အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ
Showing posts with label ၁၂လရာသီ ဖွဲ့သီမှုများ. Show all posts
Showing posts with label ၁၂လရာသီ ဖွဲ့သီမှုများ. Show all posts
Friday, 18 October 2013
ဝါလကင်းလွတ် သီတင်းကျွတ်
အော်....ဘာလိုလိုနဲ့ ...သီတင်းကျွတ် လပြည့်နေ့ တောင်ရောက်လာပြန်ပါပေါ့လား
တွေးရင်းနဲ့  ဖိုးသူတော်ဦးမင်းရဲ့ ကဗျာလေးတောင်အမှတ်ရမိတယ်..
"ဆီမီးရယ်တဲ့ထိန်၊အိုင်မင်းရေကြည်က
ကြာငါးမည် ငုံအာစွင့်တယ်၊ဖူးပွင့်ချိန်ခါ။....။
အဿဝဏီ ယှဉ်ကာချဉ်းပါလို့ ....
လင်းလာတဲ့ငွေတာရိန်ငယ်...ပြာမှိန်လျှက် မြူချေဆိုင်း..။
ဂါရဝေ၊သဒ္ဒါခြွေ ကန်တော့ပွဲကိုလ..
မစဲပေါင် ကုသိုလ်နှိုးကြတယ်၊မျိုးမြန်မာတိုင်း...။"
Saturday, 4 May 2013
ကဆုန်လမြတ်
    ကဆုန်လသည် မြန်မာပြက္ခဒိန်ရဲ့ ဒုတိယမြောက်လဖြစ်သည်။ကဆုန်လသည်
"ကဆိန်န"ဟူသော ပါဠိဝေါဟာရမှ ဆင်းသက်လာခြင်းဖြစ်သည်ဟု ဆိုခဲ့ကြသည်။
ကဆိန်၏အဓိပ္ပာယ်ကားရေဖြစ်ပြီး နဟူသည်ကား ခန်းခြောက်ခြင်း၊မရှိခြင်းဟု အဓိပ္ပာယ်ရလေသည်။ထိုကြောင့်ေ၇ှးစာဆိုများက 'တန်ခူးရေကုန် ကဆုန်ရေခန်း"
လို့ ဆိုခဲ့ကြဟန်ရှိသည်။ထိုချိန်ခါတွင် ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ သည် မဟာဗောဒိပင်အားညောင်ရေသွန်းလောင်းပွဲများ ကျင်းပလေ့ရှိကြသည်။
စကားဝါပန်းခေါ် စကားပန်းတို့ ပွင်လန်းသော အချိန်ကာလလည်းဖြစ်လေသည်။
သမိုင်းသုတေသီတို့ ကလည်း ကဆုန်ကို "ကုဆုန်၊ကူဆုန်၊ကဆုန်၊ခူဆုန်၊ခုဆုန်"
ဟူကာ အမျိုးမျိုးခေါ်ခဲ့ကြကြောင်း သိခဲ့ရသည်။
      ကဆုန်လသည် ဗုဒ္ဓဝံသ(ဗုဒ္ဓဝင်)ဖြစ်တော်စဉ်နှင့် တိုက်ရိုက်ဆက်နွယ်လျှက်
ရှိနေလေသည်။အလောင်းတော်သုမေဓါရှင်ရသေ့သည်ဒီပင်္ကရာ
 မြတ်စွာဘုရားရှင်ပွင့်တော်မူစဉ်အခါက"နောင်အခါတွင်ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်"ဟူသော နိယတဗျာဒိတ်ကိုခံယူခဲ့သော လဖြစ်လေသည်။
Monday, 15 April 2013
နှစ်သစ်ရဲ့ သင်္ကြန်
ပိတောက်တစ်ခက် ရနံ့ သက်စွာ
မေ့ဆံညှာဦး ရွှေရည်လူးသို့ 
နေခြည်ဖူးသစ် တစ်နှစ်သစ်ကာ
ခေတ်အခါတွေ ဘယ်လိုထွေစေ
တို့ နေမြန်မာ မာယာမရှိ
ယဉ်ကျေးသည့်သာ ။...။
ရေသဘင်ပွဲ ခြိမ့်ခြိမ့်သဲတော့
ယိမ်းသမနဲ့  သင်္ကြန်ရဲ့ဒိုး
ဘယ်ခါမညှိုး ဆတိုးသစ်လွင်
အပျက်စင်အောင် ချစ်ဆွေနောင်များ
ရွှေပြည်တန်ဖိုး ချစ်မြတ်နိုးမှ
လှပမည်သာ။...။
နွေလေမြူးတွေ သင်းလေတော့လည်း
လျှောက်မြဲလျှောက်မယ် ပိတောက်ရယ်
နှစ်သစ်မှာဖြင့် မာန်ဝင့်ကာ လေ
ပွင့်လန်းစေချင် ရေစင်ပွဲနဲ့ 
ရှင်းသန့် လျှက်သာ။....။
ရင်ခုန်ရသူ(15.4.2013)
Monday, 25 February 2013
ထမနဲပေါက်လဲနဲ့ကုံရာသီ
ဆွေအတူနွှဲ၊ထမနဲကို
ပြိုင်ကာရယ်ထိုး၊ဟိုအိုးကညံ
သည်အိုးကညံ၊ယောက္မသံများ
ထပ်မနားပေး၊ဦးလေးဘကြီး
လက်မောင်းကြီးများ၊ကြီးမားပုံမှာ
တို့ရွာဦးက၊တုံးမောင်းဟုထင်
ထမနဲပြင်၊စုံလင်ထည့်လို့
ချိုစိမ့်အီလင်၊စားချင်လိုက
မြန်းကြွခဲ့ရှင်၊ရွာဦးရှင်ထံ
ကပ်ရန်မနက်၊အာရုံတက်မှာ
သူငါများစုံ၊စုရုံချီကာ
ရွာရဲ့သာပုံ၊ရှုမကုန်နိုင်။
လမ်းဘေးဘီဝဲ၊ပေါက်လဲငယ်လှိုင်
နီပြိုင်ပြိုင်နဲ့၊ဝါလဲ့တစ်ခါ
ဆက်ရက်ကယ်သာ၊မိုးလုံးဖြာအောင်
ညီလာခံနွှဲ၊ခြိမ့်ခြိမ့်သဲလို့
နွေသို့အကြို၊ဥဩပျိုက
ပင်အိုထက်ဆီ၊တစ်ကိုယ်အီလျှက်
အလွမ်းဓါတ်ကို၊ငိုမလိုနွှဲ
ပေါက်ပန်းလယ်ဝေ့၊လေအသွေ့မှာ
ခြွေကာဆင်းတော့၊မြူကထန့်စို
ဟေမန်အိုလည်း၊ပြိုလဲနှုတ်ဆက်
နွေဦးတက်မှာ၊လေရူးသက်တော့
ခွေးတို့လည်းရူး၊ကုံရာသီမြူး
အလွမ်းကြူးရ၊တပို့တွဲလ။
လေးစားလျှက်ံ
Thursday, 27 December 2012
စာဆိုတော်နေ့နတ်တော်လဂုဏ်ပြုလွှာ
နတ်တော်လသည် မြန်မာလများတွင် နဝမမြောက်လဖြစ်သည်ပြီး မိုးအကုန်ဆောင်းအကူးကာလလည်းဖြစ်သည်။ ရာဥတုသာယာသောကာလဖြစ်သဖြင့် မြန်မာတို့၏ ရိုးရာပွဲ၊နတ်ပွဲများ အလွန်စည်ကားသောကာလလည်းဖြစ်သည်။ အင်္ဂလိပ်ပြက္ခဒိန်တွင် နိုဝင်ဘာ၊ဒီဇင်ဘာလများတွင် ကျရောက်လေ့ရှိသည်။ ရာသီအားဖြင့် ဓနုရာသီ၊စန်းယဉ်သောနက္ခမှာ မိဂသီနက္ခဖြစ်သည်။ ရာသီပန်းများမှာ သဇင်ပန်း၊ဂမုန်းပန်းတို့ဖြစ်သည်။ နတ်တော်လဟူသော ဝေါဟာရတွင် 'နတ်'ဟူသည် နာတပုဒ်မှ ဆင်းသက်လာသော ပါဋ္ဌိသက်ဝေါဟာရဖြစ်သည်။ အဓိပ္ပါယ်ကား ကိုးကွယ်ရာဟု ဆိုလိုသည်။'တော်'ဟူသည်ကား ပေါရာဏ စကားဖြစ်ပြီး အရှင်သခင်၊ကြီးကဲသူ၊ မြင့်မြတ်သူဟု အဓိပ္ပါယ်ရသည်။ မြန်မာစာပေတွင် ရတနာသုံးပါးနှင့်သော်လည်းကောင်း၊ မင်း၊မိဖုရားတို့နှင့်ပတ်သတ်၍သော်လည်းကောင်း သုံးစွဲသောအခါ'တော်'ကိုသုံးစွဲလေ့ရှိကြသည်။
နတ်တော်လဟူသည် နတ်မင်းများကို ပူဇော်သောကာလဖြစ်သည်။ မဟာဂီရိနတ်မောင်နှမကို ပူဇော်သောပွဲများ ရှေးအခါကပြုခဲ့ကြသည်။ ရှေးအခါကနတ်တော်လမှာ နတ်ပူဇော်သောပွဲဖြစ်သည်။မြန်မာသက္ကရာဇ် ၁၂၄၇ (1885)ခုနှစ်တွင် ပျောက်ကွယ်ခဲ့သည်။ ထိုအချိန်မှစ၍ နတ်ပူဇော်သည့်ရာသီပွဲများ ဆိတ်သုဉ်းခဲ့သည်မှာ ၁၃၀၅ခုနှစ်တိုင်အောင်ဖြစ်သည်။ ၁၃၀၆ခုနှစ်သို့ရောက်သောအခါနတ်တော်လအတွက် ရာသီပွဲတစ်ခုထူးခြားစွာ ထွက်ပေါ်လာခဲ့သည်။ ယင်းပွဲတော်မှာ မျက်မှောက်ကာလတွင် ကျင်းပနေသော "စာဆိုတော်ပွဲ"ပင်ဖြစ်သည်။
စာဆိုပွဲတော်ဆိုသည်မှာ ဘုရင်ခေတ်က ထီးသုံးနန်းသုံးဝေါဟာရတစ်ခုဖြစ်သည်။ စာဆိုတော်ပွဲမဖြစ်ထွန်းမီ မြန်မာစာပေနှင့်ပတ်သတ်၍ အထိမ်းမှတ်နေ့တစ်နေ့ရှိခဲ့သည်။ ကုန်းဘောင်ခေတ်နောက်ပိုင်းတွင် အလွန်ထင်ရှားသော စာဆိုတော်ကြီးဦးပုညကို ချီးကျူးဂုဏ်ပြူသော ဦးပုညနေ့ပင်ဖြစ်သည်။ စာဆိုတော်နေ့ပွဲတော်သည် ဦးပုညနေ့နှင့် ဆက်စပ်ဖြစ်ပေါ်လာသည်။ ဦးပုညနေ့ကို မြစ်ဖျားခံလာသည်ဟု ဆိုနိုင်သည်။ ပထမအကြိမ် စာဆိုတော်ပွဲကို 1944ခုနှစ်တွင်စတင်ကျင်းပခဲ့သည်။ ၁၃၀၆ခုနတ်တော်လဆန်း(၁)ရက်နေ့ကို စာဆိုတော်နေ့အဖြစ်သတ်မှတ်ခဲ့သည်။ စာပေအနုပညာအားလုံး ကိန်းဝပ်သည်သာမက ယဉ်ကျေးမှု၏အသက်သွေးဖြစ်ခဲ့သည်။ အလိမ္မာစာမှာရှိဆိုတဲ့စကားအတိုင်း အသိပညာ ဥာဏ်ပညာထွန်းကရေး၊ဘဝတိုးတက်ရေးတို့အတွက် အဓိကကျသည်။ စာပေနှင့်လူမျိုးခွဲခြား၍မရနိုင် ၊ စာပေပျောက်လျှင်လူမျိုးပျောက်ပေမည်။ ရှေးရှေးသောကျန်းပြုစာဆိုအကျော်အမော်များ၊ ရဟန်းပညာရှိ လူပညာရှိများက ယဉ်ကျေးမှုအမွေနှစ်များကို ရေးသား၍မြှပ်နှံခဲ့ကြပေသည်။
ရှေးအခါကထင်ရှားသော စာဆိုများမှာ
သူတည်းတယောက်ကောင်းဘို့ရောက်မူ ” အစချီအမျက်ဖြေလင်္ကကိုရေးသားခဲ့
သော ပုဂံစာဆိုတော်ကြီး အန္တသူရိယအမတ်ကြီးမှအစချီ၍ ------
ပုဂံ ပင်းယ တောင်ငူ အင်းဝကုန်းဘောင် ခောတ်အဆက်ဆက်တို့တွင်ထင်ရှားခဲ့သော
အချစ်ရေး၊အိမ်ထောင်ရေး၊စီးပွါးရေး၊ ပေါင်းသင်းဆက်ဆံရေး၊ပညာရေး၊အုပ်ချုပ်ရေး၊
သာသနာရေး၊စသည်တို့ကိုအချက်ကျကျ လမ်းညွှန်ပြသခဲ့သောလောကနိတိကျမ်းများ၊ကိုရေး
သားခဲ့သည့်ပင်းယခေတ်တွင်ထင်းရှားကျော်ကြားခဲ့သောစတုင်္ရဂဗလအမတ်ကြီး---
ဟတ္တိပါလာပျို့၊ စတ္တုဓမ္မသာရပျို့၊ကိုးခန်းပျို့၊ကဗျာ၊ လင်္ကကာ၊မော်ကွန်း၊ရတုနှင့်ဆုံးမစာများကို
ဂုဏ်ယူဝမ်းမြောက်ဘွယ်ရေးဘွဲ့ခဲ့သည့် အင်းဝခေတ်စာဆိုတော်များဖြစ်ကြသည့်ပေလေးပင်
ရှင်လေးပါးတွင်အပါအ၀င်ရှင်မဟာရဌသာရနှင့် ရှင်ဟာသီလ၀ံသတို့အား၎င်း ---
တောင်ငူ ခောတ်စာဆိုတော် နတ်ရှင်နောင် လှိုင်ထိပ်ခေါင်တင် ၊ရဝေရှင်ထွေး
န၀ဒေး ၊ မြ၀တီမင်းကြီးဦးစ ။ ၀န်ကြီးပဒေသရာဇာ ။ လက်ဝဲသုန္ဒရအမတ်ကြီး
ဗုဒ္ဓဘာသာဝင်များသီလခံယူဆောက်တည် ရာတွင်ရွတ်ဆိုလျက်ရှိသော ”အဟံဘန္တေ ”
အစချီသီလတောင်းစာချိုးကိုရေးသားပေးခဲ့တော်မူခဲ့သည့် - တောင်ဖီလာဆရာတော်
ပါဠိ နိဿယ၊ စကာပြေ ၊ ကဗျာ ၊ သတ်ပုံကျမ်းအမျိုးမျိုးတို့ကိုရေးသားတော်မူခဲ့သည့်
( ဗုဓ် အစ၊ ဗုဓ်အလယ် ၊ ဗုဓ်အဆုံး ) ဟုခေါ်စမှတ်ပြုလောက်အောင် စာပေတွင်အတော်ဆုံး
အတက်ဆုံး အသိဆုံးဟု ကျော်ကြားခဲ့သည် ကုန်းဘောင်ခေတ်စာဆိုတော်ကြီး ဆရာတော်
ဦးဗုဓ်
ကုန်းဘောင်ခောတ်စာဆိုတော်များဖြစ်ကြသော ဦးပုည ၊ ဦးကြီး ၊ ဦးကြော့ ။မယ်ခွေ
ဖိုးသူတာ်ဦးမင်း လူဦးမင်း ၊စသည်များ
ခလေးလူကြီး ၊ယောက်ျားမိန်းမ ရဟန်းရှင်လူတို့၏နှုတ်ဇျားတွင်အလွတ်ရနေစေသည့်
လွယ်သူသောကဗျာကလေးများဖြင့် သီကုးစပ်ဆိုထာသော သိင်္ဂါလောဝါဒ ဆုံးမစာများကိုရေး
သားတော်မူခဲ့သည့် သင်္ဂဇာဆရာတော်
ပိဋကတ်စာပေကျမ်းဂန်များကို ဘာသာမျိုးစုံကိုပါရရူမြောက်အောင်တက်မြောက်ပြီး
အရေး အဟော အကျင့် ဘတ်စုံထူးချွန်၍ ကျမ်းစာပေါင်း ၆၀ ကျော် ဘုရားရှစ်ခိုး ၁၁ မျိုး ၊
မောင်းထောင်းတေး ၊ အံတော်သီချင်း ၊ ဒွေးချိုး ၊ လေးချိုး ၊ တေးထပ် ၊ ရတုသံချို၊ ဘုန်းကြီးပျံ
ငိုချင်းမှအစ ၊ ကဗျာမျိုးစုံ ၊ နက္ခကျမ်း ၊ ဆေးကျမ်း ၊ အဂ္ဂရကျမ်းများနှင့် စာပေ၀ါဒနာပါသူတိုင်း
လက်ကိုင်ထားရသည့် မဟာသုတကာရီ ၊ မဃဒေ၀လင်္ကာတို့ကိုရေးသားပြုစုတော်မူခဲ့သည်
ကိုလိုနီခောတ်စာဆို မန်လည်ဆရာတော် -ဒီပနီကျမ်းစာအမျိုးမျိုး ၊ မေတ္တာစာအမျိုးမျိုး၊ဆုံးမ
စာအမျိုးမျိုး ၊တို့ကိုရေးသားပြုစုခဲ့သော လယ်တီဆရာတော် -
အနာဂတ်သာသနာရေး ၊ ဘာသာသွေး ၊ ရတနာ့ဂုဏ်ရည် ၊ ကိုယ်ကျင့်အဘိဓမ္မာ ၊
စသည့်ကျမ်းစာအမျိုးမျိုးတို့ကိုရေးသားခဲ့ပြီး ။ ဘာသာ ၊ သာသနာ ကိုအခြေခံမှစ၍မြင့်တင်ပေး
ခဲ့သော မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ၊ တိပိဋကဓရ ဆရာတော်
ဦးဝိစိတ္တသာရာဘိဝံသ မှ သည် ခောတ်စမ်းမြန်မာစာပေကိုစတင်ခဲ့သော သိပ္ပံမောင်ဝ ၊ ဆရာ
ဇော်ဂျီ ၊ မင်းသုဝဏ် ၊ ၂၀ ရာစု စာရေးဆရာများ အားလုံးကို မြန်မာမှု မြန်မာ့အမွေအနှစ်
များကိုရင်းနှီးမြုပ်နှံပေးကြသူ များအဖြစ်သဇင်သင်း၍နှင်းတွေဝေေ သာစာဆိုတော်နတ်တော်လ
တွင်ဂုဏ်ပြုမှတ်တမ်းတင်ရင်းနှင့် ကဗျာဆရာ ထီယု ၏ ကဗျာ လေးဖြင့်နိဂုံချုပ်လိုက်ပါသည်
ပန်းလှသဇင် ပြည်တခွင်၌
ဝေလွင်ပြည့်သိပ် အလှဖိတ်၍
ဆောင်းရိပ်စံမြန်း သင်းထုံလွမ်းသည်
လန်ဆန်းပါသည့် နတ်တော်လ
ဤသည်ချိန်ခါဒို့ပြည်မှာကွယ်
စဉ်လာကျင်းပစာဆိုလဟု
စကားရည်ပွဲ ၊ ကျပမ်းပွဲနှင့်
ပြိုင်ပွဲစာပေ ၊ ကျင်းပလေ၏
ရှေးကစာဆို ထူးကြည်ညို၍
စာဆိုသီရာ တေးကဗျာကို
ရွေးကာသီဆိုကြပါ၏
စာပေရေးရာစုံလင်စွာပင်
ဟောကာပြောကြ ဆွေးနွေးကြနှင့်
သုတထွေထွေရပါ၏
သက်ကြီးစာဆိုဂုဏ်ပြုကြိုလျက်
စာဆိုနေ့မှာသိုက်မျြိုက်စွာပင်
ကျန်းမာစေကြောင်းဆုမွန်တောင်းကာ
စုပေါင်းကန်တော့ကြပါ၏
စာပေဆုဝင် ကလောင်ရှင်ကို
ဂုဏ်တင်ထွန်းလင်း ချီးမြှင့်ခြင်းဖြင့်
ဆုနှင်းသဘင်ကျင်းပပါ၏
သြော် --- ပြည်လူထုအကျိုးပြုသည့်
ရှေးရှုစာပေအထွေထွေကို -ခောတ်တွေဆက်ဆက်ရေးသားလျက်ဖြင့်
ထမ်းရွက်စဉ်လာ - ထိန်းသိမ်းလာသော ရှင်လူများကို
စာဆိုတော်နေ့ ရက်မြတ်နေ့ဝယ်
ဦးညွှတ်ကော်ရော် ကန်တော့ပါသည်
မြန်မာ နှင့် စာပေအဒွန့်ရှည်စေသော်
Followers