အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Sunday, 17 February 2013

ဖုန်းမောင့်မေပျို

ခြေတစ်လှမ်းရယ်

ကုဋေတစ်သန်းတန်ပေတဲ့

ခါးသေးလို့ရင်ချီ

ပဒုမ္မနီအလား

အသားတော်ဝါဝါညက်ကယ်

လှမျက်ခြယ်သူဇာပျို

မူယာပိုလွန်တင့်ဆန်း

ပတုန်းရောင်ကေသာမြမှ

စပယ်ကုံးလေးမြန်းလို့ဆင်

နန်းပျိုပင်ထင်မှတ်ရ

ရွှန်းလဲ့တောက်ပ

ရွှေသမင်မ

မျက်လုံးလှရယ်

ညွှတ်သွယ်နှုတ်ခမ်း

စိမ့်စမ်းနှယ်အေးမြ

မေ့အပြုံးလှဝယ်

သွေဖယ်မရ

ဘဝင်မှာတသသမို့......။

သက်ထားကြင်သူ

ဖုန်းမောင့်ပျိုဖြူရယ်

အလွမ်းနယ်မှာ

ကျွမ်းတကယ်အသည်းနဲ့

မှန်းရွယ်ကာဆိုချင်ပ

ချိန်ရာသီဂိမာန်လတွင်

မောင့်အလာလမ်း

ခင်လှမ်းလို့ကြိုစေလို

ချစ်သူပျို......။

လေးစားလျှက်

***ရင်ခုန်ရသူ***

Thursday, 14 February 2013

မေမေ့အားပေးသံ

အမေ့သားလေး

လုလင်သွေး

ရှေ့ရေးဘယ်ပုံတွေး.....။

လောကလမ်းဝယ်

လျှောက်စဉ်မယ်

အားရယ်မငယ်မာန်ဝင့်ကြွယ်.....။

ကြုံမယ်ဒုက္ခော

လူ့သဘော

ထူပြောလှပေတယ်.....။

အမောင်လျှောက်လမ်း

မဆုတ်တမ်း

တက်လှမ်းရပေမည်.....။

လဲရင်ပြန်ထ

ဇွဲမချ

မှန်းဆပန်းတိုင်ဆီ....။

အောင်မြင်ဖို့ရေး

ရှုမျှော်တွေး

အားမွေးမေ့သားလေး.....။

လေးစားလျှက်

ရင်ခုန်ရသူ

အမျိုးပြောက်မှာ စိုးကြောက်ပါ

ချစ်သောမိတ်ဆွေတို့တစ်တွေသည်

အေးမြတဲ့အရိပ်စစ်မှန်တဲ့လမ်း

ငြိမ်းချမ်းတဲ့ပန်းတိုင်ရှိတာအသိပါ

တို့များဘာသာတို့သာဿနာဟာ

တို့ဘုရားရှင်လျှောက်

ရောက်လို့သွားတာတို့အသိပါ

တို့နောက်များစွာတို့သဟာတွေ

လမ်းမှချော်ထွက်ပျော်ပျက်ခြင်းတွေ

ဝေးကြပါစေ

တို့များဘာသာတို့သာဿနာ

အဓွန့်ရှည်ကြာတည်စေရေးဟာ

တို့များဝန်တာသိရှိပါ

မလိုမုန်းထားအဖျက်သမားသည်

ရှေ့ကလာသည်နောက်ကလည်းလာသည်

အသီသီနဲ့သတိမမဲ့ကြလေနဲ့ကွယ်

စကားကဖျက်အဝတ်ကဖျက်

အနေဖျက်မို့

အပျက်ပျက်နှာခေါင်းသွေးမထွက်စေချင်

စောင့်ပါမိတ်ဆွေမျိုးဂုဏ်သရေကို

မေ့ကာမထားကြလေနဲ့ကွယ်...

ရေးသူဆန္ဒကဗျာမကျလျှင်

ဝန္တာမိတောင်းပန်ပါ၏......။

လေးစားလျှက်

Tuesday, 12 February 2013

မင်္ဂလာရှိသော မွေးနေ့ပါသခင်/အရှင်

အစဉ်မြတ်နိုး၊ချစ်ကိုးပါရ

ဘိုးဘေးဘမှ၊ခုမျှတိုင်အောင်

တဘောင်သစ်လင်း၊မြတ်နိုးခြင်းဝေ

များတစ်တွေသိ၊ကမ္ဘာသိမို့

တို့ရဲ့အရှင်၊သခင်အောင်ဆန်း

အောင်ဆန်းဗိုလ်ချုပ်၊မွေးထုတ်မိခင်

ဒေါ်ဆု,ခင်က၊အနန္တအင်

ဂုဏ်အရှင်မို့၊ရှေ့နေဦးဖ

သူ့ရဲ့ဖခင်၊မျိုးအစဉ်မှာ

အာဇာနည်နွယ်၊နတ်မောက်နယ်မှာ

သာယာခရိုင်၊မကွေးမြိုင်မှ

ဟိုရှေးကစ၊ဗမာ့တံခွန်

လူရည်ချွန်ပေ၊ဖေဖေါ်ဝါရီ

ရက်လီဆယ်သုံး(13)၊ကြည်ပြုံးရွှင်မြ

ထိန်းလင်းလှလူ၊မောင်တလူအား

မွေးဖွားခဲ့ရာ၊ခုခါသက်ပျိုး

ကိုးဆယ့်ရှစ်(၉၈)သို့၊တိုးလို့ချီလာ

မမေ့သာနိုင်၊တို့နိုင်ငံရဲ့

တို့ရဲ့ဖခင်၊အရှင်မြတ်၏

ရောက်ရှိမဟာ၊မင်္ဂလာမွေးနေ့

ဝမ်းဝယ်မွေ့ပျော်၊အကျော်ကဝိ

မဟုတ်သည့်ငြား၊ဂုဏ်ပြုကဗ္ဗေ

စပ်သီလေ၍၊ယနေ့သခင်

သုဂတိပြင်မှာ၊ရွှင်သာစေသောဝ်။

လေးစားလျှက်

Sunday, 10 February 2013

***အမေ့သား***

<
i>တောင်ကြီးဖဝါးအောက်ဆိုတဲ့စကား
ကြားဖူးမှာပါအမေ
တောင်ကြီးဖဝါးအောက်ဆိုပေမဲ့
တောင်သိပ်ကြီးတော့ဖဝါးပေါက်
ဆက်မလျှောက်နိုင်တော့ဘဲ
ဘဝဆိုတဲ့လမ်းဘေးထိုင်နေသူတွေ
အနန္တရှိနေကြတယ်အမေ.......။
လှိုင်းကြီးလှေအောက်ဆိုတဲ့စကား
ကြားဖူးမှာပါအမေ
လှိုင်းကြီးလှေအောက်ဆိုပေမဲ့
လှိုင်းသိပ်ကြီးတော့လှေမှောက်
လိုရာမရောက်ပဲ
လောကဓံလှိုင်းအောက်နစ်မြုပ်သူတွေ
ရေတွက်မရရှိနေကြတယ်အမေ.......။
လှိုင်းသိပ်မကြီးပေမဲ့
လှေလှော်ရင်းတက်ကျိုးကြမ္မာဝဲဂယက်ဆိုးက
ရှေ့တိုးမရနိုင်သူတွေအသင်္ချေပါအမေ.....။
တောင်ကြီးလို့ဖဝါးပေါက်
တရွတ်ဆွဲလျှောက်မယ်အမေ
ပန်းတိုင်ရောက်မှမှောက်ချင်မှောက်ပါစေ
လှိုင်းကြီးလို့လှေမှောက်ရေအောက်ရောက်လျှင်
ဇနက္ကထုံးနှလုးံမူမယ်
ပန်းတိုင်ရောက်မှနွမ်းယိုင်မှောက်ပါစေ.....။
လှေလှော်တုန်းတက်ကျိုး၊လက်ထိုးပြီးလှော်မယ်
ကြမ္မာဝဲဂယက်တွင်၊ဇွဲတင်းလို့ဆင်းမယ်
လွတ်ကင်းကျော်လွှား၊ဖြတ်လျှောက်သွားမယ်အမေ.....။
အမေ့သိက္ခာ၊သားသိက္ခာအတွက်
ဘဝဆိုတဲ့စခန်းလမ်းဘယ်လောက်ဆိုးဆိုး
ဇွဲကိုဆင့်တိုး၊လုံးလဖြိုးလို့ရှေ့ဆက်လျှောက်မယ်
အမေ့သိက္ခာချမယ့်သားဆိုးဘဝ
လုံးဝမရောက်စေရဘူးအမေ.......။
လေးစားလျှက်

Thursday, 7 February 2013

***ညအလှနဲ့လပြည့်ဝန်း***

ချစ်စရာ မြင်ကွင်းပါလော့

လေအသော့မှာ တိမ်ရိပ်ဆင်

ငွေစင်လိုဖြူဖြူဖွေးလို့

ကျူကျူမွှေးတဲ့ပန်းမာလာ

ကြယ်တာရာ ဝန်းရံခ

ညီလာခံဆင်နွှဲကြသလို

အဘိုးအို သူဆန်ဖွတ်တယ်

ယုန်ဖြူငယ်ဝပ်ကာပေါ့

တစ်ကျော့နှစ်ကျော့တေးကိုသီ

ရွှေရောင်ခြည် စိုစိုဖြန်းပါ၍

ချမ်းမြေ့မြေ့ ဘဝင်နန်းမှာ

သွင်ဆန်းလှ လပြည့်ဝန်း။

တစ်သွင်ဆန်းပါ့စက္ခုရုံ

တူစုံနှံ ယှဉ်ကာနွှဲပါလို့

လင်းတစ်ခါ လက်တစ်လှည့်ရယ်နဲ့

နှင်းဝတ်လွှာ မျက်ကောဇောထက်

ပျော်တော်ဆက်နေကြဟန်

ခေါက်တုံ့ပြန် ကျီစယ်လေသလား

ထင်မှားစရာ့ပိုးစုန်းမောင်နှံ။

အိမ်ရှေ့နားချောင်းကလေးမှာ

စမ်းရေယဉ်သွင်သွင်စီးသံက

ဖြိုးဖြောက်ကယ်သံစုံမြည်လို့

ရော်ရွက်တို့ကျသံညီ

ပုရစ်ငယ် လီလီအော်၍

ခုံတန်းဆီမှငေးမျှော်မိပေါ့

အလွမ်းသော့ည လပြည့်ဝန်း။

လေးစားလျှက်

Monday, 4 February 2013

facebookပေါ်တွင်မလုပ်ရ(10)ချက်

ကမ္ဘာမှာ အင်တာနက်အသုံးပြုသူ ၂ ဘီလျံမက ရှိနေပြီး ဖေ့စ်ဘွတ် အသုံးပြုသူလည်း သန်း ၁ ထောင်ကျော်သွားပါပြီ။ ဒီတော့ ဖေ့စ်ဘွတ် အသုံးပြုလို့ ဝါရင့်နေသူများလည်း ရှိမယ်ထင်ပါတယ်။ ဘယ်လောက်ပဲ ဝါရင့်ရင့် အောက်ပါ မလုပ်ရ ၁၀ ချက် အခြေခံ အချက်အလက်လေးသိမှ မိမိ အကောင့် လုံခြုံမှာ ဖြစ်ပါတယ်။
...
၁။ Facebook ကို ဦးစားပေး အီးမေးလ်ပေးခြင်း (email priority)

Facebook အကောင့်ဖွင့်ဖို့အတွက် အခြား အီးမေးလ် ကိုသာ ပေးစေခြင်း ဖြစ်ပါတယ်။ မိမိ လုပ်ငန်းသုံး အရေးကြီးတဲ့ အီးမေးလ် ကို ဖေ့စ်ဘွတ်နဲ့ တွဲမနေစေဖို့ ဖြစ်ပါတယ်။ အကယ်၍ တွဲနေရင်လည်း Facebook မှာ မဖော်ပြမိစေဖို့ လိုအပ်ပါတယ်။ Facebook အကောင့်ကို လုံခြုံရေး လျော့နည်းစေသလို မိမိအီးမေးလ်ကိုလည်း လုံခြုံရေး လျော့နည်း စေပါတယ်။

၂။ profile နှစ်ခု ထားခြင်း

ပရိုဖိုင် နှစ်ခုနဲ့ အကောင့် နှစ်ခုထားတာမျိုး မလုပ်ရပါဘူး လို့ဆိုပါတယ်။ ဒါကို အနောက်နိုင်ငံက Facebook user များက တားမြစ်ပါတယ်။ သို့ပေမယ့် Privacy နဲ့ အခြား အွန်လိုင်း ပိတ်ဆို့မှုများ ရှိနေတဲ့အတွက် မြန်မာပြည်မှာ အပြည့်အဝ အသုံးမပြုနိုင်သေးတဲ့ Facebook ရဲ့ အခြား အစိတ်အပိုင်းများ ရှိနေပါတယ်။ ဒါကြောင့် တစ်ခါခါ ဖုန်းနံပါတ် ထည့်မရလို့ အကောင့် ပိတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အရံအကောင့် တစ်ခုထားခြင်းကို ပြုလုပ်နိုင် ပါတယ်။ သို့ပေမယ့် ယင်းထားတဲ့ အကောင့်ကု နောက်လူ တစ်ယောက်ပုံစံ အနေနဲ့ မသုံးပဲ ကာကွယ်ရေး အတွက် အမြဲ အသင့်ရှိစေတဲ့ အကောင့်လိုပဲ အသုံးပြုသင့်တာ ဖြစ်ပါတယ်။

ပရိုဖိုင်တစ်ခုမှာလည်း Status update တစ်မျိုးတင်တယ်။ နောက်တစ်ခု ကလ်ညး ဒါကိုပဲ တင်တယ် သို့မဟုတ် အခြား တစ်မျိုးတင်တယ် ဆိုရင်တောင် Personal အရ အခြားလူ မြင်ရင်တောင် မကောင်းပါဘူး။ သို့ပေမယ့် မတော်လို့ ကိုယ်သုံးနေတဲ့ အကောင့် လော့ကျ သွားရင် ဒုတိယအကောင့်နဲ့ အသုံးပြု နိုင်သလို လော့ဖွင့်ရန် ကြိုးပမ်းနိုင်ပါတယ်။ Facebook Page ၊ Group ကို တစ်ဦးတည်း လုပ်ထားသူ အနေနဲ့ အရံ အကောင့် တစ်ခုနဲ့ Admin Manager လုပ်ထားသင့် ပါသေးတယ်။ ဒီတော့ ပရိုဖိုင် နှစ်ခု မထားရလို့ တားမြစ်ပေမယ့် အကောင့် နှစ်ခုကတော့ အခြေအနေအရ ထားသင့်ပါတယ်။

၃။ မက်လုံးပေးသော Page များကို Like လုပ်ခြင်း၊

နိုင်ငံခြားမှာ တော်တော်ခေတ်စားပါတယ်။ ဒီ Page ကို Like ရင် iPhone အလကားပေးမယ်။ ပေါင်မုန့် အိမ်အရောက် ပို့မယ် ဆိုတာမျိုး ဖြစ်ပါတယ်။ ရည်ရွယ်ချက်က app နဲ့ တိုက်ခိုက်ပြီး အကောင့်ကို ခိုးဖို့ ဖြစ်ပါတယ်။

၎။ မက်လုံးပေးသော App များကို အသုံးပြုခြင်း

အချို့ ကျတော့ မိမိစီးပွားရေး အလွယ်တကူ လူသိများရန်အတွက် App ကို သုံးတတ်ပါတယ်။ ဒီမှာ User တစ်ယောက်က ယင်း app ကို click နှိပ်မိရင် အလိုအလျောက် သူ့သူငယ်ချင်းများထံ ဆက်လက် ပြန့်ပွားသွားတာမျိုး ဖြစ် ပါတယ်။ ဒါက အန္တရာယ်ရှိပါတယ်။ အဓိက ကတော့ Personal information များပေးလိုက်ရတဲ့အတွက် အကောင့်လုံခြုံရေး လျော့နည်းသွားပါတယ်။ အချို့ ကျတော့လည်း လူအံ့အောလောက်မယ့် ကောလဟာလကို app လုပ်ပို့ တတ်ပြီး Like နှိပ်သူ Wall မှာ ဆက်တိုက် တက်တာမျိုးလည်း ဖြစ်ပါတယ်။ ဗိုင်းရက်စ်အနေနဲ့တောင် တိုက်ခိုက်နိုင်ပါတုယ်။

၅။ ဖေ့စ်ဘွတ်ကို ယာယီသိုလှောင်စရာ အဖြစ် အသုံးပြုခြင်

အချို့ က ဖေ့စ်ဘွတ်ကို ယာယီသိုလှောင်စရာလို အသုံးပြုတတ်ပါတယ်။ ဒါက မလုံခြုံတဲ့အပြင် လိုသလိုလည်း ဖြစ်မလာတတ်ပါဘူး။ ဥပမာ- မိမိက သိမ်းလိုက်တဲ့ ပုံက အရွယ်ကြီးနေရင် တစ်ခါခါ Facebook က အလိုအလျောက် resolution လျော့ချ ပစ်တတ်ပါတယ်။ အမြဲတမ်းတော့ မဟုတ်ပဲ တစ်ခါခါကျ ကြုံရတတ်ပါတယ်။ ဒါကြောင့် Facebook ကို Permanent Storage အဖြစ် အသုံးမပြုသင့်ပါဘူး။

၆။ မွေးနေ့ ပြည့်ပြည့်စုံစုံ ဖော်ပြခြင်း

မိမိမွေးနေ့ကို ပြည့်ပြည့်စုံစုံ ဖော်ပြတာဟာ အန္တရာယ်ကြီးပါတယ်။ ယင်းမွေးနေ့ ကလည်း ဖေ့စ်ဘွတ်မှာ လျှို့ ဝှက်ထားသင့်တဲ့ အရာ ဖြစ်ပါတယ်။ ယင်း အချက်အလက်ကို ကြည့်ပြီးတော့ ဟက်ကာ များက အကောင့် ခိုးယူနိုင်ပါတယ်။

၇။ emotional ရုပ်ပုံများ ပေါပေါသီသီ အသုံးပြုခြင်း

အသုံးပြုဖို့အတွက်ကိုပဲ Facebook က    အစရှိသဖြင့် အရုပ်ကလေးများ (emoticons) တို့ကို ပေးထားပါတယ်။ comment box ထဲမှာတောင် အသုံးပြုဖို့အတွက်ဆိုပြီး မကြာသေးမီကမှ Facebook အသစ် လုပ်ပေးထားပါတယ်။ ယင်း လက္ခဏာများကို ကိုယ်တင်တဲ့ Post တိုင်း၊ ပေးတဲ့ Comment တိုင်းမှာ ပေါပေါသီသီ အသုံးမပြုစေဖို့ အနောက်တိုင်းက User များက လက်ခံထားပါတယ်။ ယင်း လက္ခဏာများအား အလွန်အကျွံ သုံးစွဲခြင်းဟာ တစ်ဖက်ရဲ့ တင်ပြချက်ကို မလေးစားရာ၊ အခြား ထင်မြင်စရာ ပေးစွမ်းတာမျိုးကြောင့်လို့ ဆိုကြပါတယ်။ လက္ခဏာလေးများကို ဆင်ခြင် အသုံးပြုဖို့ဆိုပြီး အနောက်တိုင်းက user များက အကြံပြုထားကြပါတယ်။ ပြီးတော့လည်း ယင်း Emoticons နဲ့ ကွန်းမင့်ပေး တာများရင် Facebook က ဖြတ်တတ်ပြီး ပိုများလာရင် သတိပေးစာ ရောက်တတ်တယ် လို့ ဆိုပါတယ်။

၈။ ဘာလုပ်လုပ် Facebook ပေါ်တွင် Update လုပ်ခြင်း

ဒါလည်း မလုပ်သင့်ဘူးလို့ ဆိုပါတယ်။ ဥပမာ- အပြင်သွားလိုက်အုံးမယ်လို့ Update တင်လိုက်ခြင်းက အိမ်က သူခိုးလာဖို့ ဖိတ်ခေါ်တာနဲ့ အတူတူပဲ လို့ ဆိုပါတယ်။ ဘယ်သွားသွား၊ ဘာလုပ်လုပ် အားလုံးကို Facebook ပေါ်မှာ တင်နေရင်တော့ အကောင့်တင်မကပဲ မိမိနဲ့ ပတ်ဝန်းကျင် လုံခြုံရေးပါ ထိခိုက်လာနိုင်ပါတယ်။ ဓားပြတိုက်ဖို့အတွက် Facebook မှာ Status တင် လူစုတဲ့ ဖြစ်ရပ်ကြောင့်လည်း ထောင်ကျသွားတဲ့ ပေါက်ပေါက်ရှာရှာ ဖြစ်ရပ် မျိုးတောင် တကယ် ဖြစ်ခဲ့ပါတယ်။

၉။ သတိထားဖွယ် ကွန်းမင့်

ကွန်းမင့် Box ထဲမှာ Xxxxxxxxxx, baaaa, haaaaaa, အစရှိသဖြင့် ဘယ်မှာမှ ရှာလို့မရတဲ့ စာတွေ၊ အက္ခရာ အကြီးနဲ့ ရေးတဲ့စာတွေ (WOW, AMAZING, WHO IS HE?) အစရှိသဖြင့်တို့ကို ရှောင်ကြဉ်ရေးသား ရပါတယ်။ Facebook ကအဲဒီလိုစာများနဲ့ ကွန်းမင့်ပေးရင် သူ့အလို အလျောက် လိုက်ဖြတ်ပါတယ်။ အဲဒီလို ပေးပါများရင်တော့ Facebook က သတိပေးစာ ရောက်လာတတ်ပြီး ကံမကောင်းရင် အကောင့် လော့ကျ သွားနိုင်ပါတယ်။

၁၀။ ရောက်လေရာ မစစ်ပဲ အကောင့်ဖွင့်ခြင်း

ဆိုင်တစ်ဆိုင်ပြီးတစ်ဆိုင်၊ ကွန်ပျူတာ တစ်လုံးပြီးမသုံး ဘာမှ မစစ်ဆေးပဲ မိမိ Facebook ကို Log in ဝင်တာမျိုးတွေက အလုပ်များကြပါတယ်။ Log in မဝင်ခင် ဝင်မယ့် Facebook ရဲ့  Welcome page, Address bar ကို သေချာစစ်ဆေးပြီး သေချာပြီဆိုမှ Log in လုပ်သင့်ပါတယ်။ အချို့ နေရာကျ Facebook ပုံစံ ဖန်တီးပြီး address အတုနဲ့ ခပ်ယောင်ယောင် လုပ်ထးတာမျိုး တို့ ရှိပါတယ်။ ဒါကြောင့် ဆိုင်မှာ စက်တစ်လုံး စဖွင့်ပြီ ဆိုရင် သူအလို အလျောက် ဖွင့်ပေးထားတဲ့ Page ကနေ ဝင်တာထက် ကိုယ်တိုင် Address bar ကနေ လိပ်စာ ရိုက်ပြီး ဝင်သင့်ပါတယ်။

အထက်ပါ ၁၀ ချက်ကို သိရှိနားလည် ကျင်သုံးတတ်မယ်ဆိုရင် မိမိအကောင့်ကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

--

Thursday, 31 January 2013

**နောင်ဘဝမှ ချစ်ပါရစေ**

စမ်းလေပြေ

ကမ်းခြေမှာလှိုင်းကြက်ခွပ်တော့

ဝင်ကစွပ်တို့ရွှင်ကြည်

ကြင်သူနှင့်နွှဲ။

လွမ်းရဝေ

ကျွမ်းပွေအောင် သူဖန်လေတော့

တူဆုံရန်အရေးမှာဖြင့်

ဝေးလွင့်ပေါ့လေး။

မြိုင်ယံတော

ကြိုင်လျံပေါပါတဲ့ ပန်းမာလာ

ဖြူနီပြာရောင်စုံဖြာလို့

သောင်ခုံမှာကျဲ။

လှိုင်မေတ္တာ

ပိုင်သူညှာ မသိလေတော့

ရှိစေတော့ အတိတ်ကံရယ်ကြောင့်

အို  နောင်ကွယ်ကြင်ပါ့လေး။

ဗွေမယူ

ဖွေသူဟာ အစရှာလို့

အပြစ်သာမြင်ချင်လေတော့

ခင်စေရာပေါ့ကွယ်။

နွေအပူ

ခွေငြူကာယိုင်ချင့်လို

ဖြိုင်ဆင့်အို အပင်ရိပ်မှာ

သခင်ကြောင့်ဆွေး။

လေးစားလျှက်

Tuesday, 29 January 2013

***နွဲ့ဆိုး**

ကလေးငယ်လို၊အမူပိုကာ

ကလူသလို၊မြှူချိုမျက်နှာ

မျက်စောင်းလေးချိတ်၊အံလေးကျိတ်ကာ

စိတ်ကောက်တတ်သူ၊ကို့သည်းဖြူရယ်

သူပြောသမျှ၊ခေါင်းငြိတ်ပြရင်

သိမ့်သိမ့်လေးနှင့်၊ရယ်ရွှင့်မျက်နှာ

ငွေစံပယ်လို၊ဖြူယိုသန့်ရှင်း

စိုပြေဝင်းလက်၊စိတ်ကောက်တတ်တော့

ချော့ရတစ်ခါ၊မူကာပိုကာ

ခြေလေးစောင့်ကာ၊ကိုနားကခွာ

ဝေးရာကိုပြေး၊ချစ်ကြောင်းလေးပြော

ရှက်သွေးနှောကာ၊နားကလေးပိတ်

ဆိတ်ဆိတ်လေးနေ၊မကြင်သလို

ညိုတိုတိုနဲ့၊ကလေးဆိုးလို

ဆိုးနွဲ့လိုတဲ့၊နွဲ့ဆိုးလေးကို

.ကို....ကို...အရမ်းချစ်တယ်ကွာ။

လေးစားလျှက်

Friday, 25 January 2013

လောကဇတ်ရုံ

ပန်းမန်သစ်ပင်၊လယ်ယာပြင်က

ဆိုင်ခွင်ကန္နား၊တိုက်တာများနှင့်

ချိုင့်ဝှမ်းတောတောင်၊စိမ့်စမ်းမြောင်သို့

လရောင်နေရောင်၊ကြယ်ရောင်စုံလင်း

အဆင်းတန်ဆာ၊လူ့ရွာဇတ်ရုံ

ရှည်တိုခင်းကာ၊ရှောင်ကွင်းပါလည်း

ကံဇတ်ဆရာ၊သူ့အာဏာကို

နားငုံစဉ်စိုက်၊လိုက်ရလေတယ်။

အချို့ဇတ်သွား၊သူအများတို့

ရွှင်အားပျော်ပိုက်၊ရယ်သွမ်းလိုက်နှင့်

ကြည်သာဇတ်ဟန်၊နွှဲရန်တူစုံ

သုခဘုံလို၊ပျော်တပြုံးပြုး

မော်မဆုံးပါ၊ဖန်ပါလေတယ်ဇတ်ဆရာ။

အချို့မှာမူ၊လွမ်းဆွေးပူလို့

စိတ်ဝယ်မရွှင်၊ငိုတ အင်ဖြင့်

ရယ်ခွင့်မသာ၊ဖြေကာမပြေ

သည်းပွေယိုင်လူး၊လွမ်းဇတ်ကြူးရပေါ့တစ်ခါ။

နေပူတစ်ခါ၊မိုးရွာတစ်လှည့်

ပြည့်ရဲ့တစ်ခါ၊ဆုတ်ခါတစ်လှည့်

ထုံးတမ်းကဲ့သို့၊နွမ်းနဲ့ပူပြင်း

ဇတ်ဝင်တစ်ခန်း၊အလွမ်းသွင်းလို့

ငြင်းခွင့်မသာ၊ဆက်ကာတစ်ခန်း

ရွှင်ဇတ်လမ်းလည်း၊နွှဲရကြည်လင်

တစ်လှည့်ဆင်ကာ၊ကံဆရာဖန်

သုံးတော်ခံရ၊လူ့ဘဝမှာ

ဇတ်လမ်းဇတ်သွား၊အပြားပြားနှင့်

အများပေါင်းဆုံ၊သည်ဇတ်ရုံမှာ

အဟုန်ပူပြင်း၊ကျေညက်ခြင်းသို့

ဖြုန်းဖြုန်းကြွေရန်၊သူဖန်တတ်တယ်

ပျောက်ကွဲရှရ၊ကမ္မဆရာ

သူ့လက်မှာမို့၊မမြဲသာပြီ

ဆရာသူကစွမ်းတော့တယ်။

ထို့ကြောင့်ကညာ၊မောင့်သည်း(သဲ)ဖြာရယ်

အပူအသော၊အလွမ်းနှောတဲ့

လောကဇတ်ရုံ၊လူ့ဘုံတွင်းက

အတင်းခုန်လို့၊စိတ်ချယုံကြည်

ကံဇတ်ဆရာ၊မဖန်သာသည့်

နေရာကြငှန်း၊နိဗ္ဗူနန်းကို

မြန်းလိုလှတယ်၊နှမလိုက်စေချင်တော့တယ်။

လေးစားလျှက်

Followers