အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ
Friday, 25 January 2013
Tuesday, 22 January 2013
လပြာသို
ခါလပြာသို၊ခွာညိုကလန်း
ဆောင်းလချမ်းလယ်၊သဘင်ရယ်နှင်း
ဆင်ခင်းမြင်းခင်း၊အဲမောင်းချင်း*(၃၇)*သွယ်၊
မြင်းစီးသွယ်ညီ၊မြင်သည်အံ့မော
ဓားခုတ်လှံထိုး၊စက်ထိုးလေးတင်
စုံလီဆင်နွှဲ၊ထူးကဲလေခါ
ရာဇာဘုရင်၊ဆုတော်ဆင်ပေး
သြဘာကြွေးပေ၊မြန်ပြည်ရှေးခါ။
ရာသီကာလ၊မကာရမည်
သဏ္ဌာန်သည်က၊ဆိတ်ချိုလှနှင့်
သမင်မျက်နှာ၊မကန်းငါးလို
လပြာသိုဝယ်၊ဆွတ်ဖွယ်နှင်းစက်
ချမ်းလတ်ခိုက်တုံ၊အသည်းမြုံမှာ
ကညာသက်လင်း၊မေကျော့ရှင်းငယ်
လွမ်းဖွယ်ရတု၊ရေးခါပြု၍
ဆွေ့ဆွေ့ကျွမ်းရ၊တမ်းတပြည်တော်
မျှော်တော်ယောင်ဖြင့်၊လွမ်းဆင့်ဆင့်လွမ်း။
်
Sunday, 20 January 2013
ရွာထိပ်ကဖိုးဖြူ
ရွာထိပ်ကဖိုးဖြူ
မတင်မေနဲ့ကျူတူတူ
ဝါလကင်းမှာယူ။
ရွာထိပ်ကဖိုးဖြူ
ဟိုမှာလည်းသူဒီမှာသူ
အလုပ်များတဲ့သူ၊။
ရွာထိပ်ကဖိုးဖြူ
မီးဖိုဆောင်ထဲသူဝင်ကူ
ခွေးဝက်ကယ်ကအူ။
ရွာထိပ်ကဖိုးဖြူ
ရွာသူကြီးကခေါ်တော်မူ
သစ်ပင်စိုက်ဖို့ဆူ။
ရွာထိပ်ကဖိုးဖြူ
သူကလေးခုနှစ်ယောက်ယူ
နောက်တစ်ဗိုက်ကပြူ။
ရွာထိပ်ကဖိုးဖြူ
နိဗ္ဗာနပစ္စယောလှူ
တစ်ရွာလုံးဂုဏ်ယူ။
ရွာထိပ်ကဖိုးဖြူ
အသက်လေးကခြောက်ဆယ်ပြူ
သီလလေးနဲ့သူ။
ရွာထိပ်ကဖိုးဖြူ
ခြောက်ပေသုံးပေခန်းအဖြူ
သူ့တွက်နေရာယူ။
ရွာထိပ်ကဖိုးဖြူ
အဝတ်ဆင်တာတကျူကျူ
သူ့ကုသိုလ်ကကူ။
လေးစားလျှက်
ရင်ခုန်ရသူ
Saturday, 19 January 2013
***ညနေချမ်း***
ယော်ရီအဆင်း၊နေမင်းသူရိန်
မှိန်ပြဖျော့တွေ၊ရွှေရွှေဝါဝါ
ပြုပ္ပဒီသာနန်း၊ခိုဝင်မြန်းပေါ့
လေအသော့မှာ၊ယိမ်းကာယိုင်ကာ
ဓနီယာအင်၊တသွင်ဘက်ကမ်း
ရီဝေနန်းလို၊ရွှေဘုတ်ခိုရာ
ကိုင်းထက်ဖြာမှာ၊ဆိုကာအိုးအီ
မြုပ်ချီမြင့်ချီ၊စုံလီစုံစွာ
တိမ်ဝဠာထက်၊ဥဗျိုင်းငှက်တို့
တောင်ရပ်သို့ဆန်၊တက်ရန်အိပ်တန်း
ပျံသန်းရာနောက်၊ကောက်ကောင်ပါလျှက်
ကြာရှင်ချပ်တို့၊အရွက်ဖားဖား
လှေသမားစုံ၊ရိပ်မြုံထံရပ်
ခိုဝင်ကပ်ကာ၊ဝေးဝေး၍သာ
ကျွန့်မှာကိုယ်တည်း၊မျော်ပြီးငေးမိ
ဆည်းဆာ၏ဂုဏ်၊စိတ်ရဂုံနန်း
ချမ်းမြသာကြည်၊ရှိစွအတည်။
လေးစားလျှက်
Thursday, 17 January 2013
မှုံပြာရီ
မှုံပြာရီ၊ရွှေနီတိမ်ပန်း
ဆည်းဆာချမ်းဝယ်၊ဆော်ဖြန်းညှင်းလေ
ဥဩငှက်ဆွေ၊နှုတ်ချွေရင့်ကြူ
တော်-တ,ရှူသော်၊ကြုံးယူသဲဆိုင်
တမှိုင်မှိုင်ဖြင့်၊ဗျာပွေလှိုင်အင်
တွေးမရွှင်ပြီ၊ဘဝသက်လုံ ရီပြာမှုံ။
ရီပြာမှုံ၊သိုင်းခြုံရှစ်တိုင်း
အုံ့မှိုင်းဆင်လျှက်၊ဝန်းကျင်ထက်ခွင်
သွန်းနှင်မြရည်၊ဖူးပွင့်စည်ကာ
မည်သာတိဂုံ၊ခြေတော်စုံဝယ်
အာရုံဖူးမော်၊စိတ်ကိုဖျော်လည်း
မပျော်ပေဘူး၊မိန်းမူးမှိုင်းသီ ပြာမှုံရီ။
ပြာမှုံရီ၊စီရီသွယ်နှင်း
မင်းလွင်ကျင်းလို့၊ပျံ့သင်းသဇင်
ဂမုန်းအင်တို့၊ဆောင်းစက်ရိပ်ခို
ငွေလိုပုလဲ၊ပွင့်ကြဆဲဖြင့်
ကြေကွဲဖန်ပြု၊လွမ်းရတုကို
နွမ်းမှုမချိ၊ရှုမိဖန်ခါ မှုံရီပြာ။
မှုံရီပြာ၊ရွှေလဝါစမ်း
မြူခြေတန်းက၊ပြူတင်းဝတွင်
တစ်ကိုယ်ပင်လျှင်၊ရွှင်ပါရသော်
ညဥ့်ကိုဖျော်ဖို့၊တယောသံညှင်း
သီချင်းညီးကာ၊စောင်းသံတစ်ဖြာ
ဖြေပါသော်လည်း၊ပြေဘဲလွမ်းသီ မှုံပြာရီ။
လေးစားလျှက်
Wednesday, 16 January 2013
အမေများသို့
ချစ်သောမေမေသိပါစေ
သားတို့ရင်မှာစမ်းရေပမာ
တသွင်သွင်စီးနေတာအမေတ္တာပါ
အမေတိုင်းဟာသားတို့ကမ္ဘာ
အစဉ်ထာဝရရှိနေတာ။
အသံတွေတုန်ခါးကိုင်းပါစေ
အမေ့မေတ္တာတွေသန်မာဆဲပါ
ဆံဖြူသွားကျိုးအရေတင်အရိုးဖြစ်ပါစေ
သားတို့ရင်မှာအမေဟာ
ပျိုမျစ်သန့်စင်လှပနေမြဲပါ
စကားချိုတွေတီတီတာတာမပြောတော့ပေမဲ့
အမေ့ရဲ့မေတ္တာစကားတွေ
သားတို့ကြားယောင်ဆဲပါ
သားတို့ကိုကြင်နာထွေးပွေ့မှုမပေးနိုင်တော့ပေမဲ့
နွေးလို့နေမြဲပါအမေ။
စမ်းရေလိုအေးနေခြည်လိုနွေးတဲ့
အမေ့ရဲ့မေတ္တာတေးတွေ
အဝေးဆီမှာပဲ့တင်ထပ်နေဆဲပါ
အမေတို့အားထား
အမေတို့သားတွေရှိပါတယ်
အမေတို့ရဲ့ထီး
အမေတို့သမီးတွေရှိပါတယ်
အားမငယ်ပါနဲ့အမေတို့
သားတို့ခွန်သမီးတို့အားနဲ့
အမေတို့ကိုပြုစုမယ်၊ယုယမယ်
ချစ်သောမေမေ(များ)ရယ်....။
Tuesday, 15 January 2013
မန်းမြို့သူ
ကျွန်တော်ကျွန်တော်နဲ့အမြဲပြော
မန်းမြို့သူပျိုဖြူချောရယ်
အသားတော်ညိုပြာညက်ကယ်နှင့်
တင့်ဆန်းပါဘိကိုယ်နေဟန်။
မန်းကျုံးရေချိုချိုအေး
ချိုးချင်ပါသေး။
အလှမ်းမဝေးပေါင်မန္တလေးတောင်
မြွေကြီးနှစ်ကောင်လည်း
တွေ့ချင်ပါသေး။
ဈေးချိုဘက်လည်းလျှောက်လည်မယ်
မြင်းလှည်းလေးနဲ့ကွယ်
စက်ဘီးလေးလည်းစီးကြမယ်။
မဟာမြတ်မုနိဘုရားကြီးအား
ဖူးလို့မျှော်ချင်သား။
ဦးပိန်တတားလည်းလျှောက်ဦးမယ်
လိုက်ကာပို့ပေါ့ပျိုဖြူရယ်
နှစ်ကိုယ်တူပျော်မြူးကြမယ်ကွယ်။
ရထားကြီးကိုငြိမ့်ငြိမ့်စီး
ဘူတာကြီးထဲဆီးလို့ကြို
မျက်နှာပြုံးချိုချို
မောင့်အသည်းပို
မန်းခင်ပျို.......။
လေးစားလျှက်
**-ရင်ခုန်ရသူ**
အိပ်ရေးဝမှ
အရေးမကြီးဘူးလို့ထင်ရပေမဲ့ အရေးကြီးတဲ့အကြောင်းကိစ္စလေး တစ်ခုကတော့*အိပ်ရေးပျက်လို့ ပေါင်းသင်းဆက်ဆံရေးပျက်*ရတဲ့အဖြစ်ကလေးပါပဲ။ စိတ်ပညာရှင်များက အိပ်ရေးအပျက်များသူဟာ ပင်ကိုယ်အခံ အားနည်းတဲ့အတွက် ဆက်ဆံရေးမှာညံ့တယ်လို့ ဆိုထားတယ်။စိတ်မရှည်သူများထဲမှာ အိပ်ရေးပျက်သူများ မကျန်းမာသူများလည်း ပါပါတယ်။
အိပ်ရေးပျက် ခေါင်းရှုပ်လို့ ဘုတောမိပြီး အရောင်းပျက်၊အဝယ်ပျက် စီးပွားပျက်သူတွေအများကြီးပါ။အိပ်ရေးပျက်လို့ အိပ်ရာထနောက်ကျပြီး ချိန်းဆိုတဲ့နေရာကို အချိန်မှီ မရောက်သူတွေ၊ဝီရိယနည်းလို့ ရသင့်ရထိုက်တာမရသူတွေ၊သူများတကားနော်ဆုံးမှာ နောက်မှရောက်ပြီး တန်းစီနေရသူတွေအများကြီးပါ။အိပ်ရေးပပျက်ရင် အတွေးမကြည်ဘူး အမြင်မကြည်ဘူး။စိတ်မကြည်တော့ ဦးနှောက်မရှင်းတော့ အမှားအမှန်လည်းခွဲရခက်၊ဒေါသလည်းအလွယ်တကူထွက်လာတတ်တယ်လေ။
Monday, 14 January 2013
ဗြဟ္မစိုရ်တရား
မှတ်စိမ့်ကျမ်းလို၊ တစ်ခန်းဆိုပိမ့်၊
ဗြဟ္မစိုရ်လေးဖြာတည်ကြခါမှ၊
သတ္တ၀ါဟူဟူ၊ ဦးမည်းဖြူတို့၊
ရှင်လူခပင်း၊ ရောဂါကင်းလျှက်၊
ဘေးရန်ရှင်းကွာ၊ ဆင်းအင်္ဂါံနှင့်၊
ချမ်းသာခွန်အားသက်ရှည်ပွား၏။
လေးပါးဗြဟ္မစိုရ် ကုသိုလ်သမ္မာ၊
ကင်းကြခါ၌၊ ယက္ခာဓိပ၊ ဣန္ဒာစသား၊
နတ်ကြီးများတို့၊ စိမ်းဝါးကြမ်းခက်၊
သံဘက်ဥပါ၊ မိစ္ဆာရဲဆိုး၊ ဘီလူးမျိုးတို့၊
စောင့်စိုးမအုပ်၊ မချုပ်သော့အား၊
ပေါက်လွတ်ထား၍၊
လူများဘေးရောက်၊ သေပျောက်ဥပဒ်၊
များသတတ်တည့်၊၊
မှတ်လော့ တစ်သွယ်၊ လူတို့ဝယ်လျှင်၊
ကြီးငယ်အများ၊ မင်းပုဏ္ဏားက၊
ကောက်ျားမိန်းမ၊ ကြင်ကါလ၌၊
လောဘတရား၊ စရိုက်များလျက်၊
ကြံပွားမဆိတ်၊ ထိုကြောင်းဟိတ်ကြောင့်၊
ဒုဗ္ဘိက္ခန္တရ၊ကပ်ကြီးကျလျက် ငတ်ကြမွတ်ကြ၊ မ၀ရေစာ၊တောင့်တကါလျှင်၊
များစွာသေပျောက်၊ပြိတ္တာရောက်၏။
မိးတောက်တမျှဟုန်းဟုန်းထလျှက်၊
ဒေါသဟိတ်လွန်၊ပြန့်ပွားဝှန်သော်၊
သတ္တန္တရ၊ ကပ်ကြီးကျလျှက်၊
သတ်ကြဖြတ်ကြ၊ အာဃာတဖြင့်၊
သောကတုန်မြာက်၊ ငရဲရောက်၏။
ထို့နောက်ဥာဏ၊ နည်းပါးကြကြောင့်၊
နောဟသမုဠာန်၊ ထိုဟိန်လွန်က၊
ရောဂန္တရ၊ ကပ်ကြီးကျလျှက်၊
များလှရောဂါ၊ ဝေဒနာဖြင့်၊
ခန္တာပျက်သူ၊ ပြန့်ပြောထူလျှက်၊
အယူမမှား၊ ချင်းချင်းအားလည်း၊
သနား ကြင်နာ၊ ဂရုနာနှင့်၊
မေတ္တာမကင်း၊ သေကြလျှင်း၍၊
ခပင်းများစွာ သတ္တ၀ါတို့၊
လူ့ရွာနတ်ခြောက်၊ ဖြစ်ရာရောက်၏။
မဖေါက်မှန်စွာကျမ်း၌လာခဲ့၊
လေးဖြာဗြဟ္မစိုရ်၊ ပျက်ယွင်းယို၍၊
အကုသိုလ်မူလ၊ ဟိတ်ပါပတို့၊
ပွားကြကုန်ဘိ၊ ထိုသတ္တိကြောင့်၊
ကလိယုဂ်ဟု၊ သမုတ်သညာ၊
ဝေါဟာရပညတ်၊ ခေါ်ဝေါ်အပ်သား၊
ဆုပ်ကပ်ကါလ၊ ဟာယနနှိုက်၊
လောကလူ့ရွာ၊ သတ္တ၀ါတို့၊
ဓမ္မတာတရား၊ ဟိတ်သုံးပါးနှင့်၊
ကပ်အားတော်ရမည်ကိုကါး။ ။
(မန်လည်ဆရာတော်- မဟာသုတကာရီမဃဒေ၀ လင်္ကါံသစ်)
သုခိ အတ္တာနံ ပရိဟရန္တု
၁၁.၁၁.၂၀၁၂ (တနင်္ဂံနွေနေ့)
မိန်းကလေးတွေအတွက် အကြံဥာဏ်(၁၄)ချက်
(၁) စာဖတ်ဝါသနာရှိပါစေ
... (၂) အဆင့်အတန်းရှိပါစေ
(၃) ဘဝထဲကအလှတွေကို ရှာဖွေတတ်ပါစေ
(၄) အတွေးအခေါ်ကောင်းသူတွေနဲ့ မိတ်ဆွေဖွဲ့တတ်ပါစေ
(၅) အနှစ်သာရမရှိတဲ့ ရုပ်ရှင်ကားတွေကို ဝေးဝေးရှောင်နိုင်ပါစေ
(၆) သည်းခံခွင့်လွှတ်တတ်ဖို့ သင်ယူနိုင်ပါစေ
(၇) ကျန်းမာတဲ့စိတ်နှလုံး မွေးမြူနိုင်ပါစေ
(၈) လှပတင့်တယ်ခြင်းက သင်ရဲ့ရင်းနှီးမြှပ်နှံမှုဖြစ်ပါစေ
(၉) ဘယ်ယောက်ျားကိုမှအားမကိုးတဲ့ ကိုယ့်ကိုယ်ကိုရှင်သန်နိုင်သူ ဖြစ်ပါစေ
(၁ဝ) ငွေရေးကြေးရေး စီမံခန့်ခွဲတတ်အောင် သင်ယူနိုင်ပါစေ
(၁၁) အချစ်နဲ့ အိမ်ထောင်ရေး အတူတကွပူးတွဲနေပါစေ
(၁၂) ယောက်ျားတွေနဲ့ တန်းတူညီမျှ ရင်ဘောင်တန်းနိုင်ပါစေ
(၁၃) သင့်စိတ်ကူးအိပ်မက်ကို ကူညီအကောင်အထည်ဖော်ပေးမယ့် ယောက်ျားကိုရှာယူနိုင်ပါစေ
(၁၄) နုပျိုခြင်းကို စွန့်လွှတ်ရသည့်တိုင် အပြုံးကိုချိတ်ဆွဲထားနိုင်ပါစေ။
ဇာဇာနှင်း
