်ဗျ။ ပြေလည်ရာပြေ လည်ကြောင်း ချက်ချင်းပဲဆောင် ရွက်တယ်။ မကြာမတင်လာမည့် သီတင်းပတ်တွေ အတွင်းမှာ ကျန်ရှိနေတဲ့ အကြွေးငွေများကို လယ်သမားများအား ပေးချေသွားပါမယ်တဲ့။ ကျုပ်တို့ဆီနဲ့များ ကွာခြားချက်ကတော့ဗျာ။ အံ့သြစရာ။
ဘယ်နိုင်ငံက လယ်သမားပဲဖြစ်ဖြစ်ပါ။ လယ်သမားသားသမီးဖြစ်တဲ့ ဘစီတို့အနေနဲ့ကတော့ အခုလို လယ်သမားတွေက အစိုးရအပေါ် တစ်ကွက်မျှသာပဲဖြစ်ပါစေ အောင်ပွဲခံလိုက်နိုင်တာကို သိပ်ကိုအားရတယ်။ အားကျတယ်ဗျာ။ အခုဆိုရင် အများအားလုံးသိတော်မူကြတဲ့အတိုင်း ကျုပ်တို့တိုင်းပြည်မှာ လယ်မြေသိမ်းယူတဲ့ကိစ္စနဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ပြဿနာတွေဟာ ပွက်လောကိုထနေတာပဲမဟုတ်လား။

Wednesday, 7 May 2014

အာဏာရှင် လက်စွဲကျမ်း

ယခု သတင်းစာကို ဖတ်နေသူသာ အာဏာရှင် တစ်ဦးဆိုလျှင် ဒီကနေ့ သင်ကံကောင်းသောနေ့ ဖြစ်သည်။ မြန်မာနိုင်ငံမှာရေးသားပြုစုပြီး နိုင်ငံတကာကိုဖြန့်ချိမည့် ‘အာဏာရှင်လက်စွဲကျမ်း’ ကို သင် အခမဲ့ မြည်းစမ်းခွင့် ရတော့မည်။ အောက်မှာ ဖော်ပြထားသည့် (၁၀) ချက်သည် မန္တလေးမှာ ထိုးမုန့်မဝယ်မီ အမြည်းပေးသလို စာအုပ်ထဲမှာပါမည့် အကြောင်းအ ရာများကို အမြည်းပေးခြင်းဖြစ်ပါသည်။
(၁) ပြည်တွင်းစစ်ကို အဆုံးမသတ် နှင့်
 ‘ငြိမ်းချမ်းရေး’ဆိုသည့်စကားလုံးကို မကြာခဏပြောပါ။ သတင်းစာ၊ ရုပ်သံ၊ ရေဒီယို မီဒီယာအားလုံးမှာ ငြိမ်းချမ်းရေးဖော်ဆောင်နေကြောင်းမကြာခဏပြသပါ။ သို့သော် ပြည်တွင်းစစ်ကို ဘယ်တော့မှ အပြီးတိုင်အဆုံးမသတ်ပါနှင့်။
ကိုယ့်လက်ထဲကစစ်တပ်၏ အခန်းကဏ္ဍကို ထိန်းသိမ်းထားဖို့အတွက် စစ်မီးကိုချန်ထားပါ။ ‘ပြည်ထောင်စု စိတ်ဓာတ်’ကို အဆက်မပြတ်ပြောပါ။
(၂) ပြည်ပရန်သူကို လက်ညှိုးထိုး
 ပြည်ပရန်သူများရှိနေကြောင်း အမြဲကြွေးကြော်ပါ။ သို့သော် ရန်သူသည် ပြည်တွင်းမှာရှိသည်ကိုတော့ ကိုယ်ကိုယ် တိုင်မမေ့ပါနှင့်။ ပြည်ပရန်သူကို ကာကွယ်နေရသည့်ပုံရိပ်အဖြစ် ကိုယ့်ပုံရိပ်ကိုမြှင့်တင်ပါ။ မျိုးချစ် စိတ်ဓာတ်ဆောင်ပုဒ်တွေ များများရေး၊ များများကပ်ပါ။ အတိတ်က စစ်ပွဲများအကြောင်းကို အဆက်မပြတ်ဖော်ပြပါ။
(၃) လူအများစု ဘာသာရေးကို အသုံးချ
အာဏာရှင်ဘဝမှာ လူအများစု၏ ထောက်ခံမှုကို အလွယ်ကူဆုံးရနိုင်သည့်နည်းက လူအများစု၏ ဘာသာရေးကိုထောက် ခံနှိုးဆွခြင်းဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် ဘာသာသာသနာကို ကာကွယ်သူ သူရဲကောင်းအဖြစ် ပုံသွင်းပါ။ ဘုရားသွားကျောင်းတက်သည့်သတင်းများ များများထုတ်ပါ။ ဘာသာကွယ်ပျောက်တော့မည်ဆိုသည့် အကြောက်တရားကိုဖြန့်ဖြူးပါ။ ကိုယ့်ကိုအန်မတုနိုင်သည့် လူနည်းစုတစ်စုကို လက်ညှိုးထိုးစွပ်စွဲပါ။
(၄) အတိုက်အခံ အဖွဲ့အစည်းကို ခွဲထုတ်
အဓိက အတိုက်အခံအဖွဲ့ အစည်းကို အခြားအဖွဲ့ငယ်များ နှင့်သွေးခွဲပါ။ ဖြစ်နိုင်လျှင် တိုင်းရင်းသားလူနည်းစုများနှင့် အဓိကအတိုက်အခံအဖွဲ့အစည်းကို ခွဲထုတ်လိုက်ပါ။ အတိုက်အခံတွေ အာဏာရလာလျှင် တိုင်းပြည်ပြိုကွဲနိုင်ကြောင်း ခြိမ်းခြောက်ပါ။ အတိုက်အခံနိုင်ငံရေးသမားတွေကို မျိုးချစ်စိတ်ဓာတ်မရှိသူအဖြစ် စွပ်စွဲပါ။
(၅)အနောက်နိုင်ငံများကို စည်းရုံး
အနောက်နိုင်ငံများက အာဏာရှင်နိုင်ငံများကို ဆန့်ကျင်ကြသည့်တိုင် ‘သံခင်းတမန်ခင်း’ရှိပြီး အင်္ဂလိပ်လိုပြောတတ်သူများကို နှစ်ခြိုက်လေ့ရှိသည်ကို ဘယ်တော့မှမမေ့ပါနှင့်။ အနောက်နိုင်ငံက သံတမန်များလာလျှင် ရွှန်းရွှန်းဝေအောင်ပြောတတ်သူများ နှင့် လွှတ်ပေးပါ။
ကိုယ့်တိုင်းပြည်ကို စီးပွားရေးအရမပိတ်ဆို့ဘဲ အပြုသဘောဆောင် ချဉ်းကပ်စည်းရုံးလျှင် ဒီမိုကရေစီနိုင်ငံဖြစ်လာနိုင်ကြောင်း အနောက်နိုင်ငံများက ယုံလာအောင်ပြုလုပ်ပါ။ ကမ္ဘာပတ်ပြီး ရွှန်းရွှန်းဝေအောင်ပြောသူများကို အချိန်တစ်ချိန်မှာ တာဝန်မှနားပါ။ လူသစ်လဲပါ။
(၆) ရွေးကောက်ပွဲကိုအသုံးချ
ရွေးကောက်ပွဲ များက သင့်ကို ‘တရားဝင်အာဏာရှင်’ အဖြစ် ပြုလုပ်ပေးမည့် အခွင့်ကောင်း ဖြစ်သည်။ သေချာစွာ ကြိုတင် ပြင်ဆင်ပါ။ လက်ဆုပ်လက်ကိုင် ဖမ်းရခက်ခဲသည့် အဝေးရောက် မဲ၊ ကြိုတင်မဲ၊ ပယ်မဲနည်းလမ်းများသည် အာဏာရှင်များအကြား ခေတ်စားသည့် နည်းလမ်းများ ဖြစ်သည်။
ရှုံးနိုင်သည့်အခြေအနေမျိုးမှာ အဓိကရုဏ်းနှင့်ပဋိပက္ခများ ဖန်တီးပြီး အရေးပေါ်အခြေအနေ ကြေညာနိုင်အောင် မီးစများမွှေးထားပါ။
အကောင်းဆုံးနည်းလမ်းကတော့ နိုင်ငံရေးအလျှော့အတင်းမရှိသည့်အတွက် အဓိက အတိုက်အခံက ရွေးကောက်ပွဲကို သပိတ်မှောက်အောင်လုပ်သည့်နည်းဖြစ်သည်။
(၇) မီဒီယာကိုမြှောက်လိုက် ခြောက်လိုက်လုပ်
သတင်းမီဒီယာများကို တစ်ခါတစ်ရံ နွေးနွေးထွေးထွေးဆက်ဆံပြပါ။ သို့သော် လိုအပ်လာလျှင် မီဒီယာအချို့ကို ပုံစံအဖြစ် ဖမ်းဆီးထောင်ချပါ။ မီဒီယာတွေကြားမှာ အကြောက်တရား Chilling Factor ပျံ့နှံ့ပါစေ။ ကိုယ်ချုပ်ကိုင်ထားသည့် နိုင်ငံတော်မီဒီယာကို လက်မလွှတ်ပါနှင့်။ ဖြစ်နိုင်လျှင်တော့ ကိုယ့်ကို သစ္စာရှိသည့်အသိုင်းအဝိုင်းက မီဒီယာလောကကို ထဲထဲဝင်ဝင် ရင်းနှီးမြှုပ်နှံပါစေ။ သတင်းမီဒီယာနှင့်ပတ်သက်လျှင် ဥပဒေများလေ ကောင်းလေဖြစ်သည်။
(၈) ခရိုနီတွေမွေးမြူ
သင်၏အရေးအကြီးဆုံး ရဲဘော်ရဲဘက်သည် သင့်ဇနီးပြီးလျှင် သင့်ခရိုနီဖြစ်သည်ကိုမမေ့ပါနှင့်။ သင့်ကိုယ်စား စီးပွားရှာပေးဖို့၊ သင့်သားသမီးမြေးမြစ်များ ပြဿနာရှာလျှင် လိုက်ရှင်းလင်းပေးဖို့၊ သင့်ဇနီးကို နိုင်ငံခြားဈေးဝယ်ထွက်ရာမှာ ကူညီဖို့နှင့် သင့်ခိုးရာပါဥစ္စာဓနများကို ပြည်တွင်း ပြည်ပမှာ ဖုံးကွယ်ထားဖို့အတွက် သော့ချက်ဖြစ်သည်။
သင့်ကိုခရိုနီအဖြစ် တိုင်းပြည်ကအလိုရှိသည်’ ဆိုသည့် ကမ်းလှမ်းချက်ကို လက်တစ်ဆုပ်စာ အနက်ရောင်စီးပွားရေးသမားတချို့ထံကိုပေးပို့ပါ။
(၉) အရပ်ဘက်လူ့အဖွဲ့အစည်းကိုနှိပ်ကွပ်
အင်န်ဂျီအိုများကိုတည်ရှိခွင့်ပေးပါ။ သို့သော် ဥပဒေများထုတ်ပြီး ချုပ်ကိုင်ပါ။ အင်န်ဂျီအိုများ ဖွံ့ဖြိုးလာမှုက ပြည်သူကိုမျက်စိပွင့်စေပြီး သင့်အာဏာရှင်စနစ်ကို ခြိမ်းခြောက်လာလိမ့်မည်။
အချို့သောဒေသများကို ခရီးသွားလာခွင့် ကန့်သတ်ပါ။ လုံခြုံရေးအကြောင်းပြခြင်းက အကောင်းဆုံးဖြစ်သည်။
(၁၀) ဒီမိုကရေစီ၏အဓိပ္ပာယ်ကို ပြောင်း
ဒီမိုကရေစီဆိုသည့်စကားလုံးကို ကိုယ်ပိုင်အဓိပ္ပာယ်ပြန်ဖွင့်ပါ။ ရုရှားအာဏာရှင်ပူတင်က ဒီမိုကရေစီကို ‘အချုပ်အခြာ အာဏာ ရှိသည့် ဒီမိုကရေစီ’ဟု ကိုယ်တိုင်ရေး အနက်အဓိပ္ပာယ် ဖွင့်သည်။ အီရန်အစိုးရ ကတော့ ဒီမိုကရေစီကို ‘စစ်မှန်သော အစ္စလာမ် ဒီမိုကရေစီ’ဟု ကြွေးကြော်သည်။ သင်လည်း ဒီမိုကရေစီကို နာမဝိသေသန တပ်ပေးပါ။ လူထုအများစုက ဒီမိုကရေစီ စနစ်ကို စိတ်ပျက်လာအောင် လုပ်ပါ။ ဒီမိုကရေစီ စနစ်မှာ ပဋိပက္ခပိုများတာ၊ လူ့ အဖွဲ့အစည်း ပိုရှုပ်ထွေး လာတာကို မီးမောင်းထိုးပြပါ။ 
‘အာဏာရှင် လက်စွဲကျမ်း’ စာအုပ်အမြည်းကို ဒီမှာအဆုံး သတ်ပါသည်။ စာအုပ်ထဲမှာ ယခု ဖော်ပြထားသည့် အခန်းများအပြင် တရားစီရင်ရေး စနစ်ကို ထိန်းချုပ်နည်း၊ လက်လွန်ခြေလွန် ပြောဆိုသည့် ဝန်ကြီးများကို ကျိတ်ဆုံးမနည်း၊ တရုတ်နဂါးနှင့် ကခုန်နည်းများအပြင် အနားယူချိန်အတွက် ပြင်ဆင်နည်းများ အထိပါ ဝင်ပါသည်။ စာအုပ် မထွက်မီ ကြိုတင်အမှာစာများ လက်ခံနေသည်။ နေပြည်တော်မှ မှာလျှင် အမြန်ချောပို့ဖြင့် ပေးပို့မည် ဖြစ်ပါကြောင်း။  
7Day News

Friday, 2 May 2014

ဟီရိနှင့် သြတ္တပ္ပ ကင်းဝေး ကြလျှင်ဖြင့်


 Royal Hero Media
''ဟီရိ''၏ အဓိပ္ပာယ်မှာ ''ရှက်ခြင်း''ဖြစ်၍ ''သြတ္တပ္ပ'' ၏ အနက်မှာ ''ကြောက်ခြင်း'' ဖြစ်သည်။ ဤ ''အရှက်''နှင့် ''အကြောက်'' တရားနှစ်ပါးသည် လူ့ဘုံ လောကကို ထိန်းကျောင်း စောင့်ရှောက်သည့်နေရ...ာတွင် အဓိက ကျနေ၏။

''ဟီရိ'' ဟူသော ''အရှက်''သည် အဘယ် အရာကို ရှက်ရမည်နည်း။ လူသားတို့၏ ကိုယ်၊ နှုတ်၊ စိတ်တည်း ဟူသော ကာယကံ၊ ဝစီကံ၊ မနောကံ၊ အပြုအမူ အရာကို ''ရှက်ခြင်း'' အားဖြင့် ရှောင်ကြဉ်ကြရမည်။

''သြတ္တပ္ပ''ဟူသော ''ကြောက်ခြင်း'' ဖြင့် မည်သည်ကို ကြောက်ရမည်နည်း။ ကိုယ်နှုတ်၊ နှလုံး၊ အမူအရာအားဖြင့် ကြောက်ရမည်နည်း။ ကိုယ်၊ နှုတ်၊ နှလုံး အပြုအမူ အားဖြင့် အရှက်တကွဲ ဖြစ်ရမည်ကို ကြောက်ရွံ့ခြင်းဖြင့် ရှောင်ကြဉ် ကြရမည်။

အချုပ်အားဖြင့် ဆိုရသော် ဟီရိနှင့် သြတ္တပ္ပသည် လူသားတို့၏ ကာယဣနြေ္ဒ ဟူသော ကိုယ်အမူအရာ၊ ဝစိဣနြေ္ဒ ဟူသော အပြောအဆိုနှင့် မနောဣနြေ္ဒ ဟူသော စိတ်အမူအရာ များကို ထိန်းသိမ်းရန် ရည်ညွှန်းထားသည်။

''သိသာ သိစေ မမြင်စေနှင့်'' ဆိုစကားသည် အလွန် ''တာသွား'' သောစကား ဖြစ်သည်။ ''မိန်းမတို့ ဣနြေ္ဒ ရွှေပေးလို့ မရ'' စကားပုံ သည်လည်း ဣတ္ထိယ နွယ်ဝင် အမျိုးသမီး များ၏ ဣနြေ္ဒကို တန်ဖိုးထားကြောင်း ပြဆိုထားသည်။ ရှေးမြန်မာ အမျိုးသမီးများသည် ခြေမျက်စိ ပေါ်အောင်ပင် ထဘီများကိုဝတ်ဆင်လေ့ မရှိခဲ့ ကြချေ။ ကာယ၊ ခန္ဓာကိုယ်အား လုံခြုံစေရန် ကျက်သရေ ရှိစွာ ဝတ်ဆင် ခဲ့ကြသည်။ ဆံကေသာနှင့် ပတ်သက်၍ ဆိုလျှင်လည်း ''ပိတုန်းရောင် ကေသာ'' စကားက ထင်ရှားနေသည်။တိုးတက် ပြောင်းလဲ လာသော ခေတ်အခြေအနေ အရ ဝတ်စား ဆင်ယင်ခြင်းနှင့် ပတ်သက်၍ ပြောင်းလဲ လာသည်ကို လက်ခံ သင့်သော်လည်း တိုလွန်းလျှင် ဟီရိသြတ္တပ္ပ ကင်းပြီး လူမျိုး၏ ဂုဏ်သိက္ခာကို ထိခိုက် စေသည်မှာ အမှန်ပင်ဖြစ်သည်။

လောက လူ့ဘုံကို အရှက်နှင့် အကြောက်ဟူသော လောကပါလ တရားနှစ်ပါးဖြင့် လုံခြုံအောင် ကာကွယ် ထားသည်ကို လူသားတိုင်း အထူး သတိထား ကြရမည် ဖြစ်သည်။ ဤတရား နှစ်ပါးနှင့် ကင်းဝေး သွားကြလျှင် တိရစ္ဆာန် ဘုံနှင့် မခြားနား တော့ပေ။ ကမ္ဘာဦး ကာလသို့ ရောက်သွား ပါလိမ့်မည်။

အလွန်ပင် တိုးတက် လှပါသည်၊ ယဉ်ကျေး လှပါသည် ဆိုသည့် နှစ်ဆယ့်တစ် ရာစု ကာလ ခါသမယမှာ သားပျို၊ သမီးပျို၊ လူငယ်၊ လူရွယ်များ အနေဖြင့် အမျိုးသား အသိဖြင့် သတိထား ကြရမည်။ အသရေ မလုံခြုံသော အဝတ်ကို ပိုက်ဆံ ပိုပေး၍ မဝတ်သင့် ကြပေ။ တစ်ဖက်မှလည်း ''သားသမီး မကောင်း မိဘခေါင်း''၊''တပည့်မကောင်း ဆရာ့ခေါင်း'' ဆိုစကားအတိုင်း မိဘ၊ ဘိုးဘွား၊ ဆရာသမား လူကြီး များကလည်း လျစ်လျူရှု မထားကြဘဲ ပြောဆို ဆုံးမ သြဝါဒ ပေးကြရမည် ဖြစ်သည်။

ကမ္ဘာ့ လူမျိုးတိုင်း၌ ယဉ်ကျေးမှု ထုံးတမ်း စဉ်လာ အရ ဝတ်စား ဆင်ယင်မှု ကွဲပြားလျက် ရှိကြသည်မှာ အများသိ ဖြစ်ပါသည်။ မြန်မာ လူမျိုးတွင်လည်း ''မြန်မာ့မူဟန် ဇာတိမာန်''ဟူသော စကားအတိုင်း ကိုယ့်ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ အတိုင်း ကာယဣနြေ္ဒ လုံခြုံစွာဖြင့် ကိုယ်ပိုင်ဟန် မပျက်ရအောင် ထိန်းသိမ်း သွားကြရမည်မှာ မြန်မာ အမျိုးသား၊ အမျိုးသမီး၊ လူငယ်၊ လူရွယ်တိုင်း၏ သမိုင်းပေး တာဝန် ဖြစ်သည်ကို မမေ့သင့် ကြပေ။

ယဉ်ကျေးမှု ပျောက်လျှင် လူမျိုးပါ ပျောက်နိုင်သည်။ ကမ္ဘာဦး လူသားတို့သည် ကိုယ်ခန္ဓာတွင် မည်သည့် အရာမျှ အဖုံးအကာ မရှိသည့် ဘဝမှ တဖြည်းဖြည်း အသိဥာဏ် ရင့်သန် လာသည်နှင့်အမျှ သစ်ရွက်၊ သစ်ခက်၊ လျှော်၊ သားရေတို့ဖြင့် ကာယ ဣနြေ္ဒ လုံခြုံစေရန် ဝတ်ဆင် လာခဲ့ကြသည်မှာ ထင်ရှားသည့် ယဉ်ကျေးမှု၊ တိုးတက်မှု တစ်ရပ် ဖြစ်သည်။ လူသားများ အတွက် မြတ်နိုး ဂုဏ်ယူ စရာလည်း ဖြစ်သည်။

ကျွန်ုပ်တို့ မြန်မာလူမျိုး တို့၏ သမိုင်းစဉ်သည် အလွန်ရှည်လျား ကြာညောင်းခဲ့ပြီ ဖြစ်သည်။ ဤသည်ကို ပုံတောင်၊ ပုံညာဒေသ ရှေးဟောင်း သုတေသန တူးဖော် တွေ့ရှိချက်က သက်သေ ပြခဲ့ပေပြီ။ တွေ့ရှိရသော လူသား ကျောက်ဖြစ်ရုပ်ကြွင်း (ပရိုင်းမိတ်) စမ်းသပ် တွေ့ရှိချက် အရ မြန်မာလူမျိုး တို့သည် လွန်ခဲ့သော နှစ်ပေါင်း သန်းပေါင်း ၄ဝ ကျော်ကပင် စတင် လာခဲ့ကြောင်း ကမ္ဘာကို ကြေညာခဲ့သည်။ သမိုင်းစဉ် ရှည်လျားသည့် နည်းတူ သိမ်မွေ့ နက်နဲသည့် ယဉ်ကျေးမှုကို ပိုင်ဆိုင်ထားသည့် လူမျိုး အဖြစ်လည်း ကမ္ဘာသိ ဖြစ်သည်။ ဤသည်တို့မှာ ကျွန်ုပ်၏ဘိုး၊ ဘေး၊ ဘီ၊ဘင်တို့ အစဉ်အဆက် စောင့်ရှောက် လာခဲ့သော ကျေးဇူး ကြီးမားခြင်း ဖြစ်သည်။

ရှေ့ဆက် ထိန်းသိမ်းရမည့် တာဝန်မှာ မျိုးဆက်သစ် လူငယ်၊ လူရွယ်များ၏ ရှောင်လွှဲ မရသည့် တာဝန်ပင် ဖြစ်သည်။မျက်မှောက်ခေတ် မြန်မာ့ ယဉ်ကျေးမှုကို အနောက်တိုင်း သရုပ်ပျက် ယဉ်ကျေးမှုက တစ်စတစ်စ ဝါးမျို လာသည်ကို မျက်ဝါးထင်ထင် တွေ့မြင နေကြရသည်။

အထူးသဖြင့် အချို့ အမျိုးသမီး ငယ်ရွယ်သူ များ၏ ဣနြေ္ဒ မလုံခြုံသော ဝတ်ဆင်မှုသည် မြင်ရသူတိုင်း ဘဝင်မကျ၊ မရှုဝံ့၊ မမြင်ရဲစရာ ဖြစ်လာသည်။ မိဘနှင့် သားသမီး၊ မောင်နှင့် နှမ၊ မြေးနှင့် အဘိုးတို့ကြား အမြင်မတော် မသင့်လျော် ဖြစ်နေသည်။ တကယ်တမ်း ပြောရလျှင် ကိုယ့်ယဉ်ကျေးမှု ထုံးတမ်းများကို မျက်ကွယ်ပြု ကျောခိုင်းပြီး သရုပ်ပျက် ဝတ်ဆင်မှုကို အထင်ကြီးကာ အင်နှင့်အားနှင့် လိုက်စားကာဖြင့် ''တံလျှပ်ကို ရေထင် ရွှေသမင် အလိုက်မှား'' လျှင်တော့ မောပန်းခြင်းနှင့် သောကသည်သာ နောက်ဆုံးရလဒ် ဖြစ်မည် ဆိုသည်ကို အချိန်မလွန်မီ သဘောပေါက် ကြရမည် ဖြစ်သည်။

များသောအားဖြင့် ကျောင်းသားအရွယ် လူငယ်၊ လူရွယ်များ အတွင်းမှာလည်း ဇာတိမာန် ပျောက်ကာ တိုင်းတစ်ပါးသား တို့၏ မြန်မာ့ ယဉ်ကျေးမှုနှင့် မအပ်စပ်သော လူနေမှု ပုံစံ၊ ဝတ်စား ဆင်ယင်မှု ပုံစံကို အထင်ကြီး အတုယူစရာ တစ်ခုအဖြစ် ယူဆ အောက်မေ့ အတုခိုး နေကြသည်။ ထိုသို့ လမ်းလွဲ နေမှုကို ယဉ်ကျေးမှုအား မြတ်နိုး ချစ်ခင်တတ်သော လူငယ် လူရွယ် အချင်းချင်း ဝိုင်းဝန်းတားမြစ် ပြစ်တင် ကြရမည်။ အထူးသဖြင့် တာဝန် ရှိသူများမှာ မိဘများပင် ဖြစ်သည်။

နိုင်ငံတော် အလံနှင့် နိုင်ငံတော် သီချင်းသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဇာတိမာန်ကို ဖော်ပြနေသည်။ လူမျိုး၏ ဝတ်စား ဆင်ယင်မှု သည်လည်း လူမျိုး၏ ဇာတိမာန်ကို ဖော်ညွှန်းနေသည်။ ဇာတိမာန် ပျောက်လျှင် ကျွန်ဘဝသို့ ပြန်ရောက် တတ်သည်ကို သတိချပ် သင့်သည်။ ''ပညတ်သွားရာ ဓာတ်သက်ပါ'' ဆိုသည့် အတိုင်း အမှား ရှည်ကြာ လာပါက အမှန်ဟု ထင်လာ တတ်ကြသည်မှာ လူ့သဘာဝ ဖြစ်သည်။ သို့ဖြစ်သောကြောင့် မျိုးမြန်မာ ဇာတိမာန် ဖောက်၍ လူမျိုး မပျောက် ရလေအောင်၊ အထူးသဖြင့် ဆယ်ကျော်သက် အမျိုးသမီး ငယ်တိုင်း''ချောင်းကိုပစ်၍ မြစ်ကို မရှာသင့်ကြောင်း'' အလေးအနက် သတိထား ကြရမည်။

ယဉ်ကျေးမှုဆိုတာ.

ယဉ်ကျေးမှုဆိုတာ...
----------------------

တစ်ခါတရံမှာ ကိုယ်လက်မခံနိုင်တဲ့ ဂီတ၊ ယဉ်ကျေးမှုတချို့တွေ့တဲ့အခါ ကိုယ့်ကိုယ်
သိပ်ရှေးရိုး ဆန်နေသလားလို့ ပြန်ဆန်းစစ်မိပါတယ်။ ငါဟာ(conservative)တစ်
ယောက်များ ဖြစ်နေပြီလားလို့ ကိုယ့်ကိုယ်တွေးမိပါတယ်။တကယ်တမ်းခံယူထားမိတာ
က ကိုယ့်ယဉ်ကျေးမှု၊ ဂီတဆိုတဲ့ စည်းမျဉ်းအပေါ်လေးစားမှု၊ တန်ဖိုးထားမှုနဲ့လည်း သက်ဆိုင်မယ်လို့ ထင်ပါတယ်။ မြန်မာဂီတနဲ့ ကမ္ဘာ့ဂီတမှာ မြန်မာ့ဂီတကို ပိုသဘော
ကျမိပါတယ်။ ဘာလို့လည်းဆိုတော့ မြန်မာ့ဂီတကို ကာလပေါ်၊ ခေတ်ပေါ်တေးဂီတ
အထိကြိုက်နှစ်သက်ခဲ့ပါတယ်။ အနောက်တိုင်း ဂီတတွေကိုလည်း နှစ်သက်မိတာရှိ
သလို မနှစ်သက်မိတာတွေလည်း ရှိပါတယ်။ (Mono) သီချင်းတွေကို အာပေးပါတယ်။ (Rock)ဆို မကြိုက်ပါဘူး။ (Mono)သီချင်းတွေကို ကြိုက်ရတဲ့ အကြောင်းက မြန်မာ့ဂီတ
နဲ့ ဆင်တူနေလို့ပါ။ (Pop) လည်းကြိုက်ပါတယ်။ တချို့ဟာတွေမကြိုက်တာလည်း ရှိပါ
တယ်။ ကမ္ဘာမှာ (Pop)ဘုရင်လို့နာမည်ကြီးတဲ့ မိုက်ကယ်ဂျက်ဆင်ကိုလည်း ကြိုက်တဲ့
သီချင်းတွေရှိသလို မကြိုက်တဲ့သီချင်းတွေလည်း ရှိပါတယ်။ ဂီတအကြောင်းတွေကို
ထည့်သွင်းပြောရရင် ကျယ်ပြန့်သလို အငြင်းပွားစရာလေးတွေလည်း ပါနိုင်တာမို့ ကျွန်တော်ချန်လှပ်ပါ့မယ်။ ကိုယ်ကြိုက်ရာကိုယ်နားထောင်ပေါ့။ ခံစားမှုပုံသဏ္ဍန်တူနိုင်
တာမဟုတ်လို့ပါ။

ကျွန်တော်အနေနဲ့ မြန်မာ့ဂီတကို ကမ္ဘာ့ဂီတတွေထက် တန်ဖိုးထားလေးစားမိတဲ့
အချက်တွေက မြန်မာသီချင်းတွေ ကမ္ဘာကျော်ချင်မှကျော်ပါမယ်။ ဒါပေမဲ့ မြန်မာနဲ့
ကိုက်ညီတဲ့ ဓလေ့တွေ ရေးစပ်ပုံတွေ၊ သံစဉ်ဖန်တီးမှုတွေက မြန်မာနဲ့ ကိုက်ညီပါတယ်။
ယဉ်ကျေးတဲ့ ဓလေ့စရိုက်တွေ ပါသလို ခနဲ့တဲ့သရော်တဲ့ အသုံးနှုန်းတွေ မြန်မာတွေနဲ့
ကိုက်ညီမှုရှိပါတယ်။ မြန်မာသီချင်းတွေ နားထောင်ခဲ့ရသလောက်တော့ ရိုင်းစိုင်းတဲ့
အသုံးနှုန်း မိုက်ရိုင်းလောက်အောင် မပါတဲ့ယဉ်ကျေးမှုတွေ ရှိနေပါတယ်။ ကိုလွှမ်းမိုး
တို့သီချင်းတွေ မှာဆိုရင် ရန်ကုန်မှာမွေးတဲ့ကျွန်တော့်ကို အညာမှာမွေးတဲ့နွားက မကြည်သလိုစိုက်လို့ကြည့်ဝင်ခွေ့တယ်....လို့ပြောတာ။ ဒီနေရာမှာ တစ်ဘက်က ရိုင်း
တယ်လို့ထင်ရပေမဲ့ သူ့ရေးတာ နွားကိုပဲရည်ညွှန်းတာပါ။ ခနဲ့တာပါ။ ဒဲ့မဆော်ပါဘူး။
ကိုစိုးလွင်လွင်ဆိုရင်လည်း ဒီလမ်းထဲကိုနောက်တစ်ခါ ဘယ်တော့မှမလာတော့ဘူး။
နောက်ဆုံးမှာ သူခံယူတာ သူချဆိုတယ်။ အားနည်းချက်ရှာနေတတ်တဲ့ လူတွေနဲ့
မဆက်ဆံချင်တော့ဘူး။ ဟုတ်တာပဲ...လူတွေကအပြစ်ပဲမြင်နေတတ်ကြတာကို...။
မြန်မာတေးလောကရဲ့ (Own Tune) သမားတွေရေးခဲ့ရာ၊ ဆိုခဲ့ရာတွေမှာ ရိုင်းစိုင်း
သွား အောင်တော့ မလုပ်ခဲ့ကြပါဘူး။ အကုန်လုံးကို ခြုံပြောရရင် မြန်မာ့ဂီတကို
တီထွင်ဖန်တီးသွားသူတွေ တေးသီးချင်းရေးစပ်သီဆိုသွားသူတွေ ပြဇာတ်၊ အငြိမ့်အ
ထိ တန်ဖိုးထားပါတယ်။ ကောက်နုတ်ပြရရင်လည်း တွံတေးသိန်းတန်ရဲ့ထွေးညို၊
လေးနွယ် ဒီလိုသီချင်းတွေဆိုရင် အံ့မခန်းပါ။ ရေးစပ်သူရဲ့ စေတနာ၊ ဆိုသူရဲ့ ကျပေါက်
ပညာပေးတာ ခေတ်အဆက်ဆက်ထိတောင် မှတ်သားစရာ။ ထည့်ပြောရမဲ့ အနုပညာ
ရှင်တွေမနည်းပါဘူး။

နောက်ပိုင်းတော့ အဲ့ဒီလိုအနုပညာရှင်တွေပျောက်ကွယ်သွားပါ တယ်။ ဘာ့ကြောင့်လဲ
ဆိုတော့ စနစ်ကြီးကအသေချာ ဖန်တီးလိုက်လို့ပါ။ ကျွန်တော်တို့ဗမာတွေ အင်္ဂလိပ်
ခေတ်မှာတောင် အင်္ဂလိပ်ကို တော်လှန်ဖို့ ကဗျာ၊ တေးသီးချင်း၊ လင်္ကာတွေစပ်လို့ရခဲ့
သေးသဗျ။ လွတ်လပ်ရေးရပြီးမှ တောက်လျှောက် ငါတို့လာမထိ နဲ့ကွ.... ဆိုခွင့်ပိတ် သကွာ။ ၅နှစ်နား၊ ၂နှစ်၊ ၃နှစ်၊ ၄နှစ်နားတွေပါ ဖြစ်ကုန်တယ်။ ခေတ်စနစ်ကို ထင်ဟပ်
ဖို့ ဘာကဗျာမှမစပ်နဲ့ ဘာစာမှမရေးနဲ့ ဘယ်သီချင်းမှလည်းမရေးနဲ့ ဆိုပြီး လုပ်ခဲ့ရာမှာ
ဂီတ၊ စာပေ၊ ယဉ်ကျေးမှုတွေ မြောင်းထဲရောက်သွားတယ်။ အစဉ်လာရှိတဲ့ ဂန္ဓ၀င်တေး
လောကကြီးလည်း ပျင်းရိဖွယ်ဖြစ်သွားတယ်။ အဲ့ဒီနောက်မှာ အနုပညာရှင်တွေ ဖန်တီးသူတွေ အဆင့်တန်းတွေက နိမ့်ကျသွားတာ ပြောမဆုံးပေါင် တောသုံးထောင်။
စနစ်ပျက်နဲ့ အုပ်ချုပ်လိုက်တာမှာ ကျန်တဲ့ ကဏ္ဍတွေ အဖတ်ဆယ်လို့မရအောင် ဘေး
ထွက်ဆိုးကျိုးတွေပါလာတယ်။ မြန်မာဟာ ကမ္ဘာမှာ အနိမ့်ဆုံးစားရင်းဝင်သွားတာ
ဖိနှိပ်ချုပ်ချယ်မှုကနေ ကျန်တဲ့ကဏ္ဍတွေအကုန် တစ်ခုချင်းစီ ကမ္ဘာကိုဘာနဲ့မှ ရင်ပေါင်တန်းလို့ မရတော့ဘူးဖြစ်သွားတာ။ ကဏ္ဍတစ်ခုထဲအဖြေရှာကြည့်ရင် အုပ်ချုပ်
ရေးယန္ဓယားကနေ ကျန်တဲ့ကဏ္ဍတွေအကုန်ဖျက်ဆီးပစ်လိုက်တာ။

Thursday, 1 May 2014

လူငယ်တို့ နိုင်ငံကို ဦးဆောင်ဖို့

လူငယ်တို့ နိုင်ငံကို ဦးဆောင်ဖို့

 


လူ့ဘောင်တွင်းမှာ လူငယ်နဲ့ လူကြီး ခြားနားမှုတွေ အရမ်းများလာပါတယ်။ လူကြီးပြောတဲ့ စကား လူငယ်နားထဲ မဝင်တော့သလို၊ လူငယ်ပြောတဲ့ စကားလည်း လူကြီးနားထဲ မဝင်တော့ ပါဘူး။ တက္ကသိုလ်စာသင်ခန်းတွေထဲမှာ လူစုံမနေတော့ပါဘူး။ မိဘထမင်းဝိုင်း မှာမစုံတော့ပါဘူး။ အိမ်အချိန်မှန် ပြန်မရောက်တော့ပါဘူး။ ကလပ်မှာ၊ ဘီယာဆိုင်မှာ၊ အနှိပ်ခန်းမှာ၊ ပျော်ပွဲစားတန်းမှာ၊ လောင်ကစားဝိုင်းမှာ၊ လက်ဘက်ရည်ဆိုင်မှာ၊ ဂိမ်းဆိုင်မှာ၊ ပန်းခြံမှာ လူငယ်အရေအတွက်တွေ တိုးသထက်တိုးလာပါတယ်။

ဒီတော့ လူငယ်တွေထဲမှာ အကြမ်းအားဖြင့် နှစ်မျိုးထွက်ပေါ်လာပါတယ်။ တစ်မျိုးက စာကြမ်းပိုးနဲ့ တစ်မျိုးက ဖြစ်သလို ဖြစ်ပါတယ်။ စားကြမ်းပိုးဆိုတာကတော့ ထုံးစံအတိုင်း ပတ်ဝန်းကျင် လေ့လာမှုအားနည်းပြီး အရာရာကို မျက်ကွယ်ရှုပြီး ကိုယ့်လမ်းကိုလျှောက်နေ သူ ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ စာလည်း လုပ်ချင်လုပ်မယ်။ မလုပ်ချင်မလုပ်ဘူး။ အလုပ်လည်း လုပ်ချင်လုပ်မယ်။ မလုပ်ချင်မလုပ်ဘူး။ အပျော်အပါး ခုံမင်မယ်။ ကြားနေကျ အတိုင်းဆိုရင် ဂိမ်းဆော့မယ်၊ ဘော်ဒါတွေနဲ့လိမ့်မယ် အစရှိသဖြင့်တို့ ဖြစ်ပါတယ်။ စားကြမ်းပိုးလည်း မကောင်းသလို၊ ဖြစ်သလို လူငယ်လည်း မကောင်းပါဘူး။

ဒီတော့ လူကြီးတော်တော်များများက ထွက်တဲ့ လေသံက ဒီလိုပါ “ဒီခေတ်ကလေးတွေ တော်တော်ပျက်ဆီး နေပြီ၊ မင်းတို့ဆီ ငါတို့နိုင်ငံလက်ဆင့်ကမ်းရမှာ ရင်လေးသကွာ” ဆိုတာပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ ခံနိုင်ပါသလား။ ကိုယ်တိုင်ကရော် တကယ်ပျက်ဆီး နေပြီလား။ အမှန်တော့ လူကြီး လူငယ်ကြား ခြားနားမှု ကြီးမားလာခြင်းကြောင့် ဒီလို အသံများ ထွက်လာခြင်း ဖြစ်ပါတယ်။ ဒီတော့ ပညာ သင်ကြားဆဲနဲ့ လုပ်ငန်းခွင် စတင်ဝင်ရောက်နေတဲ့ လူငယ်များအတွက် ဒီစာက ရည်ရွယ်ပါ တယ်။

၁။ ပညာသင်ကြားခြင်း

တော်တော်များများ ပြောကြပါတယ်။ သင်သာသင်နေတာ၊ ဘာမှအကျိုးမရှိဘူး။ စာမေးပွဲတွေလည်း တစ်ခုပြီးတစ်ခု၊ အစရှိသဖြင့် ငြီးငြူတတ်ကြပါတယ်။ ဒီမှာ ငြီးငြူပြီး အကြောင်းပြချက်အမျိုးမျိုးကို ပညာကို အလေးမထားသူဟာ တကယ် လူညံ့ဖြစ်ပါတယ်။ အချို့ ကဥာဏ်ကောင်းတယ်။ တို့နိုင်ငံ ပညာရေးက အဆင့်နှိမ့်လို့ စာမလုပ်ချင်ဘူး လို့ဆိုပါတယ်။ အမှန်ဆို ဒီလိုနှိမ့်ပါတယ်လို့ ယူဆရင် ကိုယ်က အများထက်သာအောင် လုပ်ပြရမှာ ဖြစ်ပါတယ်။ ခရီးတစ်ခုကို ဆုံးအောင်မသွားရသေးပဲ ဒီခရီးက မပင်ပန်းဘူး (သို့မဟုတ်) မခက်ခဲဘူးလို့ ဟစ်ကြွေးနေလို့မရပါ။ ကိုယ်က ခရီးတစ်ခုလုံးကို ဆုံးအောင် လျှောက်ထားမှ အမျိုးမျိုး ပြန်လည်ဝေဖန်နိုင်မှာဖြစ်ပါတယ်။ ခက်တယ်ဆို လဲခက်တယ်၊ လွယ်တယ်ဆိုလည်း လွယ်တယ် ပြောပြနိုင်အောင် ကြိုးစားခြင်းဖြင့် သက်သေပြရမှာ ဖြစ်ပါတယ်။ ဒါမှ ကိုယ်က အများအားထားရမယ့် လူတစ်ယောက် ဖြစ်လာ မှာ ဖြစ်ပါတယ်။

လွယ်ပါသလား။ လွယ်တယ်ဆိုရင် နံပါတ်တစ်ဖြစ်အောင်ကြိုးစားပြီး သက်သေပြလိုက်ပါ။ သင်ယူရန် ခက်ခဲနေပါသလား အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြီး ဒီအခက်အခဲကို သက်သေပြနိုင်အောင် ကြိုးစားပါ။ ဒါဆို ပညာရေးစနစ်တစ်ခုလုံး ပြောင်းလဲမသွားတောင် ကိုယ်က ဒီထဲမှာ အကောင်းဆုံး ဖြစ်နေပါပြီ။ ကျောင်းမလစ်ပါနဲ့။ အတန်းမပျက်ပါနဲ့၊ ဆရာ၊ဆရာမများကို လေးစားပါ။ ပညာကို လေးစားပါ။ ပညာဆိုတာ အမြဲသင်ကြားနေ ရတာဖြစ်ပါတယ်။ ကျောင်းပြီးပေမယ့် ကိုယ်ရောက်ရာအရပ်မှာ အမြဲတမ်း သင်ယူလေ့ လာနေရတာ ဖြစ်ပါတယ်။

၂။ ပျော်ရွှင်မှု

နောက်ကျပြီဟု ဘယ်သူပြောလဲ(ဖေမြင့်)

နောက်ကျပြီဟု ဘယ်သူပြောမှာလဲ (ဖေမြင့်)
---------------------------
လူအများအပြားကို နှိပ်စက်ခြောက်လှန့်တက်သည့် စကားတစ်ခွန်းရှိသည်။
“သိပ်နောက်ကျသွားပြီ“ ဆိုသောစကား။

အထက်တန်းကျောင်းသားဘ၀မှ ကျောင်းထွက်လာခဲ့သူက အနိမ့်စားအလုပ်တွေ လုပ်နေရခြင်းအတွက် စိတ်မချမ်းမသာ ဖြစ်သည်။ ခုနေကျောင်းပြန်တက်ပြီး အတန်းပညာပြည့်စုံအောင် သင်လို့ရရင် သိပ်ကောင်းမည်ဟု တွေးသည်။ သို့သော်၊ “

ခုတော့ သိပ်နောက်ကျသွားပြီ“ တဲ့။ သူက ဆိုသည်။

ဇနီးသည်အပေါ် သစ္စာဖောက်ဖျက်ခဲ့မိသည့် ခင်ပွန်းသည်ကလည်း သူ့အိမ်ထောင်ရေးဘ၀ကို အဖတ်ဆည်ချင်သည်။ပြန်သာယာအောင် ပြုပြင်ချင်သည်။ သို့သော် “သိပ်နောက်ကျသွားပြီ“ ဟု သူက ဆိုနေသည်။

အရက်သောက်လွန်းသဖြင့် အလုပ်မှ ထုတ်ပယ်ခြင်းခံရသူကလည်း အရက်စွဲရောဂါကို ကုစားကာ ဘ၀ကို အသစ်တစ်ဖန် ပြန်စချင်သည်။ သို့သော် “နောက်ကျခဲ့ပြီ“ ဟု မြင်နေသည်။

မိသားစုတွေ ဇနီး ခင်ပွန်းတွေကို ကြည့်လျှင် အချင်းချင်း ပဋိပက္ခမဖြစ်ဖူးသူ အလွန်ပင်နည်းလှကြောင်း တွေ့ရမည်ဖြစ်သည်။ ကတောက်ကဆ ဖြစ်ပြီးစတွင် နှစ်ဖက်စလုံး တင်းမာကာ ပြေရာပြေကြောင်း စကားဆိုလိုသော ဆန္ဒမရှိတက်ကြ။ အချိန်ကြာသည့်အခါ၌မူ စိတ်တွေတော့ ပြေသွားသည်။ သို့သော်
ဒေါသထွက်စဉ်က လွန်လွန်ကျွံကျွံပြောခဲ့ဆိုခဲ့ လုပ်ခဲ့မိသည်များ အတွက်
ဝန်ချတောင်းပန်ဖို့ကျတော့ အချိန်တွေ သိပ်နောက်ကျသွားပြီဟု
ခံစားမိတတ်ကြပြန်သည်။

သည်လိုပုဂ္ဂိုလ်မျိုးတွေကို ကျွန်တော် အမြဲပြောသည်။

“အဓိပ္ပာယ်မရှိတာ၊ ပြီးခဲ့တဲ့အမှားကို ပြန်ပြေအောင်လုပ်ဖို့ ဘယ်တော့မှ နောက်ကျတယ်လို့ မရှိဘူး၊ ဘယ်ကိစ္စမဆို အသစ်ပြန်စဖို့အတွက် နောက်ကျသွားပြီ ဆိုတာ မရှိဘူး“ ဟူ၍ ။

Tuesday, 29 April 2014

ကျနော့ရဲ့ချစ်ဇနီး

(ဒီဇာတ်လမ်းလေးကို ဖတ်ကြည့်ပါ၊ ရင်ထဲကို ခံစားမှုတစ်ခုခု ပေးလိမ့်မယ် )

အဲဒီညကို ကျွန်တော်ဘယ်လိုမှ မေ့လို့မရပါဘူး။
ကျွန်တော် ခါတိုင်းလိုဘဲ သတင်းကြည့်နေတယ်။ ကျွန်တော့ အမျိုးသမီး ရေးချိုးခန်းကထွက်လာပြီး ကျွန်တော့ကို ပြောတယ် “ခြေထောက်မှာ ဘာလို့မှဲ့တစ်လုံးထွက်လာပါလိမ့်?”
ကျွန်တော်ကတော့ မိန်းကလေးတွေတော်တော်များများ ဘာမှမဟုတ်တဲ့ကိစ္စလေးကို ရေးကြီးခွင်ကျယ် လုပ်တတ်တယ် ဆိုပြီး ဂရုမစိုက်ဘဲ ဒီတိုင်းထားလိုက်တယ်။...


ကျွန်တော်တို့ ဘ၀က ဖြတ်သန်းလာရတာ အေးအေးဆေးဆေးပါဘဲ။ ကျွန်တော် ကုမ္ပဏီမှာ ရာထူးတစ်ခု ရပြီးနောက်ပိုင်းမှာ သူကလဲ အိမ်က ဝေရာဝိစ္စတွေအားလုံး ကို တာဝန်ယူခဲ့တယ်။

ကျွန်တော့ အလုပ်က အမြဲအချိန်ပို လုပ်နေရသလို ခရီးလဲ ခဏခဏထွက်ရတယ်။ တခါတလေ ထွက်လိုက်ရင်လဲ ၃ပတ်လောက်ကြာတယ်။ ခရီးထွက်နေတုန်း တချို့ကတော့အိမ်က လူကြီးတွေရဲ့ကျန်းမာရေး၊ ကလေးတွေရဲ့ပညာရေးကို စိတ်ပူတတ်ကြတယ်။ ကျွန်တော်ကတော့ စိတ်ချလက်ချပါဘဲ၊ ဘာလို့လဲဆိုတော့ ကျွန်တော်သိတယ်၊ သူကျွန်တော့ မိဘတွေကို ကောင်းကောင်းပြုစုလိမ့်မယ်၊ သားလေးကိုလဲ စာပြပေးမယ် ဆိုတာတွေကို…

တကယ်တော့ သူ့ကို အားကျနေတဲ့သူတွေဟာ ကျွန်တော့ကိုအားကျနေတဲ့သူတွေလိုဘဲများပါတယ်။
တခြားလူတွေရဲ့ အမြင်မှာ သူဟာ မနက်၉ နာရီ ကနေ ညနေ ၅နာရီ အထိ အထက်လူကြီးရဲ့ မျက်နှာကိုကြည့်ပြီးလုပ်စရာ မလိုဘူးလေ။ ကျွန်တော်တို့လဲ အရင်ကတည်းက ကားဝယ်ထားတယ်၊ ကွန်ဒိုကိုလဲ ပြောင်းနေနိုင်ပါပြီ။ ကျွန်တော်တို့ ရိုမန်းတစ်ဆိုတာ ကို မသိပေမဲ့ ကျွန်တော်တို့ ရဲ့ကမ္ဘာလေးဟာ သာသာယာယာပါဘဲ။

သူဒီလို တစ်ခုခု လွဲနေသလိုလိုခံစားနေရပြီး သူတစ်ယောက်တည်းဆရာဝန်သွားပြတယ်။
ဆေးစစ်ချက်ထွက်လာပြီ… မှဲ့ကင်ဆာတဲ့။ ဒီဆေးစစ်ချက် အဖြေဟာ ကျွန်တော့ကို တုန်လှုပ်သွားစေတယ်။ အဲဒီနေ့တွေမှာ ကျွန်တော်တို့ နာမည်ကြီးဆေးရုံးတော်တော်များများ ကိုပတ်ခဲ့တယ်။ အဖြေတွေကတော့ အတူတူတွေပါဘဲ။

နာမည် အရမ်းကြီးတဲ့ ဆရာဝန်တစ်ယောက်ကကျွန်တော့ကို ပြောပြတယ် “မင်း အမျိုးသမီးရနေတဲ့ အရေပြားကင်ဆာ ဟာ သေနှုန်း ၉၀% ရှိတယ်။ အဆိုးဆုံးအရေပြားကင်ဆာတစ်ခုပါ၊”


အိမ်မက်ဆိုးတွေကနေ နိုးထပေးကြပါတော့ မြန်မာမိန်းကလေးတွေရယ်




*ဟေ့ကောင် ငါဆော်ကို ငါက စင်ကာပူမှာလို့ ပြောထားတာကွ ။ ငါ့ facebook မှာလည်း စင်ကာပူလို့ဘဲ ရေးထားတယ် ။ ဖုန်းဆက်နေတဲ့ စင်ကာပူက ကောင်မလေးကလည်း လာလည်မယ်ပြောတယ် ။ လာလည်ရင်တော့ အေးဆေးဆေး ဟိုတည်ဘဲ သွားတည်းတော့မယ် ။*

ပျံ့လွင့်လာတဲ့ စကားသံတွေက ကိုယ်နဲ့ မဆိုင်ပေမယ့် နားထဲရောက်လာတာမို့ ကြားနေရတယ် ။ ကြားလိုက်မိတော့ ရင်မောပြန်တယ် ။ လူတွေ ရဲ့ အတွေးခေါ် အယူဆတွေ ဘာကြောင့် ဒီလောက်ထိ ပေါ့တန် သိမ်ဖျင်းလာရသလဲ ။ တစ်နေ့ တစ်နေ့ မကြားချင်လည်းကြးနေရတယ် ။ မမြင်ချင်လည်း မြင်နေရတဲ့ မြင်ကွင်းတွေ ၊ အသံတွေကို မုန်းလာသလိုထိ ရင်ထဲမှာ ခံစားလာရတယ်ဆို ပိုလိုက်တာလို့ ပြောကြမလား မသိဘူးနော် ။ ယနေ့ ခေတ်စားလာတဲ့ ချက်တင် ချစ်သူတွေ ၊ ဖုန်းချစ်သူတွေ အဖြစ်ပေါ့ရှင် ။ facebook မှာရေးထားတဲ့ ကိုယ်ရေးအချက်လက်တွေကို ကြည့်ပြီး သူ့ကိုရေးထားတာတွေကို အဟုတ်တွေမှတ်နေကြတဲ့ မြန်မာမိန်းကလေးတွေ ။ ပညာတွေ သင်ထားတာ အလကားမှ မဟုတ်တာဘဲ ။ လေ့လာပါ ၊ တွေးပါ ၊ ဆင်ခြင်ပါ လို့ပြောချင်မိတယ် ။ပြောတိုင်းယုံနေရအောင် ကျွန်မတို့ကို မိဘမွေးထဲက ဦးနှောက်ဆိုတာ ထည့်ပေးထားတယ် ။ ဒါအလကားထားဖို့မှ မဟုတ်တာ ။ ယောကျာင်္းတစ်ယောက်ကို ရွေးချယ်တဲ့ နေရာမှာ သူ့ရောက်နေတဲ့ နိုင်ငံတွေ ၊ သူ့ပိုင်ဆိုင်မှုတွေထက် အဓိကထား ရွေးချယ်ရမယ့် အချက်တွေရှိပါတယ် ။

၁.ယောကျာင်္းတစ်ယောက်ရဲ့ အရည်ချင်း ၊
၂.မိမိချစ်သူအပေါ် စာနာထောက်ထားတတ်မှု ၊
၃. မိမိချစ်သူအပေါ် သစ္စာရှိမှု ၊
၎. မိမိအပေါ် ဦးဆောင် တတမှု ၊
၅.နှမချင်းစာနာစိတ်ရှိခြင်း
၆.ဘာသာတူညီခြင်း၊
၇.ကျွန်မတို့ ဘ၀တွေကို ဘယ်လောက်ထိ လုံင်္ခြုမှုပေးနိုင်ခြင်း

ဆိုတဲ့အချက်တွေကို စံထားရွေးချယ်ရမှာပါ ။ ဘာမဟုတ်တဲ့ အရာတွေနဲ့ မဟုတ်တဲ့ ဂုဏ်ပကာသနတွေကို မက်မောမိရင် ရလာဒ်တွေက အလိမ်အညာတွေနဲ့ဘဲ တွေ့ဆုံနေကြရပါလိမ့်မယ် ။ စင်ကာပူမှာ ရှိရှိ အင်္ဂလန်မှာ ရှိရှိ ဒါတွေက အရေးမကြီးပါဘူး ။ အပေါ်က အချက်တွေနဲ့ ကိုက်ညီမှုရှိဖို့ ပိုအရေးကြီးပါတယ် ။ နိုင်ငံခြားဆိုတိုင်း အထင်မကြီးကြပါနဲ့ မြန်မာမိန်းကလေးတွေရယ်။ မဟုတ်တဲ့ဆိုဒ်မှာ ညီမလေးတို့ မမတို့ vzo ပုံတွေ ပလူပျံနေတာ သက်သေပါဘဲ ။ သေချာဘာမှ မသိတဲ့ ယောကျာင်္းတွေ အပေါ် ချစ်မိသွားလို့ပါဆိုတဲ့ အကြောင်းပြချက်လေး တစ်ခုနဲ မိမိတို့ ဘ၀တွေကို နင်းခြေမခံမိကြပါစေနဲ့ကွယ်။ လူုဖြစ်ရတဲ့ ဘ၀လေးမှာ လူဖြစ်ရကျိုးနက်ဖို့ဆိုတာ သိက္ခာရှိအောင်နေတတ်ဖို့ သိပ်အရေးကြီးပါတယ် ။ အွန်လိုင်းပေါ်က စကားတွေဟာ ယုံတမ်းစကားတွေလား အမှန်တမ်းစကားတွေလားဆိုတာကို ဝေဖန်ခွဲခြားနိုင်ခြင်း မပြုနိုင်ခင်မှာ ဘာကိုမှ မရက်ရောတာ အကောင်းဆုံးပါ ။ ဒါဆို မေးစရာရှိတယ် ။ အွန်းလိုင်းချစ်သူတိုင်းကို မယုံရတော့ဘူးလားလို့ ။ မဆိုလိုပါဘူး ။ တကယ်မေတ္တာစစ်နဲ့ ချစ်ပြီး ဘ၀ကို လက်တွဲသွားကြတဲ့ သူတွေ တပုံတပင်ပါဘဲ ။ ဒီလို လက်တွဲသွားတဲ့အထိ ဖြစ်တဲ့နေရာမှာ ဆုံးဖြတ်ချက်တွေ မှန်ကန်ဖို့ ရွေးချယ်တတ်ဖို့တော့ လိုတယ် ။ အွန်လိုင်းမှာ ချစ်သူဖြစ်ပြီး တာနဲ့ ပုံတွေတင်ကြတော့တာလည်း ခေတ်စားလာသလိုဘဲ ။စကား စပ်မိတုန်းလေး ပြောချင်သေးတယ် ။ မိမိချစ်သူကို ချစ်လို့ ကိုယ်ပိုင်တယ်ဆိုတာကို လူသိအောင် လုပ်ပေမယ့် တကယ်တမ်းမယူဖြစ်တဲ့ အခါမှာ နစ်နာသွားတာ ကျွန်မတို့ မိန်းကလေးတွေပါပဲ ။ နောက်တစ်ခု ချစ်သူဖြစ်ပြီဆိုတာနဲ့ အကောင့် password တွေကိုတောင်းတတ်ကြတာလည်း မိန်းကလေးတော်တော်များများရဲ့ တူညီတဲ့ အချက်ပါပဲ ။ တောင်းတာကို ကျွန်မ အပြစ်မဆိုပါဘူး ။ လိုအပ်တာထက် ပိုတဲ့ ပိုင်စိုးချင်တဲ့ စိတ်တွေက အချိန်တန်တော့ ကိုယ်ကိုဘဲ ဒုက္ခုပြန်ပေးတတ်တယ်ဆိုတာကို ပြောပြချင်တယ် ။ ဟုတ်ပြီ password ရပြီ။ ဖွင့်ကြည့်မယ် ။ ဒီလောက်ဆို လုံလောက်ပြီလေ ။

Followers