အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Showing posts with label သရော်စာ. Show all posts
Showing posts with label သရော်စာ. Show all posts

Tuesday, 1 July 2014

ဒေါက်တာရယ်၊ဘောက်ချာရယ်၊ဘောက်ဆာရယ်...ပြီးတော့.....

မ.ဆ.လခေတ်မှာ ဝန်ထမ်းတွေ ‘‘ဘောက်ချာ’’နဲ့လုပ်စားကြတဲ့အကြောင်း  သရော်ထားတဲ့လူပြော၊  သူပြောဇာတ်လမ်းလေးတစ်ခုပေါ်ခဲ့ဖူးပါတယ်။

                  တစ်နေ့မှာ ဌာနတစ်ခုကို အရေးကြီးပုဂ္ဂိုလ်တစ်ဦးရောက် လာမှာမို့ ဌာနကဝန်ထမ်းတစ်ဦး ကို အရာရှိက တစ်ပိဿာလောက် ရှိတဲ့ ကြက်တစ်ကောင်သွားဝယ် ခိုင်းလိုက်ပါတယ်။ ဝန်ထမ်းက လည်း အရာရှိလိုချင်တဲ့ ကြက်ကို ဝယ်ပြီး ပြန်ရောက်လာတော့ ကုန် ကျစရိတ်ကို ဘောက်ချာနဲ့ ပြန် တင်ပါတယ်။ အဲဒီဘောက်ချာကို အရာရှိကယူပြီးကြည့်တော့ ပထမစာကြောင်းမှာ အောက်ပါအတိုင်းတွေ့ပါတယ်။

         ‘‘ထမင်းဆာ.. ခေါက်ဆွဲ ကြော်ဝယ်စား’’ ဒီတော့ အရာရှိက ဝန်ထမ်းကိုမေးပါတယ်။ ထမင်း ဆာတာ ဘာလို့ခေါက်ဆွဲကြော် ဝယ်စားရတာတုံးပေါ့။ ဒီတော့ ဝန်ထမ်းက ကြက်ဝယ်သွားတဲ့ အချိန်က ထမင်းစားချိန်ဖြစ်လို့ သူအရမ်း ထမင်းဆာနေတာမို့ ထမင်းဆိုင်လိုက်ရှာပေမယ့် ထမင်းဆိုင်မတွေ့တာနဲ့ ခေါက်ဆွဲကြော်ဆိုင်ကိုဝင်ပြီး  ဖြစ်သလို ခေါက်ဆွဲကြော်ပဲဝယ်စားလိုက်ရ ပါတယ်လို့ ပြန်ဖြေပါတယ်။ ဒီ တုန်းက ထမင်းဆိုင်တွေဟာ အဝ စားငါးကျပ်လောက်ပဲရှိပါတယ်။ ဒါပေမဲ့ ခေါက်ဆွဲကြော်ကတော့ ထမင်းထက်ဈေးနည်းနည်းပိုပါ တယ်။ ထားတော့။ အရာရှိက လက်ခံလိုက်ပါတယ်။ ဒါနဲ့ ဒုတိယစာကြောင်းကို ဆက်ဖတ်လိုက်ပြန်ပါတယ်။
‘‘ရေဆာ.. ဘီယာသောက်’’ ဒါတော့ နည်းနည်းလွန်လာပြီထင် ပါတယ်။ မြန်မာပြည်မှာ ရေတစ် ခွက်လောက်ကတော့ ဘယ်အိမ် ဝင်တောင်းတောင်းသောက်လို့ရ နိုင်ပါတယ်။ အိမ်တွေဝင်ပြီးရေ မတောင်းချင်လည်း လမ်းဘေးမှာ ရေအိုးစင်တွေရှိပါလျက်နဲ့ ဘယ့် နှယ် ဘီယာဝယ်သောက်ရသလဲ ပေါ့။ ဒီတော့ ဝန်ထမ်းက သူကြက်ရှာပြီးဝယ်တဲ့အချိန်က နေအရမ်းပြင်းတဲ့နေ့လယ်ချိန်ကြီးပါ။ သောက်စရာရေအိုးစင်မတွေ့တာနဲ့ ဆိုင်တစ်ဆိုင်ဝင်ပြီး ရေဝယ်တော့လည်း ရောင်းစရာရေ မရှိတာမို့ အဲဒီဆိုင်မှာအလွယ်တကူရတဲ့ ဘီယာပုလင်းကိုပဲ ရေအမှတ်နဲ့ အတင်းမျိုချခဲ့တယ်ဆိုပါတယ်။ အရာရှိက သိပ်မကျေနပ်ချင်ပေမယ့် မပြောချင်တာနဲ့ နောက်ဆုံးစာတစ်ကြောင်းကို  ဖတ်လိုက်ပြန်ပါတယ်။ဒီမှာတင်  အရာရှိ မျက်လုံးပြူးသွားပါတော့တယ်။

    ‘‘ကြက်တစ်ပိဿာ ခြောက် ထောင်ကျပ်’’ဒါကတော့ အရမ်း တရားလွန်သွားပြီထင်ပါတယ်။ အဲဒီတုန်းက ကြက်တစ်ပိဿာရဲ့ တန်ကြေးကနှစ်ရာ မကျော်ပါဘူး။ခုဟာက သုံး၊ လေး၊ ငါးရာဆိုတောင်မှ  ကြားကောင်းပါသေး တယ်။ တစ်ပိဿာခြောက်ထောင် ဆိုတာကတော့ ဘာကြက်မို့လဲ ဆိုပြီး မျက်လုံးပြူးသွားပါတယ်။ ဒါပေမဲ့ အဲဒီကြက်တစ်ပိဿာ ခြောက်ထောင်ရဲ့  အောက်မှာ မှတ်ချက်ကလေးပါပါတယ်။ အဲဒီ မှာ ဘာရေးထားသလဲဆိုတော့ ‘‘မှတ်ချက်-တိုက်ကြက်’’ပါတဲ့ ခင်ဗျာ။ လက်စသတ်တော့ ရိုးရိုး ကြက်ကိုမဝယ်ဘဲ အင်မတန်တန် ဖိုးကြီးတဲ့ ‘‘တိုက်ကြက်’’ကိုမှ ကိုယ်တော်ချောက ဝယ်လာခဲ့ပေ တာကိုးလို့တွေးပြီး ဘောက်ချာကို လက်ခံလိုက်ရပါတော့တယ်တဲ့ ခင်ဗျာ။ တွေးသာကြည့်ပါတော့။‘‘ဘောက်ချာ’’သမားတွေ  အဲဒီ ခေတ်က ဘယ်လောက်လုပ်စား ကြတယ်ဆိုတာကိုပါ။

    နောက် ‘‘န.ဝ.တ’’ခေတ်ကို ရောက်တော့ ‘‘ဘောက်ချာ’’စား တွေပိုပြီး အလုပ်ဖြစ်လာပါတယ်။ အဲဒီခေတ်မှာပေါ်လာတဲ့ ပါးစပ် သရော်စကားတစ်ခုကတော့ သမီးရှင်တွေ သမက်ဖမ်းကြတဲ့ အကြောင်းလေးပါ။
ခေတ်အဆက်ဆက်မှာ ‘‘ဆရာဝန်’’တွေကို ‘‘ဒေါက်တာ’’ လို့ခေါ်ကြပါတယ်။ ဆရာဝန် အလုပ်ဆိုတာ မ.ဆ.လခေတ်မှာ အရမ်းဝင်ငွေကောင်းတဲ့ ပညာတတ်လူတန်းစားတစ်မျိုးပါ။ သမီးချောချောရှိတဲ့ မိဘတွေဆိုရင် ကိုယ့်မြို့ကို   ဆရာဝန်တစ်ယောက်ရောက်လာပြီဆိုတာနဲ့ အတင်းဝင်မိတ်ဆက် အိမ်ကို ထမင်းစားဖိတ်ပြီး သမီးနဲ့တွေ့ပေးပါတယ်။ သမက်ဖမ်းတာပေါ့လေ။ ဒါပေမဲ့နောက်ပိုင်းမှာတော့ ရိုးရိုးဆရာဝန်ဘွဲ့ရရုံလောက်နဲ့ ဆေးခန်းဖွင့်ရင်ကုတဲ့လူကမရှိသလောက်ပါပဲ။ အနည်းဆုံး အထူးကုသမားတော်လောက်မှသာ ဝင်ငွေကောင်းကြလေတော့ ‘‘ဒေါက်တာ’’လောက်ကိုသမီးရှင်တွေက စိတ်မဝင်စားကြတော့ပါဘူး။
အဲဒီမှာ ‘‘ဒေါက်တာ’’ထက် ဝင်ငွေကောင်းတဲ့ သူတွေကတော့ ‘‘ဘောက်ဆာ’’လို့ခေါ်တဲ့ (ဂါလန် ၁,၆၀၀၊  ဂါလန် ၂,၄၀၀)ကား ကြီးတွေမောင်းတဲ့ ‘‘ဘောက်ဆာ မောင်းသူ’’တွေပါ။ စီမံကိန်းကြီး တွေမှာမောင်းတဲ့ ‘‘ဘောက်ဆာ’’ သမားရဲ့ဝင်ငွေဟာ  အရမ်းကောင်းပါတယ်။ ကျွန်တော့် အတွေ့အကြုံအရဆို ဌာနကို "Tank"ထဲကနေပြီး စာရင်းဇယားအရအပြည့်အဝအပ်ပြီးလို့ တိုင်ကီလက်ကျန်ကို ချက်ကနေ ဖောက်ချတာတောင် ဆယ့်လေးငါးဂါလန် ကိုယ့်အတွက်ကျန်ပါတယ်။ တစ်ဂါလန်ကိုးရာ၊ တစ်ထောင်ဆိုရင်တောင်မှ တစ်ခေါက်ကို သောင်းကျော်ကျန်ပါတယ်။ တိုင်ကီက ဆီဂိတ်ပြမြားကိုပြင်ထားရင် ဒါမှမဟုတ်အလျော့တွက်နဲ့ပြန်ပေးရင်ပဲဖြစ်ဖြစ် သူ့အောက်ဆိုက်ဝင်ငွေက မနည်းပါဘူး။  ဒီတော့‘‘ဘောက်ဆာ’’သမားတွေကို သမီးရှင်တွေက သမက်ဖမ်းကြပြန်ပါတယ်။ ‘‘ဘောက်ဆာ’’ သမားတွေ  အလွန်မျက်နှာပွင့်တဲ့ ခေတ်ပဲဆိုပါတော့။

               နောက်ပိုင်းနည်းနည်း ရောက်လာတော့ ‘‘ဒေါက်တာ’’နဲ့ ‘‘ဘောက်ဆာ’’ထက်ပိုပြီး သမီး ရှင်တွေရဲ့ မျက်စိကျခြင်းခံရသူ တွေကတော့ ‘‘ဘောက်ချာ’’သမား တွေပါပဲ။ အရင်ခေတ်တွေတုန်း ကတော့ ဌာနဆိုင်ရာတွေမှာ လိုအပ်တဲ့အသုံးစရိတ်က သိပ်မရှိလှပါဘူး။ ဟို.. တို့တိ.. တို့တိ၊ ဒီ.. တို့တိ.. တို့တိ ဝယ်တာခြမ်းတာ ကလည်း မဖြစ်စလောက်ပါ။ ဒါပေမဲ့ နောက်ပိုင်းစီမံကိန်းဘတ် ဂျက်တွေ အများအပြားရလာ တော့ ‘‘အဝယ်တော်’’တွေပေါ်လာ ပါတယ်။ သူတို့တွေဟာ ဌာနဆိုင် ရာလူကြီးတွေနဲ့ပေါင်းပြီး လုပ်စား ကြတဲ့အခါ ‘‘ဘောက်ချာ’’ကို လိုသလိုအသုံးပြုကြပါတယ်။ ဆိုပါစို့ဈေးကွက်ထဲမှာ ‘‘တစ်ကျပ်’’ပေးဝယ်ရတဲ့ပစ္စည်းတစ်ခု ဟာ ‘‘ဘောက်ချာ’’ထဲမှာ ‘‘လေး၊ ငါးကျပ်’’ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ အထက်လူကြီးက ခွင့်ပြုပြီးသားမို့တရားဝင်ပါတယ်။ ဆိုင်နာမည်၊ လိပ်စာကလည်း အမျိုးမျိုးမို့ ဘယ်သူမှလိုက်ပြီး စစ်မနေနိုင်ပါဘူး။ပြီး.. မြန်မာပြည်မှာကလည်း တစ်ဆိုင် တစ်ဈေးပုံစံမျိုးရောင်းနေကြတာမို့အပြစ်ပြောလို့မရပါဘူး။ ဒါကို အခွင့်ကောင်းယူကြတာပါ။

                  တစ်ခါက ကျွန်တော့်မိတ် ဆွေတစ်ယောက်ပြောပြဖူးတာ လေးတစ်ခုကတော့ သူ့ကို ပစ္စည်း တစ်မျိုး ဌာနက ဝယ်ခိုင်းလိုက်ပါ တယ်။ အနီးစပ်ဆုံးပေးဝယ်ရတဲ့ ဈေးနှုန်းကိုလည်း လူကြီးကပြော လိုက်ပါသေးတယ်။ ဒါပေမဲ့ ဈေး ကွက်ထဲကို သူရောက်သွားတော့ ဝယ်ဈေးက အများကြီးနည်းနေပါ တယ်။ ဆိုပါစို့.. ‘‘ဘောလ်’’တစ် လုံးကို စက်ရုံကသုံးထောင်လောက်နဲ့ဝယ်ခိုင်းလိုက်တာမှာ ဆိုင်တွေမှာ လိုက်မေးကြည့်တော့ အဲဒီတံဆိပ်နဲ့ပဲ တရုတ်လုပ်က တစ်ထောင်ဝန်းကျင်ပဲရှိပါတယ်။ ထိုင်ဝမ်ကလည်း အဲဒီလောက်ပါ ပဲ။ တကယ့်ဂျပန်အစစ်ကမှ နှစ် ထောင်လောက်ပဲရှိပါတယ်။ ဒါနဲ့ သူက ဂျပန် ‘‘ဘောလ်’’ကိုဝယ်လာ ပါတယ်။   ဌာနကိုရောက်လို့ ‘‘ဘောက်ချာ’’အပ်တော့ အရင် သူ့အထက်အရာရှိက ‘‘သုံးထောင်’’ နဲ့ဝယ်လာတာမို့အရာရှိက လက် မခံပါဘူး။ ဒီတော့ ‘‘သုံးထောင်’’ ပဲပြန်ပြင်ရပါတယ်။ တစ်လုံးကို တစ်ထောင် သူ့အတွက်ကျန်ပါ သတဲ့။

            ဒါတောင်ဆိုင်က ၁၀ ရာခိုင်နှုန်းကော်မရှင်ပြန်ပေးတာ မပါသေးပါဘူး။ ဒီတော့ အဲဒီခေတ်မှာ ‘‘အဝယ်တော်’’ဆိုတဲ့ ဘောက်ချာသမားကို ဒေါက်တာ၊ ဘောက်ဆာသမားတွေထက် သမီးရှင်တွေက ပိုပြီး  မျက်စိကျကြတာမို့ ‘‘ဒေါက်တာ’’မလိုချင်ဘူး။ ‘‘ဘောက်ဆာ’’လည်းမလိုချင် ဘူး။ ‘‘ဘောက်ချာ’’ကိုမှလိုချင်တယ်ဆိုပြီး ဖြစ်လာကြတော့တာပါ။

                  အဲ.. ‘‘နအဖ’’ခေတ်ကို ရောက်တော့ ဒေါက်တာ၊ ဘောက်ဆာနဲ့ ဘောက်ချာထက်ပိုပြီး ကဲတဲ့သူတွေပေါ်လာပါတော့ တယ်။ ဒါကတော့ လုပ်ပိုင်ခွင့်ပို ပြီးရကြတဲ့ အထက်အာဏာပိုင်လူကြီးဆိုသူတွေပါ။ သူတို့တွေက အရမ်းလာဘ်မြင်ပါတယ်။ ‘‘ဘောက်ဆာ’’သမားလည်း မချောင်တော့ပါဘူး။ ခွဲတမ်းကို ဝေပေးရပါတယ်။လူကြီးက အများဆုံးဆိုပါတော့ ‘‘ဘောက်ချာ’’သမားကိုလည်း သူက ကိုင်ထားပါတယ်။ စီမံကိန်းကျပြီဆိုကတည်းက သူကရာခိုင်နှုန်းနဲ့ ဖြတ်ထားလိုက်ပြီးသားပါ။ ဆိုပါစို့.. လမ်းတစ်လမ်းပြုပြင်ဖို့ ဒါမှမဟုတ် အသစ်ဖောက်ဖို့ နိုင်ငံတော်က သိန်းတစ်ထောင်ချပေးလိုက်ရင် သူက အောက်ခြေကို ချမပေးခင်ကတည်းက  ရာခိုင်နှုန်းနဲ့ ဖြတ်ယူပြီးမှ လက်မှတ်ထိုးလိုက်တာပါ။ဒီလိုနဲ့ အဆင့်ဆင့် ဖြတ်ပြီးယူလိုက်ကြတာ။ တကယ် လမ်းဖောက်မယ့်အင်ဂျင်နီယာ လက်ထဲကိုရောက်တော့ သိပ်မကျန်တော့ပါဘူး။ သူကလည်း တစ်ခါဖြတ်စားထားလိုက်ပြန်တော့ လမ်းတွေဟာ ကျောက်ပါး ပါး၊ သဲပါးပါး၊ ကတ္တရာပါးပါးနဲ့ မိုးလေးတစ်ဖြိုက်၊ နှစ်ဖြိုက်ရွာလိုက်တယ်ဆိုရင်ပဲ လမ်းပျက်တော့တာပါပဲ။ ဒါနဲ့ပဲ ဘတ်ဂျက်တွေပြန်တင်လိုက်၊ ပြန်ပြင်လိုက် ပျက်လိုက်သံသရာကရုန်းမထွက်နိုင်တော့ဘဲ နိုင်ငံတော်  ဘတ်ဂျက်တွေကုန်တော့တာပါပဲ။

          ပြီးခဲ့တဲ့ခေတ်တစ်ခေတ်မှာ ဆိုရင် အရမ်းကိုပဲလုပ်စားလိုက် ကြတာ။ တိုင်းပြည်က အခွံသာ ဖြစ်သွားတယ်။ ဘာတစ်ခုမှ ကောင်းတာမရလိုက်ပါဘူး။ အဲဒီ ခေတ်မှာလည်း ပါးစပ်သရော် စကား ဇာတ်လမ်းလေးတစ်ပုဒ် ပေါ်လာပါသေးတယ်။ လူရွှင် တော်တွေတောင်မှ အဲဒီဇာတ် လမ်းကလေးကို တစ်ခန်းရပ်လုပ် ပြီး ပြက်လုံးထုတ်ကြတာ လူတွေ သဘောကျကြပါတယ်။

           အဲဒါက ဘာလဲဆိုတော့ ရာဇဝတ်သားတစ်ယောက်ကို ဘုရင်က သေဒဏ်ချလိုက်ပါ တယ်။ ဒါပေမဲ့ ရိုးရိုးမသတ်ပါဘူး။ ဒီရာဇဝတ်သားကိုတော့ ထူးထူး ခြားခြားလေးဖြစ်အောင် ရွှေပိဿာချိန်တစ်ဆယ်ကို အရည်ဖျော်ပြီးလောင်းချသတ်ခိုင်းလိုက်တာပါ။ ဒီတော့ ဘုရင်က သူ့ ဘဏ္ဍာတိုက်ကနေပြီး ရွှေပိဿာချိန်တစ်ဆယ်ထုတ်ယူဖို့ ဘဏ္ဍာရေးဝန်ကို အမိန့်မှတ်လိုက်ပါတယ်။
ဘဏ္ဍာရေးဝန်က ရွှေတစ် ပိဿာနုတ်ထားလိုက်ပြီး အောက် ကအမတ်ကို ရွှေကိုးပိဿာ အရည်ဖျော်ပြီး လောင်းသတ်လိုက်ဖို့မှာပါတယ်။ အမတ်ကလည်း ရွှေတစ်ပိဿာ  နုတ်ထားလိုက်ပါတယ်။ ဒီလိုနဲ့ အဆင့်ဆင့်ဖြတ်.. ဖြတ်ပြီးယူလိုက်ကြတာ နောက်လက်မရွံ့ အာဏာသားဆီကိုရောက်တော့ ရွှေကမကျန်တော့ပါဘူး။  ရာဇဝတ်သားကလည်း သူ့ကို  ရွှေတွေအရည်ဖျော်ပြီး လောင်းသတ်စေ။ အမိန့်ချကတည်းကသေရမှာကိုမကြောက် တဲ့အပြင် ဂုဏ်ရှိတဲ့သေနည်းပဲလို့ တွေးပြီး ပျော်တောင်မှနေတဲ့သူ ပါ။ ဒါပေမဲ့ ခုတော့ သူ့ကိုသတ် မယ့်အချိန်မှာ ရွှေကမရှိတော့ပါ ဘူး။ အထက်အာဏာပိုင်အဖွဲ့လူ ကြီးတွေဖြတ်စားလိုက်လို့ ရွှေက မကျန်တော့တာမို့ နောက်ဆုံး သူ့ ကို ရွှေတွေအရည်ဖျော်ပြီးလောင်း သတ်မယ့်အစား ရေနွေးပွက်ပွက် ဆူနဲ့ လောင်းသတ်ဖို့ကြံကြပါ တော့တယ်။ ဒီတော့ ရာဇဝတ် သားက ရင်ကိုထု.. ထုပြီး ငိုလိုက် တာလေ။ သူ့အဖြစ်ဆိုးလှချည်ရဲ့ လို့ပေါ့။
ကျွန်တော်တို့ မြန်မာလူမျိုး တွေများ  ဒုက္ခရောက်နေတာ တောင်မှ ရယ်စရာပြက်လုံးထုတ် နိုင်ကြတာ ပြောပါတယ်။
   

                                                          By=ဘစံကောက်

Sunday, 29 June 2014

အစွယ်နဲ့အကောင်လား အဆိပ်နဲ့ အကောင်လား

(တစ်)
ဗက်ဂျီးတေးရီးယန်းစ်ပွဲတော်တဲ့ခင်ဗျ။ ခင်ဗျားတို့ သိပါတယ်။ အင်္ဂလိပ်လိုရေးရင် Vegetarians ဆိုတာပေါ့။ ဗက်ဂျီးတေဘယ်လ် (vegetable) ဆိုတဲ့ စကားကနေ လာတာ။ မြန်မာလို ဘာသာပြန်လိုက်တော့ သက်သတ်လွတ်စားသူများပေါ့။ သူတစ်ပါးအသက် မစားသူများပေါ့။ မဟုတ်ဘူးလား။လူ့လောကထဲမှာ အဲသည့်စကားလုံးအတော်ကလေးခေတ်စားပါတယ်။

တချို့တချို့သော လူတွေ ကကုန်းသတ္တ၀ါ မစားဘူးလို့ဆိုပြီး ကျင့်ကြံတာကို တွေ့ဖူးပါတယ်။ ၀က်၊ ကြက်၊ အမဲ၊ ဘဲ၊ အဲ .. ဘဲဥ၊ ကြက်ဥကအစ မစားတာပါတဲ့ ခင်ဗျ။ တချို့ကကျတော့ သား ကြီး၊ ငါးကြီး မစားဘူးဆိုတဲ့ သူ တွေ။ တစ်နည်းပြောရရင် ကိုယ် ၀န်ဆောင်ပြီး နို့တိုက်မွေးရတဲ့ သတ္တ၀ါကို မစားတာတဲ့ခင်ဗျ။ အ မဲသားပေါ့။ ၀က်သားပေါ့။ ဆိတ် သားပေါ့။ ဆတ်သားပေါ့။ ချေသားပေါ့။ တချို့ကကျတော့ သက်သတ်လွတ်တဲ့။ သူတစ်ပါး အ သက်ပါရင် ဘဇာကိုမှ မစားတာ။ ပြောရရင် ငံပြာရည်ကိုတောင်မှ အသက်နဲ့ နည်းနည်းကလေး ငြိ စွန်းနေတာမို့ ဆားကိုသာ စားကြ ပါလေသတဲ့။ ထား။ အသေးစိတ် တွေကို ဘေးချိတ်ထားလိုက်ကြ ရအောင်။
အကြမ်းပြောရရင် ဗက်ဂျီး တေးရီးယန်းစ် (Vegetarians) ပဲပေါ့။ သက်သတ်လွတ် စားတဲ့ သူတွေ ရပ်ထဲရွာထဲမှာ ရှိတတ် ကြပါတယ်။
အခု အရပ်ထဲက သူတစ်ပါး အသားမစားသူတွေဟာ စုံနံ့သာ မြိုင်တောထဲက အသီးအရွက်ပဲ စားတဲ့ တိရစ္ဆာန်လေးတွေနဲ့ ချိတ် ဆက်မိကြသတဲ့ဗျ။ မူလအစ ပထမစပြီး ချိတ်မိတာက ယုန်က လေးတစ်ကောင်ပါ။
(နှစ်)
တိရစ္ဆာန်ချစ်တတ်သူ လူ တစ်ယောက်က မြို့ကိုသွားရင်းနဲ့ ဈေးထောင့်မှာ ရောင်းနေတဲ့ ယုန် သည်ကလေးဆီကနေ ယုန်က လေးတစ်ကောင်ကို လှောင်အိမ် လေးနဲ့တကွ ၀ယ်ခဲ့သဗျ။ ရွာ ရောက်တော့ ပထမပိုင်း နည်း နည်းကလေး စိမ်းတိမ်းတိမ်းရှိတာ နဲ့ သည်လိုပဲ လှောင်အိမ်ကလေး နဲ့ ထားတာပေါ့။ နောက်မှ ယုန်က လေးက လိမ္မာတာနဲ့ အိမ်ထဲမှာ လွှတ်ပြီး ထားလိုက်တာ။ ယုန်က လေးကလည်း ထွက်မပြေးပါဘူး။ ဟိုနားလှုပ်လှုပ်၊ သည်နားလှုပ် လှုပ်။ ကန်စွန်းရွက်ကလေးစား လိုက်၊ မုန်လာဥလေးစားလိုက်။ နောက်တော့ တိရစ္ဆာန်ချစ်သူလူ သား ဘယ်လိုမှ မနေနိုင်တော့ပါ ဘူး။ လွတ်လွတ်လပ်လပ်နေပါ စေတော့ဆိုပြီး စိတ်ပေါက်လာ ခဲ့ကာ မလှမ်းမကမ်းမှာရှိတဲ့ စုံနံ့ သာမြိုင်တောကြီးထဲ သွားလွှတ် ပေးခဲ့လိုက်တာပါ။
‘‘ပျင်းရင် မကြာမကြာ လာ လည်လှည့်’’
အဲသည့်လိုလည်း ဖိတ်မန္တ က ပြုခဲ့သေးတာပါ။ ယုန်ကလေး ကလည်း ဟုတ်ကဲ့တဲ့။ လူစကား တတ်သွားခဲ့ပြီကိုး။
အဲဒါဟာ စုံနံ့သာမြိုင်တော ကြီးထဲက ဗက်ဂျီးတေးရီးယန်းစ် ပွဲတော်ရဲ့အစပါပဲ စာရှုသူ။
(သုံး)
လာလည်လှည့်လို့ ဖိတ်မန္တ ကပြုခဲ့တဲ့အတိုင်း တစ်ခါတစ်ခါ ကနေ မကြာမကြာလို့ ဆိုရလောက်တဲ့အထိ ရောက်ရောက်လာခဲ့သူက ယုန်ကလေးပါ။ ဘယ်တစ်ကောင်တည်း ဟုတ်မလဲ။ အဖော်တွေပါ ပါလာကြတာပေါ့။ သိုးကလေးတွေ၊ ဆတ်ကလေးတွေ၊ ဂျီကလေးတွေ၊ သမင်ကလေးတွေ။နည်းနည်းအကောင်ကြီးတဲ့ ကျွဲတို့၊ နွားတို့၊ ဆင်တို့ကတော့ ခရီးလှမ်းလို့တဲ့ လိုက်မလာကြဘူး။
လူသားက ဧည့်ဝတ်ကျေရှာ ပါတယ်။ စပါး၊ ပြောင်း၊ နှမ်း၊ ပဲ၊ မြက်မရှိ ရှိတာနဲ့ တည်ခင်းဧည့်ခံ တာပါ။ ပြီးတော့ သူတစ်ပါး အ သားမစားတဲ့ တိရစ္ဆာန်လေးတွေ ကို ချစ်လည်းချစ် သနားလည်း သနားပေါ့။
‘‘သူတစ်ပါးအသား မစားတဲ့ တိရစ္ဆာန်များဆိုပြီး အဖွဲ့တစ်ဖွဲ့  စုံနံ့သာမြိုင်မှာ ဖွဲ့ပါလား။ သက် သတ်လွတ်စားတဲ့ လူတွေက လို အပ်သမျှ ၀ိုင်းကူမှာပေါ့’’
အဲသည်မှာ ယုန်ကစလို့ သူ့ လိုသတ္တ၀ါလေးတွေ အကုန်လုံး ၀ုန်းဆို မျက်လုံးကလေးတွေ ၀င်း လက်သွားကြတာပါ။
‘‘သောက်ဖို့ ရေကန်တူးပေး မယ်။  ကောက်ပဲသီးနှံလိုရင် ကောက်ပဲသီးနှံ ထောက်ပံ့ပေး မယ်’’
အတိုင်းထက်အလွန် တံခွန် နဲ့ ကုက္ကားပေပ။ စုံနံ့သာမြိုင်မှာ သူတစ်ပါးအသက်မစားသူများ အဖွဲ့ ဖွဲ့မယ်။ သက်သတ်လွတ် ပွဲတော်ကြီးကိုလည်း ကျင်းပမယ်။ တစ်ခါတည်း ဆုံးဖြတ်ချက် ချ လိုက်ကြတာပါ။
‘‘ဒေါင်းမကလေးကိုပဲ ခေါင်း ဆောင်ခိုင်းရမပေါ့ဗျာ’’ တဲ့။
 ဒရယ်ကြီးတစ်ကောင်က ဆုံးဖြတ်ချက် ချလိုက်တာပါ။
(လေး)
စုံနံ့သာမြိုင်ရဲ့ ထုံးစံအတိုင်း ပေါ့ခင်ဗျာ။ ခေါ်အညှိမှာ အဖော် အသိအဖြစ်နဲ့ ကျွန်ုပ်ဆရာကြီး ဂျက် ပါဝင်လာရပြန်တာပါ။ တောရဲ့ဦးသျှောင် မြေခွေးမောင်က လှမ်းခေါ်ခဲ့တာကိုး။
‘‘သူတစ်ပါးအသက် မစား တဲ့ တိရစ္ဆာန်များဆိုပြီး အဖွဲ့ဖွဲ့ မယ်။ အဲသည့် တိရစ္ဆာန်ကလေး တွေက ပွဲတော်တစ်ခုလည်း ကျင်းပဦးမယ်။ လူတွေက ၀ိုင်းကူ ညီမယ်ဆိုတော့ကာ တောဟာ စည်းလုံးမှု ပျက်မှာပေါ့ ဆရာကြီးဂျက်ရဲ့’’
‘‘အဲသည်အထဲမှာ အဆွေ တို့ထဲက အကောင်ဆင်ကြီးပါနေ တယ် မဟုတ်လား’’
‘‘ဆင်တစ်ကောင်တည်းနဲ့ ဘယ့်နှာအလုပ်ဖြစ်မှာတုံး ဂျက် ဆရာရဲ့။ သူတို့အဖွဲ့ထဲမှာရော၊ သူတို့လုပ်မယ့် ပွဲမှာရော တိရစ္ဆာန် အစုအစုကလေးကိုယ်စီကနေ တစ်ကောင်စ နှစ်ကောင်စ အချိုး ကျပါမှ ကြည့်လို့လှမှာပေါ့။ သူ တို့ကို ကျုပ်မတားဘူးနော်။ လုပ်။ အနို့သော်  တောရဲ့ရှေ့ရေးအ တွက် ကျန်တဲ့အကောင်တွေကို လည်း အချိုးကျတော့ ထည့်ပြီး လုပ်ပေါ့။ ဟုတ်ဘူးလား’’
ထုံးစံအတိုင်းပါပဲ။ တိရစ္ဆာန် ခေါင်းဆောင်ကို ဂျက်က ဘယ့် နှာလုပ် နားချလို့ ရပါ့မလဲ။ အ စွယ်နဲ့ အဆိပ်နဲ့ ဥစ္စာ။
  မြေခွေးအစုထဲကလည်း နည်းနည်းထည့်တဲ့။ ခြင်္သေ့အစု ထဲကလည်း နည်းနည်းထည့်တဲ့။ ကျားအစုထဲကလည်း နည်းနည်း ထည့်တဲ့။ ၀ံပုလွေအစုထဲကလည်း နည်းနည်းထည့်တဲ့။ မိကျောင်းအစုထဲကလည်း နည်းနည်းထည့်တဲ့။ အသားမစားတဲ့ သတ္တ၀ါကလေးတွေ ခေါင်းညိတ်လိုက်ကြရရှာလေသဗျ။ ဒေါင်းမကလေးဘယ်လိုလုပ် မျက်နှာကောင်းနိုင်ပါတော့မလဲ။
(ငါး)
ဗက်ဂျီးတေးရီးယန်းစ်အဖွဲ့ ကြီး စုံနံ့သာမြိုင်မှာ စတင်ဖွဲ့စည်း တဲ့ အထိမ်းအမှတ်နဲ့အတူ ဗက်ဂျီး တေးရီးယန်းစ်ပွဲတော်ကြီးကို လည်းခြိမ့်ခြိမ့်သဲသဲကို ကျင်းပခဲ့တာပါ။ အရပ်ရပ်အရွာရွာက လူတွေလည်းလာကြသပေါ့။ ငှက်ပျောသီး၊ ပန်းသီး၊ လိမ္မော်သီး၊ ဒူးရင်းသီး၊ သြဇာသီး၊ စတော်ဘယ်ရီ၊ သရက်သီး၊ ပြောင်း၊ လူး၊ ဆတ်၊ စပါး အကုန်အ၀စားပါပဲ။
စုံနံ့သာမြိုင် သက်သတ်လွတ် တိရစ္ဆာန်ကလေးများဗဟိုကော်မ တီက စင်ပေါ်မှာ တန်းစီရပ်လို့။ ဓာတ်ပုံအရိုက်ခံနေကြတာ။
ခြင်္သေ့ရယ်၊ ကျားရယ်၊ ကျားသစ်ရယ်၊ မြေခွေးရယ်၊ ၀ံပုလွေရယ်၊ ဆင်ရယ်၊ ဒေါင်းရယ်၊ သိုးရယ်၊  သမင်ရယ်၊  ယုန်ရယ်။ တိရစ္ဆာန်အုပ်စုအစုံ အချိုးကျ ကိုယ်စားပြုပြီး ပါဝင်ထားကြတာ။
အဲသည့်ပွဲကို သတင်းလာ ယူတဲ့လူ သတင်းထောက်တစ် ယောက်က ဓာတ်ပုံရိုက်ရင်းကနေ ကောက်ချက်တစ်ခု ချသဗျ။
‘‘ကိုက်မယ့်အကောင်တွေနဲ့ အကိုက်ခံရမယ့်အကောင်က လေးတွေ တစ်ဖွဲ့တည်းတွဲနေတော့ ကိုက်ရတာ ပိုလွယ်သွားတာပေါ့’’ တဲ့။
မြတ်စွာဘုရား......။       ။
(ဖော်ပြပါ သရော်စာသည် စာရေးသူ ဂျက်ကွမ်းခြံကုန်း၏ အာဘော်သာဖြစ်သည်။)

Sunday, 1 June 2014

ကော်မရှင်ကို သရော်ချင်တယ်

ရွှေပြည်ကြီးမှာ ဒီရက်တွေဟာဖြင့် တကယ့်ကို အုန်းအုန်းကျွက်ကျွက်ပါပဲခင်ဗျာ။ ၄၃၆ ဆိုတာကြီးပြင်ဖို့ နိုင်ငံရေးသမားတွေကလည်းဟော၊ ရပ်ကွက်ထဲမှာလည်း ဒီ အကြောင်းပဲပြောနဲ့ လူထုတွေ ဟာ နိုးကြားနေသဗျာ။ အနှီပုဒ်မ ၄၃၆ ကိုပြင်ဖို့အရေး ဆန္ဒပေး လက်မှတ်ထိုးတာကလည်း တကယ့်ကိုမှ အလွှာစုံပါပဲ။
စုံလိုက်သမှ အနုပညာရှင် များကလည်း တစ်တပ်တစ်အားပဲဗျာ။ ဟိုစဉ်အာဏာရှင်ခေတ်အခါ တုန်းက ပေါ်လစီကားတွေကို သူ တို့ခမျာ မလွှဲသာလို့ရိုက်ခဲ့ရတယ် ဆိုတာ ကျုပ်ဖြင့်အခုကျမှပဲ ယုံ တော့တယ်။ အရေးကြုံတော့ ထမင်းရှင်ပြည်သူတွေဘက်က ရပ်ရမယ်ဆိုကိုး။ ကြားရတာနဲ့ တင် ကျုပ်တို့ ထမင်းရှင်ပြည်သူ များကလည်း နားဝမှာ ချမ်းသာလှ ပါရဲ့ဗျာ။ သို့ငြားလည်း ဟိုလူငယ် ကြိုက် အဆိုတော်လေးက ၄၃၆ ပြင်ဖို့ လက်မှတ်ထိုးဖို့ရာ သူ့မှာ မနိုင်ဝန် ဖြစ်ရပါတယ်ဆိုတဲ့ သဘောပြောမိ၊ ရေးမိလို့ ဝိုင်း သမတာ အတော်ခံလိုက်ရသတဲ့။ နောက်ဆုံးလက်မှတ်ထိုးလိုက်မှပဲ သူ့အမြင်အပေါ်မှာ ကြိတ်မနိုင်ခဲ မရတဲ့ ပရိသတ်များက ဘဝင်ကျ သွားတယ်ဆိုပဲ။
အဲ.. ဖေ့စ်ဘွတ်ခ်ပျော် အစ်ကိုတော်၊ အစ်မတော်များကလည်း အနှီ ၄၃၆ ပြင်ရေးအတွက် သူတို့ လက်မှတ်ထိုးကြတဲ့ ဓာတ်ပုံ ကလေးတွေကိုလည်း ဖေ့စ်ဘွတ်ခ် ပေါ်မှာ အသီးသီးသကာလ တင် နေလေရဲ့ဗျ။ ကျုပ်တို့ဖြင့် ကြွား ချင်လို့ တင်တာရယ်လို့ မထင် ပေါင်ဗျာ။ တိုင်းနိုင်ငံ ပြည်အရေး မှာ လက်မနှေးတာကို ရပ်နီးရပ် ဝေးက ဆွေသဟာများကို သိကြား စေသက်သေညွှန်းတယ်လို့သာ မှတ်ပါတယ်။ ဟုတ်တယ်ဟုတ်။
သို့ပေတဲ့ တစ်ခုတော့ဖြင့် သိချင်သားဗျ။ အခုလို လူထုတစ် ရပ်လုံးဖွဲ့စည်းပုံကို အကြောင်းပြု ပြီးသကာလ စည်စည်ကားကားနဲ့ သွားကြလာကြ၊ ပြောကြဟော ကြ၊ ရေးကြထိုးကြတာတွေကို ကျုပ်တို့ရဲ့ ရွေးကောက်ပွဲကော် မရှင်က လူကြီးမင်းများမြင်ရင် ဘာများမြွက်ဆိုမလဲလို့။ ဘာ ကြောင့် သိချင်တာလဲဆိုတော့ ကာ အနှီကော်မရှင်ရဲ့ ဥက္ကဋ္ဌကြီး ဟာ ပြီးခဲ့တဲ့ ကြားဖြတ်ရွေး ကောက်ပွဲနဲ့ပတ်သက်ပြီး ပြောင် မြောက်စွာ မှတ်ချက်ချဖူးတာ သတိရလို့ပါဗျာ။
ဒီနှစ်ထဲမှာပဲခင်ဗျ။ အနှီရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကြီးက တိုင်းခန်းလှည့်လည်တဲ့အခါ ပုသိမ်ကို ရောက်သွားခဲ့သတဲ့ဗျာ။ သို့ကလို လူထုကြား လှည့်လည်တဲ့အခါ စစ်သားတုန်းကတော့ စစ်သား စကားပြောရသလို အခုရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဖြစ်ရပြန်တဲ့အခါ ရွေးကောက်ပွဲစကား ပြောရတာပေါ့လေ။ အဲဒီမှာ သူက ဒေသခံတွေကို ပြောတာ။ ဘာပြောသလဲဆိုတော့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲပြီးတော့ သူ့ဆီကို နိုင်ငံတကာက သံအမတ်တွေ၊ ဘာတွေလာတွေ့ကြသတဲ့။ တွေ့တော့ကာ အနှီသံတမန်များဟာ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲဟာဖြင့် လွတ်လပ်မျှတတဲ့အကြောင်းဥက္ကဋ္ဌကို လာရောက်ထောမနာပြုကြတယ်ဆိုပဲ။
ဥက္ကဋ္ဌကြီး သူကတော့ဖြင့် ဘာမှပြန်မပြောပါဘူးတဲ့။ သို့ပေ တဲ့ သူ့ပါတီတွေနဲ့တွေ့တော့ အခု လိုပြောဖြစ်တယ်ဆိုပဲ။ ဘာတဲ့ ဗျာ။ ၂၀၁၂ ကြားဖြတ်ဟာ လွတ် လပ်လိုက်သမှ တစ်ခါတည်းရွေး ကောက်ပွဲ၊ မဲဆွယ်ပွဲနဲ့တောင် မတူဘူး။ ဆန္ဒပြနေသလားမှတ်ရ တယ်တဲ့။ သူဖြင့် ၈၈ အရေး အခင်းများ ပြန်ရောက်နေလေ သလားတောင်မှ အထင်ရောက် သွားသတဲ့။ ကိုင်း.. အဲဒါကြည့်ပေါ့ ဗျာ။ ဘစီတို့ရဲ့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဟာ ဘယ် လောက်လွတ်လပ်ခွင့်ပေးထားခဲ့ တယ်ဆိုတာ။

Saturday, 31 May 2014

ပညာရေးခရိုနီ

ဒီစာကိုရေးတော့မောင်ကဲကို ဆိုင်ရာလူတွေက ထောင်ထဲပို့ချင် ကြမယ်ထင်ရဲ့။ ကျုပ်ကျောင်း ဆရာ မောင်ကဲ စာပဲဆက်သင်ပါ ရစေဗျာ။ မပြောမပြီး မတီးမမြည် မို့ ပြောရတာပါ။ မောင်ကဲတို့ တက္ကသိုလ်ကျောင်းဆရာလော က,က ကြောက်စရာစကားတစ် လုံးအကြောင်းကို ပြောချင်လို့ပါ ခင်ဗျာ။
 အဲဒါက ဘာလဲဆိုတော့ ‘‘ဖာအကြောင်း’’ပါခင်ဗျ။
မောင်ကဲ ရိုင်းလိုက်တာလို့ မထင်ပါနဲ့။
 ‘‘ဖာတကာ့ ဖာထဲမှာ အကြောက်ဆုံးဖာ ဘာဖာလဲ’’လို့ ကျောင်းဆရာတွေကို ထပ်မေး လိုက်ပါဦးခင်ဗျ။
  ဆရာ၊ ဆရာမအားလုံး တညီတညွတ်တည်းဖြေပေးကြ မှာပါ။
‘‘ထရန် စဖာ’’
ဟုတ်ကဲ့ ဆရာ၊ ဆရာမတွေ အကြောက်ဆုံးဖာဆိုတာ ‘‘ထရန် စဖာ (transfer)’’ဆိုတာကြီးပေါ့ ခင်ဗျာ။
ထရံစ အပေါက်ကို ဖာသလို ဖာတာမို့ ထရန်စဖာလို့ခေါ်သလား အောက်မေ့ကြပါရဲ့။ ဟို တစ်ကွက် ဒီတစ်ကွက်။ အသစ်နဲ့ အဟောင်း သောင်းပြောင်းရောလို့ မွှေတာကိုးခင်ဗျ။
ကျောင်းဆရာဘဝဆိုတာ မင်းခယောက်ျားမို့ မိသားစုနဲ့ခွဲခွာ ပြီ ရောက်ရာအရပ်ကျရာတာဝန် ကျေပွန်ကြရပါသဗျ။
စေလိုရာစေဘဝ ‘‘သေချင် တဲ့ကျား တောပြောင်း’’လို့ ဆိုရ မလား။
‘‘ထားရာနေ စေရာသွားမို့ နွားနဲ့မခြား’’လို့ ပြောရမလား။
အမှန်ကတော့ တက္ကသိုလ် ဆရာဆိုတာ ‘‘ရေမျောကမ်းတင်’’ များသာ ဖြစ်တယ်ဆိုတာပါပဲ။
အဲ.. ဒါပေသိ ကျောင်းဆရာ လောကမှာ ဒူးနေရာဒူး၊ တော်နေ ရာတော်ဆိုတာထက် ‘‘ကတော်’’ နေရာကတော့ ‘‘အထူး’’ဖြစ်နေ တာ ခက်သကိုးခင်ဗျ။ အခု မေလ ထဲမှာ အဲဒီ ထရံစဖာတဲ့ ကိစ္စတွေ က ဆက်ကာဆက်ကာ လာတော့ မှာ ပေါ့ခင်ဗျာ။
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် မေလ ၈ ရက်နေ့ကပဲ ပညာရေးဝန်ကြီး ဌာန ဝန်ကြီးရုံးကနေ ဒုတိယ ပါမောက္ခချုပ်တွေကို ပြောင်းရွှေ့ တာဝန်ချထားတဲ့ အမိန့်စာတစ် စောင်ထွက်လာပါသဗျ။ စာအမှတ်(၁) ပညာ ၂(ဃ)၂၀၁၄ (EC/၆) (၄၄၇၃)ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ ဒီအမိန့်စာကြီးက ပါမောက္ခချုပ်ရာထူးကို elected person မဟုတ် selected person များနဲ့သာခန့်စေသတည်း လို့ဆိုလိုကြောင်း မောင်ကဲတို့ ကျောင်းဆရာအပေါင်း ကောင်းကောင်းနားလည်လိုက်ကြသဗျ။ ခုလိုခန့်ထားရာမှာ  ဘယ်လိုစည်းမျဉ်းစည်းကမ်းများနဲ့  ရွေးချယ်ခန့်ထားသလဲဆိုတာတော့  မောင်ကဲတို့ကျောင်းဆရာများ လည်းမသိ။ သိခွင့်လည်းမရ။
မောင်ကဲတို့ သိထားတာက ပြည်ထောင်စုဝန်ကြီးတို့၊  ပညာ ရေးအာဏာပိုင်တို့နဲ့ ပုဂ္ဂိုလ်ရေး အရ နည်းလမ်းအမျိုးမျိုးနဲ့ပတ် သက်နေသူတွေ၊ လက်ညှိုး ထောင်ခေါင်းညိတ်အချို့တွေကို ရာထူးတိုးပေးလိုက်တယ်ဆိုတာပါပဲ။ အဲဒီအမိန့်စာကြီးမှာ ရာထူး တိုးမြှင့်ခြင်းခံတဲ့ တချို့သော ပုဂ္ဂိုလ်များရဲ့ အရည်အချင်းဟာ သာမန်မျှဖြစ်တယ်လို့ စီနီယာဆရာသမားများက ဆိုသဗျ။ တချို့များဆိုပေးထားတဲ့ရာထူးနဲ့ လားလားမှ မထိုက်တန်သူများပါ ပါတယ်လို့ ဆိုနေကြပါတယ်။
 ဒီတော့ ဒီရာထူးတွေကို ပြောင်းရွှေ့တာ၊  တိုးမြှင့်တာတွေ က ဒီမိုကရေစီခေတ်မှာ  ရီ(ရယ်) ချင်စရာဖြစ်နေပါသဗျ။  ဘာ ကြောင့် ဒီလိုပြောရသလဲဆိုတော့ ဒီမိုကရေစီဆိုတဲ့ခေတ်ကြီးကို သွားနေရာမှာ လက်ရှိသမ္မတကြီး တောင် ရွေးကောက်ပွဲကနေ အဆင့်ဆင့်အရွေးခံရလို့ သမ္မတရာထူးကြီးရလာခဲ့တာလို့ဆိုသဗျ။  ဒါကြောင့်  ပညာရေးလောကမှာ လည်း ဒီမိုကရေစီစနစ်ကို ကျင့် သုံးစေချင်ကြတာ မောင်ကဲတို့ ဆရာအများစုဆန္ဒပါပဲ။
လက်ရှိမှာ မောင်ကဲတို့ တိုင်း ပြည်ပညာရေးက ချောက်ထဲထိုး ကျနေတာ မဟုတ်လားခင်ဗျ။ ကျ နေတာမှ မရပ်သေးဘူးခင်ဗျ။ ကျ တုန်း၊ ကျဆဲ၊ ကျမြဲပါခင်ဗျ။ ဒီလို အချိန်မှာ ငါးမျှားချိတ်လောက်နဲ့ ဆွဲလို့မရ။ အားကောင်းတဲ့ ကရိန်း ကြီးတွေနဲ့ ကျကျနန ဆယ်မရမှာ မဟုတ်လားခင်ဗျ။  အဲဒီတော့ လက်ရှိ တက္ကသိုလ်များရဲ့ အဓိပ တိ ပါချုပ်ဆိုတာကြီးတွေရဲ့ အခန်း ကဏ္ဍက အင်မတန်အရေးမကြီး ပေဘူးလားခင်ဗျာ။ ဒီတော့ ဒီလို ပါချုပ်ကြီးတွေကို  ဘယ်လိုခန့် သင့်သလဲ မောင်ကဲရဲ့ ဉာဏ်လေး တစ်ထွာတစ်မိုက်နဲ့ တွေးကြည့်မိ ပါသဗျ။
နိုင်ငံတော်ရဲ့ ဒီမိုကရေစီပြု ပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် တွေ၊ပညာရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ အင်တိုက် အားတိုက် ပါဝင်နိုင်မယ့် နိုင်ငံ အကျိုးနဲ့ ပညာရေးအကျိုးအ တွက် လုပ်ရဲ၊ ကိုင်ရဲ၊ တာဝန်သိ တဲ့၊ တာဝန်ခံနိုင်တဲ့၊ ထက်မြက် တဲ့၊ အရည်အချင်းရှိတဲ့သူတွေကို အများဆန္ဒ (stakeholder များ ဖြစ်တဲ့ ဆရာများ၊ ကျောင်းသား များရဲ့ဆန္ဒ)ကို အခြေခံကာ လွတ် လပ်တဲ့ ပညာရှင်များရဲ့ ဆုံးဖြတ် မှုနဲ့ ရွေးသင့်တယ်လို့ မောင်ကဲ တွေးမိပါတယ်။
  မောင်ကဲတို့ တက္ကသိုလ် လောကမှာ နယ်ကျောင်းက မြို့ ကျောင်းကို ပါမောက္ခချုပ်ရာထူး တူနဲ့ ပြောင်းရွှေ့ရရင် တာဝန်ပို ကြီးတဲ့နေရာကို အရည်အချင်းပို ရှိသူကို ရွေးချယ်ပေးပို့တာလို့ အဓိပ္ပာယ်ထွက်ပါတယ်။ ခုအခါ မှာ မောင်ကဲတို့အသိုင်းအဝိုင်းက လေးစားယုံကြည်ရသူ၊ ပါမောက္ခ ချုပ်ရာထူးနဲ့ ထိုက်တန်တယ်လို့ ထင်ကြေးပေးခံရသူတွေဟာ ရာ ထူးတိုးမြှင့်ခြင်းမခံခဲ့ရတာတွေ့ရ သဗျ။ ခုဟာက ရာထူးတိုးမပေး တဲ့အပြင် အပြစ်ပေးခြင်း (Puni-shment)ဆန်ဆန် တက္ကသိုလ် ကြီးများမှ နယ်တက္ကသိုလ်များဆီ ဘေးတိုက်ပြောင်းရွှေ့တာဝန်ချ ထားတာတောင် တွေ့ရသဗျ။
ဒါဟာ အာဏာရှင်အလိုကျ ဆောင်ရွက်ရာမှာ မပါခဲ့သူများကို ရာထူးတိုးချန်လှပ်ခံရတာလို့ မောင်ကဲတို့အသိုင်းအဝိုင်းက မှတ်ချက်ပြုကြလေရဲ့။ အမှန်တရားအတွက်ဆောင်ရွက်တဲ့ ပညာရှင်တွေဟာ အာဏာရှင် အလိုကျနေသူတွေမဟုတ်တာကြောင့် အာဃာတတွေထားခံရတယ်လို့ ကောက်ချက်ဆွဲရပါမယ်။
စပ်မိလို့ ဆရာတပည့်ဇာတ် လမ်းတစ်ပုဒ်ကို ပြောပြချင်သဗျ။ တစ်ချိန်တုန်းက နောင်ဝန်ကြီးတစ်ပါးဖြစ်လာမယ့် ပါရဂူကျမ်းကြီးကြပ်သူနဲ့ တပည့်ကျော်PhD Can-didate ပါမောက္ခတစ်ယောက်ရှိခဲ့ ဖူးပါသတဲ့။ ခုတော့ အဲဒီကျမ်း ကြီးကြပ်သူက ဝန်ကြီးတစ်ပါးဖြစ် လာတော့ တပည့်ကျော်ပါမောက္ခ ဟာ လုပ်သက်အလွန်နုနယ်နေ သေးတာတောင် လုပ်သက်ရင့် ပါမောက္ခများကို ကျော်လွန်ကာ ရန်ကုန်စီးပွားရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ရာထူးကို တိုးမြှင့်ပေးခြင်းခံခဲ့ရဆိုသဗျ။ ဒါ့အပြင်အမျိုးသားစီးမံခန့်ခွဲမှု ပညာကောလိပ်ကျောင်းအုပ်ကြီးရာထူးတာဝန်ကိုပါ ပူးတွဲခန့်အပ်ခြင်းခံလိုက်ရပါသတဲ့ခင်ဗျ။
ပုံပြင်ထဲက ပါမောက္ခလေး ကတော့ ခုအခါ နှစ်ရွာစားပေါ့ ခင်ဗျ။ အဲ.. မှားလို့ နှစ်ကျောင်းစား ခင်ဗျ။ ကျောင်းနှစ်ကျောင်း၊ တက္ကသိုလ်နှစ်ခုက တာဝန်ကို ဘယ်လိုများအံ့မခန်းစွမ်းစွမ်းတမံ ဆောင်ရွက်မလဲဆိုတာတော့ မောင်ကဲတို့ ကျောင်းဆရာလော က,က သိချင်လှသပေါ့ခင်ဗျာ။
ဒီပုံပြင်ဇာတ်လမ်းလေးဟာ ပညာရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီးရုံးရဲ့ ၈-၅-၂၀၁၄ ရက်စွဲပါ စာအမှတ် (၁) ပညာ ၂(ဃ) ၂၀၁၄ (EC/၆) (၄၄၇၄) ထဲမှာ ပါတယ်ဆိုပဲခင် ဗျ။ ဒီပုံပြင်ဇာတ်လမ်းလေးက တိုင်းပြည်ရဲ့ ပညာရေးပြုပြင် ပြောင်းလဲမှုပုံရိပ်တွေကို များစွာ အကျည်းတန်အရုပ်ဆိုးစေတဲ့ လုပ်ဆောင်ချက်လို့ မောင်ကဲတို့ ကျောင်းဆရာလောက,က မှတ် ချက်ပြုနေကြပါတယ်ခင်ဗျ။
ဟုတ်ကဲ့ ခင်ဗျာ။ တိုင်းပြည် ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေးဖြစ်စဉ်များနဲ့အတူ တက္ကသိုလ် အသီးသီးမှာ ပေါ်ပေါက်လာတဲ့ တက္ကသိုလ်ဆရာများ သမဂ္ဂတွေ ဟာ တက္ကသိုလ်ပညာရေးကဏ္ဍ မှာ မရှိမဖြစ်လိုအပ်တဲ့ အဖွဲ့ အစည်းများလို့ နားလည်ခံယူထား တဲ့၊ တက္ကသိုလ်ဆရာများသမဂ္ဂ ကို ကူညီပံ့ပိုးပေးတဲ့ ဒုတိယ ပါမောက္ခချုပ်အချို့ကိုကျတော့ မြိုင်ရပ်ကို နှင်စေသတည်းလို့ လည်း ကြားလိုက်ရပါတယ်ခင်ဗျ။
မြိုင်ရပ်ကို အနှင်ခံရသူများ ကတော့ ဆရာ၊ ဆရာမများနဲ့ ဝန်ထမ်းများဘက်ကနေ တရားမျှ တမှုကို ရှေးရှုလျက် ဥပဒေနဲ့ အညီ ဆရာ၊ ဆရာမများဘက်က မားမားမတ်မတ် ရပ်တည်ပေးခဲ့ တာ ဆရာအများ သိထားသဗျ။ ဒီလိုလုပ်ရပ်များကိုတော့ ပညာ ရေးအာဏာပိုင်တွေက သဘော ကျနှစ်မြို့ခြင်းမရှိကြောင်းကိုဖြင့် မောင်ကဲတို့လောက,က ကောင်းကောင်းသိထားပါသဗျ။
ခုတော့ ပညာရေးဝန်ကြီး ဌာနက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၂၅)မှာပါတဲ့ ‘‘နိုင်ငံတော်သည် အသိပညာရှင်၊ အတတ်ပညာရှင်များ၏ အကျိုး ကို ကူညီဆောင်ရွက်မည်’’ဆိုတဲ့ အခြေခံမူကို ချမှတ်အကောင် အထည်ဖော်ရမယ့်အစား လူမှန် နေရာမှန် (Meritocracy)ကို တာဝန်ပေးအပ်မှုမပြုလုပ်တာ ကြောင့် တိုင်းပြည်ရဲ့ ပညာရေး အဆင့်အတန်းကတော့ ဒေသ တွင်း နိုင်ငံများထက် အောက်နား နောက်နားက ဓားမနောက်ပိတ် ခွေးဖြစ်နေဦးမှာ အသေအချာ ပေါ့ခင်ဗျာ။
သွားလေသူ ပညာရေးဝန် ကြီးလက်ထက်ကလည်း CPU ဆို တဲ့ စကားခေတ်စားခဲ့သဗျ။ CPU ဆိုတာ ကွန်ပျူတာက central processing unit လို့တော့ အထင်မှတ် မမှားကြပါနဲ့ခင်ဗျ။ C ဆိုတာ Chemistry၊ P ဆိုတာ Psy-chology၊ နောက်ဆုံး U ဆိုတာကတော့ Upper Myanmar ကို ပြောကြတာပါခင်ဗျ။ ဝန်ကြီးရဲ့ မေဂျာဖြစ်တဲ့ Chemistry၊ ဝန်ကြီးကတော်ရဲ့ မေဂျာဖြစ်တဲ့ Psy-chology နဲ့ အထက်မြန်မာပြည် Upper Myanmar က အပေါင်းအသင်းရောင်းရင်း တပည့်လက်သားများကို သွားလေသူကြီးကဝန်ကြီးဖြစ်သခိုက် ဖေးမကြည့်ရှုတော်မူခဲ့တာကိုးခင်ဗျ။
  ခုဝန်ကြီးလက်ထက်မှာ တော့ ‘‘စီးပွားရေးတစ်ခေတ်ဆန်း သစ်လာပြီ’’လို့ ဆိုရတော့မယ် ထင်ပါရဲ့ခင်ဗျ။ ဒီမင်း၊ ဒီစိုး၊ ဒီသူခိုး၊ ဒီမိုး၊ ဒီလှေ ဒီလူတွေနဲ့က တော့ဖြင့် တိုင်းပြည်ပညာရေး ချောက်ထဲက ဆွဲတင်ဖို့အရေး ဝေလာဝေးပါလို့ ပညာရေးလောကမှ ဆရာ၊ ဆရာမများကပြော ကြပါတယ်ခင်ဗျ။ မောင်ကဲတစ်ယောက် ခုလိုပြောနေတာတွေဟာ ပုဂ္ဂိုလ်ရေးအမြင်အပေါ် အခြေခံခြင်းမဟုတ်ပါဆိုတာတော့ အာမခံပါရဲ့ဗျာ။လွဲမှားနေတယ်လို့ထင်မြင်ယူဆလို့ထောက်ပြ ပြောဆိုရခြင်းပါ။
 တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ကဏ္ဍအသီးသီးက တာဝန်ရှိသူ တွေအနေနဲ့ ပညာရေးဝန်ကြီးဌာန အာဏာပိုင်များရဲ့ တိုင်းပြည် ပညာရေးကို စေတနာမဲ့စွာ ရည် ရွယ်ချက်ရှိရှိလုပ်ဆောင်မှုတွေကို အချိန်မီပြန်လည်ကုစားနိုင်ဖို့နဲ့ အများပြည်သူလူထုက အမှန်ဖြစ် ပျက်နေသမျှကို သိစေနိုင်ဖို့ တင် ပြနေခြင်းသာဖြစ်ပါတယ်ခင်ဗျ။
ခုကိစ္စမှာ မောင်ကဲအတွေး တစ်ချက်မှားနေတယ်ဆိုရင်တော့ မောင်ကဲ ထောင်ထဲမှာ နေရုံပေါ့ ခင်ဗျာ........
(ဖော်ပြပါ သရော်စာသည် စာရေးသူ၏ အာဘော်သာဖြစ်သည်။)

ကျောင်းဆရာ မောင်ကဲ

Tuesday, 13 May 2014

နေပြည်တော်ကို လေးခွနဲ့ ပစ်ကြ


အလိုဗျာ။ ခေါင်းစဉ်ကြည့်ပြီး လန့်လည်းမ သွားကြပါနဲ့ဦး။ ကျုပ်စကားဆုံးတဲ့ အခါကျတော့ ကိုယ့်လူတို့ အလိုလို သဘောပေါက်သွား ကြမှာ ပါလေ။ ဒီလိုဗျ ဒီလို။ ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်က ကျုပ်သိပ်ကြိုက်မိ သွားတဲ့ သတင်းကလေးတ စ်ပုဒ်ရှိသဗျ။ ကိုယ့်လူတို့လည်း သတိထားမိ လိုက်မှာပါ။ တခြားဟုတ်ပါရိုး လားဗျာ။ ထိုင်းနိုင်ငံက လယ်သမားတွေ သုဝဏ္ဏဘူမိလေဆိပ်ကို ပိတ်ဆို့မယ့် သတင်းပါပဲ။ အနှီလိုကြုံးဝါးပြီး သကာလ ထွန်စက်တွေနဲ့ စီတန်းပြီးချီတ က်လာကြတဲ့ လယ်သမားတွေကြို မင်ပြီး ကျုပ်ရဲ့ဘ၀င်မှာ ပြုံးစိစိ နှစ်သက် သဘောကျဖြစ်ခဲ့ရသဗျ။
 နို့ ..ထိုင်းနိုင်ငံက လယ်သမားတွေ သူ့ဟာသူ မြို့တော် ဘန်ကောက်ကို ချီတက်သွားတဲ့ ဥစ္စာ။ ကျုပ်က ဘာသဘောကျစရာရှိ သတုံး။ အနေသာကြီးပဲဟာ ဘာညာနဲ့ ဘစီကို မေးခွန်းထုတ်စရာ ရှိတာပေါ့။ ဘယ့်နှယ့် သဘောမကျ မရှိရမှာလဲဗျာ။ လမ်းမကြီးပေါ်မှာ အနီရောင်သုတ်ထားတဲ့ ထွန်စက်ကြီးတွေနဲ့ ညီညွတ်စွာချီတက်လာတဲ့ ထိုင်းလယ်သမားအင်အားစုကြီး ဟာ အစိုးရအဖွဲ့ကို ကိုင်လှုပ်နိုင်ခဲ့တယ်ခင်ဗျ။ နောက်ဆုံးမှာ အစိုးရက ညှိနှိုင်း သဘောတူညီချက်ရလိုက်လို့မို့ လေဆိပ်ကိုပိတ်ဆို့မယ့် ကိစ္စကို ပယ်ဖျက်ပြီး နေရပ်ပြန်ခဲ့ကြ တယ်ဗျာ။
သူတို့ ထိုင်းလယ်သမားတွေ မကျေမနပ်ဖြစ်ပြီး ဆန္ဒပြမယ်ဆို တဲ့ကိစ္စကလည်း ကျုပ်တို့ဆီနဲ့တော့ ပြောင်းပြန်ခင်ဗျ။ သူတို့က အစိုးရဘက်က ပေးချေရန်ရှိတဲ့ စပါးအကြွေးတွေ မရသေးလို့ဆိုပဲ။ အစိုးရက အကြွေးမဆပ်တော့ ထိုင်းလယ် သမားတွေ ဒေါသထွက်တာပေါ့ဗျာ။ ဒါပေမဲ့ ကျုပ်တို့နဲ့ နောက်ထပ်ကွာခြားတာ တစ်ခုက ထိုင်းအစိုးရကလည်း ဒီကိစ္စကို အရေးတယူရှိ တယ်ခင်ဗျ။ ပြေလည်ရာပြေ လည်ကြောင်း ချက်ချင်းပဲဆောင် ရွက်တယ်။ မကြာမတင်လာမည့် သီတင်းပတ်တွေ အတွင်းမှာ ကျန်ရှိနေတဲ့ အကြွေးငွေများကို လယ်သမားများအား ပေးချေသွားပါမယ်တဲ့။ ကျုပ်တို့ဆီနဲ့များ ကွာခြားချက်ကတော့ဗျာ။ အံ့သြစရာ။
ဘယ်နိုင်ငံက လယ်သမားပဲဖြစ်ဖြစ်ပါ။ လယ်သမားသားသမီးဖြစ်တဲ့ ဘစီတို့အနေနဲ့ကတော့ အခုလို လယ်သမားတွေက အစိုးရအပေါ် တစ်ကွက်မျှသာပဲဖြစ်ပါစေ အောင်ပွဲခံလိုက်နိုင်တာကို သိပ်ကိုအားရတယ်။ အားကျတယ်ဗျာ။ အခုဆိုရင် အများအားလုံးသိတော်မူကြတဲ့အတိုင်း ကျုပ်တို့တိုင်းပြည်မှာ လယ်မြေသိမ်းယူတဲ့ကိစ္စနဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ပြဿနာတွေဟာ ပွက်လောကိုထနေတာပဲမဟုတ်လား။

Followers